ဇူလိုင် ၊၂
မန္တလေးတိုင်း ၊မြင်းခြံအကျဉ်းထောင်အတွင်းမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃ ဦးကို စစ်ကောင်စီက အကြောင်းမဲ့ ရိုက်နှက်နှိပ်စက်တာတွေပြုလုပ်ပြီးနောက် ထောင်ပြောင်းရွှေ့တာတွေလုပ်လိုက်တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ယက်ဗဟိုကော်မတီဝင် ကိုရှင်းသန့်က ပြောပါတယ်။
အဲဒီနိုင်ငံရေး အကျဉ်းသား ၁၃ ဦးကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်လောက်မှာ မကွေးအကျဉ်းထောင်နဲ့သရက်အကျဉ်းထောင်တွေကို ခွဲပို့လိုက်တယ်လို့ သူကဆိုပါတယ်။
“ ထောင်ကပက်သက်တဲ့ သူတွေဆီကပဲပြန်သိရတာပေါ့ သရက်နဲ့မကွေးထောင်ကိုပို့မယ်ပြောတာပေါ့ ။၁၃ ဦးလုံးကိုရွှေ့တာပေါ့ “ လို့ သူကဆိုပါတယ်။
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရတဲ့ ကိုကျော်မင်းနိုင်၊ ကိုသက်မောင်မောင်၊ ကိုကျော်မျိုးတင့်၊ ကိုဇော်ဇော်အောင်၊ ကိုဥက္ကာ၊ ကိုဇော်လှိုင်း၊ ကိုစိုးရာဇာထွန်းလွင်၊ ကိုမင်းသွေး ၊ ကိုအောင်မျိုးသန့်၊ကိုကျော်စိုးလွင် ၊ ကိုဇော်ရဲထက်၊ ကိုထက်ဦးမာန် ၊ ကိုကျော်ဇင်ဦး တို့ကို ထောင်ပြောင်းရွေ့လိုက်တာပါ။
အဲဒီနိုင်ငံရေး အကျဉ်းသားတွေကို စစ်ကောင်စီက PDF တွေနဲ့ဆက်သွယ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ မေလ ၂၁ ရက်မှာ မြင်းခြံထောင်အတွင်းမှာ ထုတ်ကာ ခမရ ၁၅ ထဲကိုခေါ်ဆောင်ပြီး ရိုက်နှက်စစ်ဆေးတာတွေလုပ်ဆောင်ခဲ့သလို မေလ ၂၉ ရက်ထောင်အတွင်းပြန်ရောက်ချိန်မှာလည်း တိုက်ပိတ်တာတွေလုပ်ဆောင်ပြီး နောက်ဆုံးအခုလိုထောင်ပြောင်းရွေ့လိုက်တာလို့ ဆိုကြပါတယ်။
“ အဲဒီ ၁၃ ဦးကမုံရွာနဲ့ မန္တလေးကလူတွေများတယ်ဗျ ။အများစုက ၂၀၂၁ ခုနှစ်လောက်ကဖမ်းဆီးခံရပြီးအကြမ်းဖက်အမှုတွေနဲ့ တရားစွဲခံရတဲ့သူတွေပေါ့နော်။ သူတို့ကိုရိုက်နှက်ပြီး တော့ထောင်ထဲပြန်ပို့ချိန်တုန်းကဆိုရင်လည်း လမ်းတောင်မလျှောက်နိုင်ဘူးဆိုတဲ့ အခြေအနေတွေပြန်ကြားရတယ် သူတို့ဒဏ်ရာတွေနည်းနည်းသက်သာမှာထောင်ရွေ့လိုက်တာလို့ ယူဆရတာပေါ့ “ လို့ ကိုရှင်းသန့်က ပြောပါတယ်။
လက်ရှိ မြင်းခြံထောင်မှာ အကျဉ်းသား သုံးထောင်နီးပါးလောက်ရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီရဲ့ ဗဟိုကော်မတီဝင် စစ်ကိုင်းတိုင်းဝန်ကြီးချူပ်ဟောင်း ဒေါက်တာမြင့်နိုင် အပါအဝင် မြင်းခြံမြို့ သပိတ်ဦးဆောင်ကော်မတီအဖွဲ့ဝင်တွေကို ဖမ်းဆီးထားတယ်လို့သိရပါတယ်။
ဒါ့အပြင်နိုင်ငံရေးအကျဉ်းသား ၉၈၀ နီးပါးရှိတဲ့အနက် ပြီးခဲ့တဲ့ဇွန်လ အတွင်းမှာ နိုင်ငံရေးအကျဉ်းသား ကိုးရာလောက်ဟာ ထောင်အာဏပိုင်တွေရဲ့ အကြောင်းမဲ့ ရိုက်နိုက်နှိပ်စက်မှုကို ခံစားခဲ့ရတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ယက်ဗဟိုကော်မတီဝင်တွေကဆိုကြပါတယ်။
“ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ပြင်ခေါ်ထုတ်တာကို ထောင်အာဏာပိုင်တွေကမတားပါဘူး။အဲဒီအပြင်အကျဉ်းသားတွေကိုထောင်ဗူးဝမှာ လက်ထိပ်ခတ်ရေနဲ့ပက်တယ်။ကျဉ်စက်နဲ့ထိုးတာပေါ့ ။အဲလိုနှိပ်စက်ခံရသူကဇွန်လထဲမှာဆိုရင် ကိုးရာလောက်ရှိတယ် “ လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ယက်ဗဟိုကော်မတီဝင် ကိုထူးကပြောပါတယ်။
ဒါအပြင် ရန်ကုန်အင်းစိန်အကြောင်းထောင်မှာလည်း ဇွန်လ ၃၀ ရက်မှာ ထောင်ဖောက်ရန်ကြိုးစားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ရိုက်နှက်ခံရသူတွေ ၊ထောင်ပြောင်းရွှေ့လာသူ ဆယ်ဦးလောက်ရှိပေမယ့် မြင်းခြံထောင်ကနိုင်ငံရေး အကျဉ်းသားတွေ ဟုတ်၊မဟုတ်ဆိုတာ အတည်မပြုနိင်သေးဘူးလို့ ဆိုကြပါတယ်။
“မြင်းခြံထောင်မှာရှိကတည်းက မိသားစုနဲ့လုံးဝတွေ့ခွင့်မပေးဘူး ။ထောင်ထဲမှာပဲနေရတယ်။ထောင်ဝင်စာဆိုပါဆယ်ပဲလက်ခံတာပေါ့။ ကျနော်တို့ ရဲဘော်တွေကို ပိုဖိနှိပ်မယ့်နေရာသစ်ကိုပို့လိုက်တာပေါ့ဗျ။ အိမ်ကလာလို့မလွယ်လောက်တဲ့နေရာပို့တယ် ။စားရေးသောက်တာအဆင်မပြေတော့ ရဲဘော်တွေ စိတ်ဓာတ်ကျတာဖြစ်သွားနိုင်တယ်။ သူတို့ပို ဖိနှိပ်ခံရနိင်တဲ့အတွက် အသက်အန္တရာယ်ကအစစိုးရိမ်မိတယ်”လို့ကိုရှင်းသန့်ကပြောပါတယ်။