အိန္ဒိယမှာ ဘတ်စ်ကားမီးလောင်ပြီး လူနှစ်ဒါဇင်ကျော် သေဆုံး

ဇူလိုင်၊ ၁

အိန္ဒိယနိုင်ငံမှာ ဘတ်စ်ကားတစီး မီးလောင်မှုကြောင့် လူနှစ်ဒါဇင်ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

 နိုင်ငံ အနောက်ပိုင်းမှာ ဇူလိုင် ၁ ရက် မနက် အစောပိုင်းက ဘီးပေါက်ရာက အရှိန်မထိန်းနိုင်တဲ့ ဘတ်စ်ကားဟာ လမ်းလယ်ကျွန်းကို ဝင်တိုက်ပြီး တိမ်းမှောက်ရာကနေ မီးစွဲလောင်ခဲ့တာ ဖြစ်ပါတယ်။ မဟာရက်ရှ်ထရာ ပြည်နယ်ထဲက ဘူလ်ဒါဟာနာမှာ ဖြစ်ပွားတဲ့ ဆိုးရွားတဲ့ ယာဉ်မတော်တဆမှုမှာ လူ ၂၅ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

 စင်းလုံးငှား ဘတ်စ်ကားဟာ ပြည်နယ်ထဲမှာရှိတဲ့ နက်ဂ်ပူရာ မြို့ကနေ ပူနေးကို ဦးတည် မောင်းနှင်နေခဲ့တာ ဖြစ်ပါတယ်။ ဘတ်စ်ကားပေါ်မှာ ယာဉ်မောင်းအပါအဝင် လူ ၃၃ ဦး စီးနင်း လိုက်ပါလာခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။ အသက်ရှင် ကျန်ရစ်သူ ၈ ဦးကိုလည်း ဆေးရုံတင်ပို့ထားရပါတယ်။ သူတို့ရဲ့ ဒဏ်ရာ အခြေအနေတွေကိုတော့ တိတိကျကျ မသိရသေးပါဘူး။

 အခင်းဖြစ်ပွားတဲ့ လမ်းပိုင်းကို ပြည်နယ် အဝေးပြေးလမ်း ယာဉ်ထိန်းရဲ အဖွဲ့က ပိတ်ဆို့ထားပြီး နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။

 အိန္ဒိယမှာ အဝေးပြေးလမ်းတွေကို ပြင်ဆင် ထိန်းသိမ်းမှု အားနည်းတာ၊ ယာဉ်တွေရဲ့ အိုဟောင်းပြီး ကြံ့ခိုင်မှု ပြဿနာတွေ ရှိနေတာကြောင့် ဆိုးရွားတဲ့ ယာဉ်မတော်တဆမှုတွေ မကြာခဏ ဖြစ်ပွားတတ်ပါတယ်။

 အိန္ဒိယမှာ နှစ်စဉ် ယာဉ်မတော်တဆမှုတွေကြောင့် သေဆုံးသူ ဦးရေကလည်း ၁ သိန်း ၁ သောင်းကျော်လောက်ထိ ရှိတတ်ကြောင်း သိရပါတယ်။