ထောင်ကလွတ်လာတဲ့ ဆရာတော်ဦးသောဘိတ (အလင်္ကာကြယ်) သတ်ဖြတ်ခံရဟု သတင်းတွေထွက်ပေါ်နေ

ဇွန်၊ ၃၀
 
မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်မှာ အကျဉ်းချခံထားရတဲ့ ဆရာတော်ဦးသောဘိတ (အလင်္ကာကြယ်) ဟာ ထောင်ဒဏ်ကနေ လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာချိန် သတ်ဖြတ်ခံလိုက်ရတဲ့ သတင်းတွေ ထွက်ပေါ်နေတယ်လို့ သပိတ်အင်အားစုတွေဆီက သိရပါတယ်။
 
ဆရာတော်ဟာ ထောင်ကလွတ်လာတဲ့ ရက်မှာပဲ စစ်တပ်ကျောထောက်နောက်ခံ ပြုပေးထားတဲ့ မျိုးချစ်အမည်ခံ အဖွဲ့တွေက ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ စစ်လော်ဘီ တယ်လီဂရန်ချန်နယ်တွေက ဖော်ပြနေကြတာပါ။
 
“ ဒီလ ၂၀ နေ့ ညနေ ၅ နာရီမှာ ထောင်ကနေ ခေါ်ထုတ်သွားတယ်ထိတော့ အတည်ပြုထားနိုင်ပါတယ်။ လက်ရှိတော့ စခတွေရဲ့သတင်းမှာ သတ်လိုက်ကြောင်း တင်ထားတာ တွေ့ပြီး အတည်ပြုဖို့ ကြိုးစားနေဆဲပါ “ လို့ အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး)က တာဝန်ရှိသူတဦးက ပြောပါတယ်။
 
ဆရာတော်ဦးသောဘိတ (အလင်္ကာကြယ်)ဟာ ထောင်က ထွက်လာပြီးနောက် လက်ရှိအချိန်အထိ ဘယ်မှာရှိနေတယ်ဆိုတာ မသိရဘဲ အဆက်အသွယ်ပြတ် ပျောက်ဆုံးနေတယ်လို့ သံဃသမဂ္ဂ (မန္တလေး)နဲ့ နွေဦးတော်လှန်ရေးကွန်ရက်တွေက ထုတ်ပြန်ပါတယ်။
 
“ အသက်အန္တရာယ်ဆုံးရှုံးမှာကို အထူးစိုးရိမ်ရတယ်။ ဒီလိုမျိုး ထောင်ပြင်ပကို ခေါ်ထုတ်တာ နိုင်ငံတကာစံနှုန်းတွေကနေ သွေဖီနေသလို၊ ပြည်တွင်းဥပဒေတွေနဲ့လည်း မညီပါဘူး။ ဒီလုပ်ရပ်ဟာ ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်တာဖြစ်တဲ့အတွက် ပါဝင်ပတ်သက်သူအားလုံးဟာ နိုင်ငံတကာ ရာဇဝတ်ကောင်တွေလို့ ကျွန်တော်တို့က သတ်မှတ်ပါတယ် “ လို့ အဲဒီအဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။
 
လက်ရှိဖြစ်ရပ်တွေကို မှတ်တမ်းယူထားမှာဖြစ်သလို အသွင်ကူးပြောင်းရေးကာလမှာ တရားမျှတမှု ရအောင် ပြန်လည်လုပ်ဆောင်မယ်လို့လည်း သူကဆိုပါတယ်။
 
စစ်အာဏာရှင်ဆန့်ကျင်ရေး ဆရာတော် အဖြစ် လူသိများတဲ့ ဆရာတော်ဦးသောဘိတ (အလင်္ကာကြယ်)ဟာ အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ၊ဖေဖော်ဝါရီ ၁ ရက်ကတည်းက စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတာလို့ သိရပါတယ်။
 
အဲ့ဒီနောက် စစ်ကောင်စီက ဆရာတော်ဦးသောဘိတကို ပုဒ်မ ၅၀၅ (က)အမှုတခုနဲ့ ထောင်ဒဏ်နှစ်နှစ်၊ ပြီးခဲ့တဲ့ ဒီချုပ်အစိုးရလက်ထက်မှာ စစ်တပ်က တရားလိုအဖြစ် တရားစွဲဆိုခဲ့ပြီး ပလပ်ထားတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) အမှုကို ပြန်သုံးကာ ထောင်ဒဏ်နှစ်နှစ် စုစုပေါင်း အမှုနှစ်ခုအတွက် ထောင်ဒဏ်လေးနှစ်ချမှတ်ခဲ့ပါတယ်။
 
ကြားကာလအတွင်း လျှော့ရက်တွေလည်း ခံစားခွင့် ရှိခဲ့တာကြောင့် ဆရာတော် ဦးသောဘိတဟာ ဇွန်လ ၂ဝ ရက်မှာ ပြစ်ဒဏ်စေ့ပြီး လွတ်မြောက်လာမှာဖြစ်တယ်လို့ နွေဦးတော်လှန်ရေး သံဃကွန်ရက်နဲ့ သံဃသမဂ္ဂ (မန္တလေး)တို့ရဲ့ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။
 
ဒါပေမယ့် လွတ်ရက်စေ့ပြီး တပတ်ကျော်ကြာလာတဲ့ လက်ရှိချိန်အထိ ဆရာတော်ဟာ မန္တလေး အိုးဘိုထောင်တွင်းမှာ ရှိမနေသလို အပြင်ကိုလည်း လွတ်မြောက်လာတဲ့ အခြေအနေမရှိဘူးလို့ ဆိုပါတယ်။
 
“ မဟန အနေနဲ့ ဆရာတော်နဲ့ ပက်သက်ပြီး ဘာမှပြောဆိုတာ မရှိဘူး။ စကစကိုကြောက်လို့ အမှန်တရားကို မျက်ကွယ်ပြုပြီး နေကြတဲ့ ဓမ္မကနေ ကင်းကွာနေကြတဲ့ အဖွဲ့အစည်းလို့ပဲ မြင်တယ် “ လို့ အဲဒီအဖွဲ့က တာဝန်ရှိသူတဦးက ဆိုပါတယ်။
 
ဆရာတော် ဦးသောဘိတဟာ ဖမ်းဆီးအကျဉ်းချခံရချိန်ကနေ ထောင်ကလွတ်မြောက်လာတယ်လို့ သိရတဲ့နေ့အထိ ကျန်းမာရေးကောင်းမွန်နေတယ်လို့လည်း သံဃတော်လှန်ရေး အင်အားစုတွေဆီက သိရပါတယ်။
 
ဒါကြောင့် ဆရာတော်ဦးသောဘိတ (အလင်္ကာကြယ်)ကို ဘာသာရေး၊ နိုင်ငံရေးအရ အမြတ်ထုတ်၊ ဝါဒဖြန့်ဖို့အတွက် အသက်အန္တရာယ် ထိခိုက်စေတာ၊ ညှင်းပန်းနှိပ်စက်တာ စတဲ့လုပ်ရပ်တွေ ကျူးလွန်ခဲ့ရင် စစ်ကောင်စီအနေနဲ့ အပြည့်အဝ တာဝန်ခံရမှာဖြစ်တယ်လို့ သံဃတော်လှန်ရေး အင်အားစုတွေနဲ့ နွေဦးတော်လှန်ရေးဘာသာပေါင်းစုံ ကွန်ရက် တို့က ထုတ်ပြန်ထားပါတယ်။
 
အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ သူတို့ကိုမထောက်ခံတဲ့ သံဃာတော်တွေကို ဖမ်းဆီးလူဝတ်လဲကာ ဖမ်းဆီးတရားစွဲဆို ထောင်ချတာတွေ ရှိပေမယ့် အရေအတွက်ဘယ်လောက်အထိ ရှိတယ်ဆိုတာကတော့ DNA က အတည်မပြုနိုင်သေးပါဘူး။
 
“ နိုင်ငံတကာကလည်း နိုင်ကျဉ်းတွေရဲ့ အခွင့်အရေး ဆုံးရှုံးမှု၊ လက်စတုံး ဖျောက်ဖျက်ခံရမှု တွေကို မျက်ကွယ်မပြုဘဲ စကစရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကို တားဆီးနိုင်ဖို့ NUG၊ NUCC စတဲ့အစုအဖွဲ့‌တွေကို အသိမှတ်ပြုပြီး ထိရောက်စွာ ကူညီပေးစေလိုပါတယ် “ လို့ အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး)က တာဝန်ရှိသူတဦးက ပြောပါတယ်။
 
ဓာတ်ပုံ – CJ