စစ်ကိုင်းမှာ ငါးရက်အတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် အယောက်လေးဆယ်နီးပါးကျဆုံး

ဇွန်၊ ၃၀
 
စစ်ကောင်စီကို ခုခံတွန်းလှန်မှု အားကောင်းသလို စစ်တပ်က အဆိုးရွားဆုံး ဖိနှိပ်နေတဲ့ စစ်ကိုင်းတိုင်းထဲမှာတော့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ကောင်စီက ကာကွယ်ရေးတပ်စခန်းတွေကို ဝင်ရောက်စီးနင်းမှုတွေနဲ့ နှစ်ဖက်တိုက်ပွဲကြားမှာ ငါးရက်အတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် အယောက်လေးဆယ်နီးပါးအထိ ကျဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေနဲ့ မြေပြင်သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
မန္တလေးမြို့ရဲ့ အနောက်ဖက် ဧရာဝတီ မြစ်ကမ်းဘေးနားမှာ တည်ရှိတဲ့ စစ်ကိုင်းမြို့ရဲ့ အစွန်းအဖျားက ကျေးရွာတွေကို စစ်အုပ်စုက အခုရက်ပိုင်းအတွင်းမှာပဲ ကုန်းကြောင်း ရေကြောင်းကနေ ထိုးစစ်ဆင်တိုက်ခိုက်နေလို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။
တိုက်ပွဲတွေနဲ့အတူပဲ ကာကွယ်ရေးတပ်စခန်းတွေကို စစ်ကောင်စီဘက်က အလစ်ငိုက်ဝင်ရောက် စီးနင်းတိုက်ခိုက်မှုတွေကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က
ကျဆုံးမှုတွေအကြောင်းကို သက်ဆိုင်ရာ ကာကွယ်ရေးတပ်တွေက ထုတ်ပြန်ကြသလို မြေပြင်သတင်းအရင်းအမြစ်တွေကလည်း ပြောဆိုကြပါတယ်။
မနေ့ဇွန်လ ၂၉ ရက်မနက်ပိုင်းမှာလည်း စစ်ကိုင်းနဲ့ ဝက်လက်မြို့အစပ် စစ်ကိုင်းမြို့ မြောက်ဖက်ရှိ တလိုင်းရွာအနီး စစ်ကိုင်း-ရွှေဘို ဗျူဟာလမ်းပေါ် မှာ စစ်အုပ်စုနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေ ထိတွေ့မှု ဖြစ်ပွါးခဲ့လို့ တော်လှန်ရေးရဲဘော် (၁၄)ဦးအထိ ကျဆုံးခဲ့ပါတယ်။
အင်အား ၄၀ လောက်ပါတဲ့ စစ်အုပ်စုဟာ မန္တလေးဘက်ကနေ ဧရာဝတီမြစ်အတိုင်း သံခွန်တစ်စီး၊ စပိဘုတ် သုံးစီးနဲ့ ဆန်တက်လာပြီး စစ်ကိုင်းမြို့ မြစ်ကမ်းဘေးရှိ အုတ်ဖိုရွာကို စတင်စီးနင်းဝင်ရောက်ကာ အဲ့ဒီကမှ တလိုင်းရွာဖက်ကို ဆက်လက်ဝင်ရောက်ခဲ့တာပါ။
ကျဆုံးသွားတဲ့ ရဲဘော်တွေထဲမှာ စစ်ကိုင်းခရိုင် PDF တပ်ရင်း (၃)က ဒု-တပ်ရင်းမှူး၊ တပ်ခွဲမှူးနဲ့ တပ်စိပ်မှူးတွေအပါအဝင် ၉ ဦးအထိ ပါဝင်ခဲ့ပြီး တပ်ရင်း (၁) က ၂ ဦးနဲ့ ပြင်ဦးလွင်ခရိုင် ပြည်သူကာကွယ်ရေးအဖွဲ့ က ၃ ဦး ပါဝင်ခဲ့တယ်လို့ တော်လှန်ရေး ရဲဘော်တွေက အတည်ပြုပြောဆိုကြပါတယ်။
“ မနေ့က သူတို့ ၆ ခွဲလောက်ကို သူတို့က သံခွန်နဲ့ အင်အား ၄၀ လောက် လာချသွားတယ်။ အခုဖြစ်တဲ့ တလိုင်းရွာနားလေးကို ရောက်လာတာ၊ ကျနော်တို့ဘက်က ရဲဘော်တွေက လမ်းကြောင်းရှိတာကို ပိတ်မိသွားတာပေါ့၊ တလိုင်းရွာကို စစ်သားတွေ မရောက်သေးဘူးအထင်နဲ့ သွားလိုက်မိတာပေါ့၊ အဲ့မှာ ထိတွေ့မှုဖြစ်ပြီး ကျသွားတာပါ။ ကျနော်တို့ စီးလာတဲ့ ကားက အသံတအားမြည်တယ်ဗျ အဝေးကတည်းက သူတို့က မြင်လောက်တယ်၊ ပဒမ်တွေပါတာလည်းမြင်ရော ပစ်ကြတာပေါ့တခါတည်း။ ကားသမားကို အဓိကထား ပစ်တယ် အဲနားမှာတင်ကား သမားကျတော့ ဆွဲထုတ်ကြရင်း ဘေနားက ပဲခင်းထဲ နေရာယူပစ်ကြရင်း အကုန်ကျသွားတယ် “ လို့ စစ်ကိုင်းခရိုင် PDF တပ်ရင်း (၃) ရဲဘော်တဦးက DNA ကိုပြောပါတယ်။
ဒါ့အပြင် တိုက်ပွဲမှာ စနိုက်ပါ ၁ လက်၊ Type 81 ၇ လက်၊ KA 25 ၃ လက်၊ SIG Sauer P 320 ၁ လက်၊ လက်ပစ်ဗုံး ၁၀ လုံး၊ အိုင်ကွန် ၆ လုံး၊ လက်လုပ်ဗုံး အများအပြားကိုလည်း ဆုံးရှုံးလိုက်ရတယ်လို့ ဆိုပါတယ်။
အလားတူပဲ စစ်ကိုင်းမြို့နယ်၊ ကင်းတော်ရွာ PDF စခန်းကို ပြီးခဲ့တဲ့ဇွန်လ ၂၅ ရက်က စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းခဲ့တဲ့ ဖြစ်စဉ်မှာတော့ ရဲဘော် ၁၅ ဦးနဲ့ ရဲမေ နှစ်ဦးစုစုပေါင်း အယောက် ၂၀ နီးပါးအထိ ကျဆုံးခဲ့ပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ သူတို့သတ်ဖြတ်လို့ သေဆုံးခဲ့တဲ့ PDF ရဲဘော်၊ ရဲမေ ၁၇ ဦးအနက် ရဲဘော်အချို့ကို မီးရှို့သွားခဲ့ပြီး သူတို့ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့တဲ့ ရဲမေနှစ်ဦးကိုတော့ ဝိုင်းဝန်းနှိပ်စက်ထားတဲ့ ဒဏ်ရာတွေနဲ့ ပစ်ထားခဲ့တာ ဖြစ်တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ နီးစပ်သူက ဆိုပါတယ်။
အဲ့ဒီစီးနင်းမှုနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေမှာတော့ စစ်ကိုင်းမြို့နယ် ကင်းတော်ကျေးရွာ၊ ဥယျာဉ်ကျေးရွာနဲ့ လက်ပံတောကျေးရွာ တွေအနီးမှာ PDF တပ်တွေ ရှိနေတယ်ဆိုတဲ့ သတင်းအရ သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဖော်ပြပါတယ်။
စစ်ကောင်စီဘက်က အခုလို စခန်းတွေကို စီးနင်း အလစ်ငိုက်တိုက်ခိုက်မှု တွေနဲ့ပတ်သက်လို့ တော်လှန်ရေး အဖွဲ့တွေအနေနဲ့ စစ်အုပ်စုရဲ့ ကင်းပုန်းတွေကို သတင်းကြိုတင်ထောက်လှမ်းပြီးမှ သွားလာသင့်တယ်လို့ ဆိုကြပါတယ်။
“ ကျနော်တို့ တန့်ဆည်တိုက်ပွဲမှာ ကိုယ့်ဘက်ကရဲဘော်တွေ ကျတာ နည်းတယ်။ ဘယ်နေရာ အားသာလည်းဆိုတော့ သူတို့ကင်းပုန်းတွေကို သိတာပေါ့နော်။ လမ်းကြောတစ်ခု ရှင်းတာဖြစ်ဖြစ် မြေပြင်တခု သွားတာဖြစ်ဖြစ်ပေါ့၊ သတင်းကို သေချာထောက်လှမ်း သွားစေချင်တယ်။ အခုက အရှေ့မှာ အစောင့်ရှိတဲ့ ပုံစံမျိုးနဲ့ ထွက်ထွက်သွားတဲ့ ပုံစံမျိုး အနေအထားမှာ ရဲဘော်တွေက ကြားမှာ သုတ်ခံနေရတာ၊ အများအားဖြင့် စစ်ကြောင်းစီသုံးတာက နဂါးပတ်စစ်ကိုသုံးတာ၊ ရှေ့မှာ အယောင်ပြထားပြီး ဘယ်တက်ညာတက်ဝိုက်တက်တွေနဲ့ သုံးတဲ့အခါမှာ နောက်ကျောက ဝင်လာတဲ့ တပ်ကူသွားရင် အဲ့လိုတွေ့တာများနေတာ၊ ရန်သူ့ဗျူဟာပေါ့ ဘယ်လိုသုံးတယ်ဆိုတာ အခြေခံပြီးတော့ ကောင်တာပြန်လုပ်နိုင်ရင် ကောင်းတာပေါ့၊ စစ်သင်တန်းကို ပေးနိုင်မှ ဟာကွက်ကို ပိတ်နိုင်မှာပေါ့ “ လို့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်မှာဆိုရင်လည်း စစ်ကောင်စီတပ်တွေ နေ့စဉ်စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့ စစ်ကိုင်းတိုင်း ခင်ဦးနယ်ထဲမှာ စစ်ကောင်စီစစ်ကြောင်းကို မိုင်းထောင်ဖို့ ကြိုးစားရင်း မိုင်းမတော်တဆမှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးခဲ့ပါတယ်။
ရွှေဘိုဘက်ကနေ ခင်ဦးဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ဖို့ မိုင်းထောင်အပြီး လမ်းကြောင်းအခြေအနေအရ မိုင်းပြန်ဖြုတ်ချိန်မှာ
မတော်တဆဖြစ်ပွားခဲ့တာလို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးဘက်က တာဝန်ရှိသူက ဆိုပါတယ်။
ဒီအခြေအနေတွေကြောင့် အခုရက်ပိုင်းအတွင်းမှာတင် ကျဆုံးခဲ့တဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်ပေါင်း ၄၀ နီးပါး ရှိနေပြီဖြစ်တယ်လို့ မြေပြင်သတင်းအချက်အလက်တွေအရ သိရပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းမြို့နယ်နဲ့ ဝက်လက်မြို့နယ် အစပ်ရှိ ကျေးရွာတွေကို စစ်ကြောင်းထိုး မွှေနှောက်နေတာကြောင့် ဝက်လက်မြို့အရှေ့ဖက်ရှိ ကျေးရွာတွေဟာ ထွက်ပြေးနေရှောင်နေရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
စစ်အုပ်စု ဝင်ရောက်လာတဲ့ ကျေးရွာက ပြည်သူတွေမှာ နီးစပ်ရာ တောတွေက အရိပ်ရအပင်တွေနဲ့ စိုက်ခင်းတွေထဲမှာ မိုးကာတဲတွေ ဆောက်လုပ်ပြီး စစ်ရှောင်ကြရလေ့ ရှိတဲ့အတွက် အစားသောက်အပါအဝင် ဆေးဝါးလိုအပ်ချက်က အမြဲတစေ ဖြစ်နေတယ်လို့ စစ်ရှောင်ကူညီထောက်ပံ့နေသူတွေက ဆိုကြပါတယ်။
“ တရွာကို လူဦးရေက ၃၀၀၀ လောက်ရှိတယ်ဆိုရင် ငါးရွာဆိုရင် ၁၅၀၀၀ ခွဲ အဲ့လိုဖြစ်သွားမှာပေါ့။ စစ်ကြောင်းလာမှာ ကျနော်တို့က ရှောင်ရတာလေ မြို့ပေါ်ကလူတွေ ကူညီတာရှိသလို သပိတ်ကော်မတီတွေကလည်း ကူတာရှိတယ်၊ ဒီလိုမျိုးနဲ့ ရပ်တည်ရတာပေါ့၊ ယာရှိတဲ့သူက ယာလုပ် မရှိတဲ့သူတွေကျတော့ ထိုင်စားကြပေါ့ အဲလိုပုံစံ နေရတယ်။ အထိုင်စစ်ဘေးရှောင် တခုဆိုရင် ဝမ်းပျက်ဝမ်းရှောဖြစ်တာပေါ့ အခုကျနော်တို့ကို ဟန်လင်းဖက်က စစ်ဘေးရှောင်တွေက ဆေးကူညီတောင်းထားတာ ရှိတယ်၊ တုပ်ကွေးရာသီဖြစ်တော့ ဖျားနာတာ ရှိတယ်။ ကျန်းမာရေးဝန်ထမ်းကတော့ အဲ့ကျေးရွာမှာ CDM ဝင်ထားတဲ့ ဆရာရှိရင် သူကပဲ ကုပေးနေတာပေါ့ “ လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ကိုလွင်မိုးသန့် က ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဒီကနေ့ ဇွန်လ ၂၉ ရက် ညနေပိုင်းအထိ စစ်ကိုင်းမြို့မြောက်ဖက်ပိုင်းက စမွန်း၊ ခက်ခ၊ ပဒူ စတဲ့ကျေးရွာတွေဖက်ကို စစ်ကြောင်းထိုးနေပြီး အဲဒီဒေသဖက်က တော်လှန်ရေးတပ်ဖွဲ့တွေနဲ့လည်း ထိတွေ့တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ၂ နှစ်အတွင်း နိုင်ငံတဝန်းမှာ တိုက်ပွဲပေါင်း ၉၃၀၀ ကျော်ဖြစ်ပွားခဲ့ပြီး ဒီတိုက်ပွဲတွေမှာတော့ စစ်ကိုင်းတိုင်းက တိုက်ပွဲတွေ ဒုတိယအများဆုံး ဖြစ်ခဲ့တယ်လို့ ISP Myanmar က ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၃ မေလအထိ မြန်မာတစ်နိုင်ငံလုံးမှာ ပြည်တွင်းနေရပ်စွန့်ခွါထွက်ပြေးရသူဦးရေဟာ ၁ ဒသမ ၈ သန်းကျော်အထိ ရှိတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှု ပေါင်းစပ်ညှိနှိုင်းရေးရုံး ( UNOCHA ) က ထုတ်ပြန်ထားပါတယ်။
အဲဒီအထဲကမှာ ၁ ဒသမ ၅ သန်းလောက်ဟာ ၂၀၂၁ ဖေဖော်ဝါရီလ အာဏသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်တိုက်ပွဲတွေကြား ထွက်ပြေးတိမ်းရှောင်ရသူတွေဖြစ်ပါတယ်။
 
ဓာတ်ပုံ – Ko Pyay
ပုံစာ- စစ်ကိုင်းတိုင်းအတွင်းမှာ တွေ့ရတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ (ပုံဟောင်း)။