မန္တလေးက ရွှေဆိုင်နဲ့ ရွှေသန့်စင်လုပ်ငန်း ၁၂ ခု ပိုင်ရှင်တွေကို နှစ်ပတ်ကြာတဲ့အထိ ပြန်မလွှတ်သေး

ဇွန်၊​ ၂၉
 
မန္တလေးမြို့က ရွှေရောင်းဝယ်ရေး လုပ်ကိုင်သူနဲ့ ရွှေသန့်စင်ရေးလုပ်ငန်း ဆောင်ရွက်တဲ့ လုပ်ငန်း ၁၂ ခု ပိုင်ရှင်တွေကို စစ်ကောင်စီလက်အောက်ခံ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ)က နှစ်ပတ်ကြာတဲ့အထိ ဖမ်းဆီးထိန်းသိမ်းထားဆဲ ဖြစ်တယ်လို့ အဲဒီလုပ်ငန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
 
“ အခုထိတော့ တယောက်မှာ ပြန်လွတ်မလာသေးပါဘူး။ စောင့်ကြည့်ဆဲလို့ပဲ ပြောရမလားပေါ့နော် ဘာဖြစ်လို့လည်းဆိုတော့ အမှုဖွင့်တာမျိုး ကိစ္စတွေလည်း မရှိသေးဘူးလေ။ ဘာဆက်လုပ်မယ်ဆိုတာမျိုးလည်း ဘယ်သူမှသူတို့ တိတိကျကျမပြောဘူး “ လို့ ရွှေလုပ်ငန်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
 
အဲဒီရွှေလုပ်ငန်းရှင် ၁၂ ဦးကို ဒီလ ၁၅ ရက်နေ့ကတည်းက စစ်ကောင်စီက ဖမ်းဆီးပြီး စစစ ရုံးမှာ စစ်ဆေးမှုတွေ လုပ်နေတာလည်း ဖြစ်ပါတယ်။ ရွှေလုပ်ငန်းရှင် ၁၂ ဦးဟာ ဘယ်သူဘယ်ဝါဆိုတာ ထုတ်ဖော်မပြောကြပေမယ့် နာမည်ကြီး ရွှေဆိုင်ပိုင်ရှင်တွေ ပါဝင်သလို ရွှေစျေးကစားတွေ စစ်ဆေးတွေ့ရှိပါကာ အရေးယူခံရနိုင်တယ်လို့ ရွှေလုပ်ငန်းနဲ့ နီးစပ်သူတွေက ဆိုပါတယ်။
 
ဒီလ အစောပိုင်းတုန်းကလည်း မန္တလေးမြို့တော်စည်ပင်သာယာရေး နယ်နမိတ်အတွင်းရှိ ရွှေဆိုင်တွေနဲ့ ရွှေသန့်စင်လုပ်ငန်းတွေကို စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်၊ ထွေအုပ်၊ တရားဥပဒေ စိုးမိုးရေးအဖွဲ့ တွေက ပူးပေါင်းပြီး စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။
 
စစ်ကောင်စီလက်အောက်ခံ ရွှေနဲ့ ငွေကြေးစျေးကွက် စောင့်ကြည့်ကြပ်မတ်ရေးလုပ်ငန်း ကော်မတီက ဦးဆောင်ကာ စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့သလို ငွေကြေးခဝါချမှုနဲ့ ရွှေစျေးကစားရင် အရေးယူတာတွေ လုပ်ဆောင်မယ်လို့ ပြောဆိုထားတာပါ။
 
အဲဒီနောက် ရွှေဆိုင်တွေနဲ့ ရွှေသန့်စင်လုပ်ငန်းတချို့က ပြည်ပနဲ့ တရားမဝင် နိုင်ငံခြားငွေလွှဲပို့ခြင်းလုပ်ငန်းတွေ ဆောင်ရွက်နေတာတွေကို သံသယဖြစ်ဖွယ် အထောက်အထားတွေ တွေ့ရတယ်ဆိုပြီး လူ ၅၁ ဦးနဲ့ ကုမ္ပဏီတခုကို ဥပဒေအရ အရေးယူနိုင်ဖို့ ပြင်ဆင်နေတယ်လို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။
 
ဒါပေမယ့် အဲဒီလူပုဂ္ဂိုလ်တွေနဲ့ ကုမ္ပဏီတွေက ဘာတွေလုပ်ဆောင်တယ် ဘယ်လိုပုဒ်မတွေနဲ့ အရေးယူတယ် ဆိုတာကိုတော့ အသေးစိတ်မထုတ်ပြန်ပါဘူး။
 
ရွှေလုပ်ငန်းရှင်တွေ ဖမ်းဆီးခံရပြီးနောက် မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ဒီလ ၁၉ ရက်က စပြီး မီးလင်းရွှေတွေကို တကျပ်သား ကျပ်သိန်းသုံးဆယ်ကျော်လောက်နှုန်းနဲ့ ဒီကနေ့ အထိရောင်းချပေးနေတာလည်း ဖြစ်ပါတယ်။
 
ရွှေစျေးကျဆင်းလာစေဖို့ စစ်ကောင်စီက ရန်ကုန်နဲ့ မန္တလေးက ရွှေလုပ်ငန်းရှင်တွေကို အခုလိုဖမ်းဆီး စစ်ဆေးတာတွေကို ဖိအားပေး လုပ်နေပေမယ့် အခေါက်ရွှေတကျပ်သားကို ပြင်ပမှာ ကျပ် သုံးဆယ့်နှစ်သိန်းသုံးသောင်းကျော်အထိ မြင့်တက်နေသလို အခေါက်ရွှေကို အရောင်းအဝယ်မလုပ်တော့ဘူးလို့ ရွှေလုပ်ငန်းနီးစပ်သူတွေက ပြောပါတယ်။
 
“ ရွှေဆိုင်တွေက ဘာလုပ်လာလည်းဆိုတော့ ဥပမာရွှေဆိုင်ကို ရွှေစျေးမေးလိုက်ရင် သူတို့ကတော့ ၂၉ သိန်းဝန်းကျင်လောက်ပဲ ပြောလိမ့်မယ် တကယ်တမ်း သွားဝယ်ရင် အဲစျေးနဲ့ မရဘူး ၃၂ သိန်းလောက်နဲ့ ရောင်းပေးတာပေါ့။ မသိရင်တော့ ရွှေစျေး ကျသလို လုပ်တာပေါ့ “ လို့ အသက်သုံးဆယ်အရွယ် အရောင်းဝန်ထမ်း အမျိုးသမီးတဦးက ပြောပါတယ်။
 
စစ်တပ်ကအာဏာမသိမ်းခင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှာ အမေရိကန်တဒေါ်လာကို ၁၈၀၃ – ၁၉၅၈ကျပ်၊ ရွှေတကျပ်သားကို ၁၃ သိန်းကျော် ရှိခဲ့တာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလမှာ ရွှေတကျပ်သား ၃၅ သိန်းနဲ့ တဒေါ်လာကို ၄၁ဝဝ ကျပ်ဝန်းကျင်အထိ အမြင့်ဆုံး စျေးတက်ခဲ့ပါသေးတယ်။
 
ဓာတ်ပုံ – Social Media