ကလေးမြို့၊ သာစည်ကျေးရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး မီးတင်ရှို့ပြန်

ဇွန်၊ ၂၉
 
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ သာစည်ကျေးရွာ ကို စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေက ဒီကနေ့ ဇွန် ၂၉ ရက်နေ့ ညနေပိုင်းမှာ ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
” ညနေ သုံးနာရီဝန်းကျင်လောက်ကစ လက်နက်ကြီးတွေနဲ့ မြို့ပေါ်ကနေ တဂျိန်းဂျိန်း ပစ်နေတာ။ ခုရှို့တာလည်း ကားလမ်းမကြီးဘေးက အိမ်တွေပဲ။ ဘယ်နှအိမ်လောင်တယ်ဆိုတာတော့ မသိရသေးဘူး။ ရွာမှာလည်း လူတွေ မရှိတော့ဘူးလေ ” လို့ ကလေးဒေသခံတဦးက ပြောပါတယ်။
 
ကလေးမြို့ပေါ်က စစ်ကောင်စီတပ်ဟာ သာစည်ကျေးရွာကို ခုဇွန်လအတွင်း သုံးကြိမ်မြောက် မီးရှို့တာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဇွန် ၁၆ ရက်ကလည်း စစ်ကောင်စီတပ်က သာစည်ရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး လမ်းမကြီးဘေးက ထမင်းဆိုင်တဆိုင်နဲ့ စက်ပစ္စည်းတွေ ရောင်းတဲ့ဆိုင်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
 
ဇွန်လ ၂၅ ရက်မှာတော့ သာစည်ရွာ ဝန်းကျင်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီစစ်ကြောင်းက သာစည်ရွာက နေအိမ်လေးလုံးကို မီးရှိူ့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
 
ဒီကနေ့ ဇွန် ၂၉ ရက်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီး တွေက သာစည်ကျေးရွာကို မီးရှိူ့ရာမှာ လောင်ကျွမ်းပျက်စီးတဲ့ အိမ်အရေအတွက်နဲ့ တိုက်ပွဲဖြစ်ပွါးခြင်း ရှိ၊ မရှိ ကို အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
 
” ဒီတခါတော့ လောင်တဲ့အိမ်ခြေက များနိုင်တယ်ဗျ။ ခုထိ မီးက လောင်နေတုန်း ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
သာစည်ကျေးရွာဟာ ကလေးမြို့တောင်ဘက် သုံးမိုင်အကွာ ဂန့်ဂေါ-ကလေး လမ်းမကြီးဘေးက အိမ်ခြေတထောင်ကျော်ရှိတဲ့ ကျေးရွာကြီး ဖြစ်ပါတယ်။
 
သာစည်ရွာရဲ့တောင်ဘက် နှစ်မိုင်ဝန်းကျင် ဇင်းကလင်းကျေးရွာ မှာ စစ်ကောင်စီက တပ်စခန်းချထားပြီး ဒီကနေ့မှာတော့ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းအစွန် ပျူစောထီးကျေးရွာဖြစ်တဲ့ ဟံသာဝတီ၊ မြောက်ခင်ရန်း က ပျူစောထီးတွေကို ရဟတ်ယာဥ်နဲ့ သွားခေါ်အင်အားဖြည့်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
ဓာတ်ပုံ – CJ