ဝက်လက်မြို့မှာစစ်ကောင်စီတပ်က ပစ်လို့ စစ်ရှောင်အမျိုးသမီးတဦးသေဆုံးပြီး ကလေးတဦး အပါအဝင်နှစ်ဦးဒဏ်ရာရ

ဇွန်၊ ၂၉

 စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် ၊ စမွန်းကျေးရွာကိုဇွန်လ ၂၉ ရက် ဒီကနေ့မနက်မှာ စစ်ကောင်စီတပ်က စီးနင်းဝင်ရောက်စဉ် ထွက်ပြေးတဲ့ စစ်ရှောင်တွေကို လိုက်လံပစ်ခတ်တာကြောင့် အမျိုးသမီး တဦးသေဆုံးခဲ့ပြီးကလေးငယ်တဦးနဲ့ နောက်ထပ်အမျိုးသမီးတဦးဒဏ်ရာရခဲ့တယ်လို့ စုံစမ်းသိရပါတယ်။ အင်အားတရာကျော်ပါ စစ်ကောင်စီစစ်ကြောင်းဟာ ဒီကနေ့မနက် ၅ နာရီခန့်မှာ စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် ထန်းကြီးရွာဘက်ကနေ စမွန်းရွာကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်တယ်လို့ ကိုယ်တွေ့ကြုံရသူတွေက ဆိုပါတယ်။

 “အိပ်ယာထတဲ့ခါပေါ့ ။အိပ်ယာထတယ်ဆိုသေနတ်သံကြားရတာပဲ။ ကြားရတော့ လာပြီလာပြီဆိုပြီး အော်သံပဲကြားလိုက်တယ် ။ စမွန်းသချိုင်းကုန်းအကုန်ထွက်ပြေးတာပေါ့။စစ်ဘေးရှောင်တွေအကုန်လုံးကတော့ ဘုန်းကြီးကျောင်းဘေးမှာ သူတို့နဲ့ကျတော့ ဒီလိုပဲ တလဟောကြီးမြင်နေရတယ်’’လို့ကိုယ်တွေ့ကြုံခဲ့ရသူ တဦးက ပြောပါတယ်။ 

အဲဒီလိုစစ်ကောင်စီတပ်က ဝင်စီးတာကြောင့်ဒေသခံတွေသာမက စစ်ရှောင်တွေပါ ထွက်ပြေးရသလို စစ်ရှောင်တွေတင်ဆောင်ကာ ဘေးလွတ်ရာထွက်ပြေးဖို့ကြိုးစားတဲ့ ကားတစီးပေါ်က သူတွေ သေနတ်ထိမှန်ပြီးသေဆုံး၊ဒဏ်ရာရခဲ့ကြတာပါ။

 ‘’သူတို့ကပစ်တော့ကျွန်တော်တို့လည်း ကားကိုနောက်ထိဆုတ်တယ်။ သူတို့ကတော့ ကျွန်တော်မောင်းတဲ့ဟာကို မောင်းတဲ့သူကို အဓိကထားပစ်လိုက်တယ် ။ကျွန်တော်က လှည့်မောင်းတော့ ကျွန်တော်မှာတော့ အထိခိုက်မရှိဘူး ။ကလေးတယောက်ကခေါင်းထိတယ်။ တယောက်က လက်မောင်းမှန်တယ်။ပွဲချင်းပြီး‌တယောက်ပါတယ် “ လို့ ကိုယ်တွေ့ကြုံခဲ့ရတဲ့ဒေသခံကားမောင်သူတဦးက ပြောပါတယ်။ 

စစ်ကောင်စီတပ်က စမွန်းသချိုင်းကုန်း ကနေ ပစ်ခတ်နေတာကြောင့် ကားကိုနောက်ဆုတ်ပြီး ခရီးသည်တွေ တင်ပြီး အထွက်မှာ ကားသမားကိုချိန်ပြီးပစ်ပေမယ့် ခေါင်းငုံ့မောင်းတာကြောင့် ရှေ့မှန်နဲ့ဘေးမှန် နှစ်ချပ်ကွဲပြီး နောက်ကခရီးသည်(စစ်ရှောင်ဒေသခံ) တွေကို တိုက်ရိုက်ထိမှန်သွားတာလို့လည်းဆိုပါတယ်။ အဲဒီလိုပစ်ခတ်လို့ အသက် ငါးဆယ်အရွယ် ဒေါ်ခင်မမ ဟာနဖူးကျည်ထိမှန်သေဆုံးကာ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတဦး လက်မောင်းထိမှန်ဒဏ်ရာရပြီး အသက် ခြောက် နှစ်အရွယ် ယောက်ကျ်ားလေးတဦး ဦးခေါင်းထိမှန်ဒဏ်ရာရတာလို့ ဆားတောင်မြို့ပြပြည်သူ့ ကာကွယ်ရေးအဖွဲ့က ထပ်မံအတည်ပြုပါတယ်။

 “ စမွန်းပကဖ တစ်ယောက်က ကျွန်တော်တို့ကို လှမ်းဖုန်းဆက်တယ် ။ဖုန်းဆက်တော့ဗျာ ။ကားကဒီလိုပဲ ကျည်ထိမှန်လာတာပေါ့ဗျာ ။လူတယောက်လည်းသေတယ် ။ကျန်တဲ့သူတွေလည်း ဒဏ်ရာရတယ်။ မြန်မြန်လာပေါ့ လို့ခေါ်တော့ ကျွန်တော်တို့သွားခေါ်တယ်။သေတဲ့သူကို ကျွန်တော်တို့က မြေမြှပ်ပေးလိုက်တယ် “ လို့ အဲဒီအဖွဲ့ တာဝန်ရှိသူကပြောပါတယ်။ 

စစ်ကောင်စီတပ်နဲ့ စမွန်းပြည်သူ့ကာကွယ်ရေးတပ်တို့ဒီကနေ့မနက်မှာပဲ ထိတွေ့တိုက်ပွားဖြစ်ပွားခဲ့ပြီး နှစ်ဖက်အကျအဆုံးအထိအခိုက်မသိရသေးကြောင်းနဲ့ စစ်ကောင်စီက ဖမ်းခေါ်သွားတဲ့ အရပ်သားအများအပြားရှိနေပေမယ့် အရေအတွက် မသိရသေးဘူးလို့လည်း ဖြည့်စွက်ပြောပါတယ်။

 လက်ရှိ အဲဒီစစ်ကောင်စီ စစ်ကြောင်းဟာ ခပ်ခကျေးရွာဘက်မှာ စခန်းချနေပြီး စမွန်းနဲ့ စဥ့်ကိုင်းမှာ စစ်ကြောင်းသုံးကြောင်းခွဲ နေရာယူထားပေမယ့် လက်ရှိမှာတော့ နှစ်ဖက် တိုက်ပွဲအခြေအနေငြိမ်သက်နေတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီစစ်ကြောင်းဟာ စစ်ကြောင်းထိုးစီးနင်း ဝင်ရောက်လာမှုကြောင့် စမွန်းကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင်ကျေးရွာတွေက အရပ်သားအများအပြားစစ်ရှောင်နေရတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

Photo-ဆားတောင်ပကဖ