စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တာ ရပ်တန့်ဖို့ အိန္ဒိယကို CRPH တိုက်တွန်း

ဇွန်၊​၂၈

အိန္ဒိယနိုင်ငံအနေနဲ့အာဏာသိမ်းစစ်ကောင်စီနဲ့ စီးပွားရေး၊ သံတမန်ရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်နေမှုတွေကို ရပ်တန့်ဖို့ကိုယ်တိုင်ဖြစ်စေ၊ အမေရိကန်နဲ့ ပူးပေါင်းပြီး ဖြစ်စေ စစ်ကောင်စီအပေါ် အဘက်ဘက်က ပိတ်ဆို့ ဖိအားပေးမှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့ CRPH က တိုက်တွန်းပါတယ်။ 

ဇွန်လ ၂၂ ရက်က အမေရိကန်နဲ့ အိန္ဒိယတို့ရဲ့ ပူးတွဲထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CPRH) က ဇွန်လ ၂၈ ရက် ဒီကနေ့ ထုတ်ပြန်ကြေညာချက်မှာ အဲဒီလိုတောင်းဆိုတိုက်တွန်းထားတာပါ။

မြန်မာနဲ့အိန္ဒိယတို့ဟာ ကိုလိုနီနယ်ချဲ့ စနစ်အောက်မှလွတ်လပ်ရေးကြိုးပမ်းမှုအပါအဝင် သမိုင်းအစဉ်အလာအားဖြင့် နက်ရှိုင်းတဲ့ ဆက်ဆံရေးရှိခဲ့အတွက် အခုလက်ရှိ စစ်အာဏာရှင်စနစ်ဆိုးအောက်က လွတ်မြောက်ဖို့နဲ့ ဒီမိုကရေစီရေးအတွက် ကြိုးပမ်းနေတဲ့ မြန်မာပြည်သူတွေကို စာနာတဲ့ အနေနဲ့ စစ်ကောင်စီနဲ့မပူးပေါင်းဖို့လည်း ဆိုပါတယ်။

အိန္ဒိယနိုင်ငံဟာ စစ်ကောင်စီနဲ့ ဆက်ဆံနေတဲ့ အနည်းစုနိုင်ငံတွေမှာ ပါဝင်သလို ရခိုင်ပြည်နယ်က ကုလားတန်မြစ်စီမံကိန်းကိုလည်း နှစ်နိုင်ငံ ပူပေါင်းဆောင်ရွက်နေတာလည်း ရှိနေပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကိုကူညီဖို့ ကမ်းလှမ်းထားတာလည်းရှိပါတယ်။

အမေရိကန်နဲ့ အိန္ဒိယနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်စနစ် ဖယ်ရှားချုပ်ငြိမ်းရေးအတွက် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နဲ့ ဒီမိုကရေစီအင်အားစုတွေကို ထိရောက်တဲ့ ပံ့ပိုးကူညီမှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်ပေးဖို့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်က  အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နဲ့ အိန္ဒိယဝန်ကြီးချုပ်မိုဒီ တို့ အိမ်ဖြူတော်မှာတွေ့ဆုံပြီး မြန်မာနိုင်ငံတွင်း အခြေအနေတွေ ယိိုးယွင်းကျဆင်းနေတယ်လို့ ပူးတွဲထုတ်ပြန်ထားတာပါ။

အဲဒီထုတ်ပြန်ချက်မှာ နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွှတ်ပေးဖို့၊ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ဖို့နဲ့အားလုံးပါဝင်နိုင်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်း ရေးစတာတွေကိုတောင်းဆိုထားပါတယ်။

အမေရိကန်နဲ့ အိန္ဒိယ နှစ်နိုင်ငံပူးတွဲထုတ်ပြန်မှုမှာ စစ်ကောင်စီက ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ထားသူ အားလုံးကို ပြန်လွတ်ပေးရေးနဲ့ အားလုံးပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနစ်အား ဖော်ဆောင်နိုင်မယ့် မြန်မာနိုင်ငံအသွင်းကူးပြောင်းစတဲ့ တောင်းဆိုချက်တွေကို ကြိုဆိုတယ်လို့ CRPHက ထုတ်ပြန်ပါတယ်။

ဒါပေမယ့်  အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးရေးဆိုရာမှာ မြန်မာပြည်သူတွေရဲ့ စစ်အာဏာရှင်စနစ် အဆုံးသတ် တော်လှန်ရေး အရှန်အဟုန်ကို မျက်ကွယ်ပြုဖို့ မဖြစ်နိုင်သလို စစ်အုပ်စု ကျူးလွန်ခဲ့တဲ့ ကျူးလွန်နေတဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေအတွက် တရားမျှတမှု ဖော်ဆောင်ရေး ရှိဖို့ လိုအပ်တယ်လို့ CRPHက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ရာဇဝတ်မှုကျူးလွန်ထားသူတွေကိုသာ တည်ဆဲဥပဒေအရပြစ်ဒဏ်ချတာဖြစ်ပြီး မည်သူတဦးတယောက်ကိုမျှဥပဒေမဲ အရေးယူဆောင်ရွက်ထားမရှိဘူးလို့ ဒီလ ၂၅ ရက်က တုန့်ပြန်ထားပါတယ်။

CRPHကတော့  စစ်အာဏာသိမ်းမှုကြောင့် မြန်မာပြည်သူတွေရဲ့ ဆုံးရှုံးမှုတွေ ပြန်လည်ရရှိခံစားနိုင်ရေး ဒီမိုကရေစီနိုင်ငံကြီး တွေဖြစ်တဲ့ အမေရိကန်နဲ့ အိန္ဒိယတို့ဟာ “စိုးရိမ်မှုများမှသည် လက်တွေ့ကျ ထိရောက်သော ကူညီမှုများအဖြစ်သို့” ဆက်လက်ဖော်ဆောင်ကူညီပေးဖို့လိုတယ်လို့ ဆိုပါတယ်။