ဇွန်၊ ၂၈
မွန်ပြည်နယ်၊ ရေးမြို့နယ် ကလော့ကြီးကျေးရွာအနီးမှာ ဒီကနေ့ နံနက်ပိုင်းက ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးငယ်တဦးအပါအဝင် လေးဦးဒဏ်ရာရတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေထံမှ သိရပါတယ်။
“ မနက်ကတော့ ကလော့ကြီးဘက်မှာ တိုက်ပွဲဖြစ်တာပဲ သိတယ်၊ အခုအိမ်စီးကား ပစ်ခံရတာတဲ့ အဲဒီနေရာမှာမဟုတ်ဘူး၊ ဘယ်သူ ပစ်တာလဲတော့ မသိဘူး၊ အမျိုးသမီးက မောင်းလာတာ၊ ကားပေါ်မှာ လေးယောက်ပါတယ်၊ ကလေးလည်း ပါတယ်၊ သူတို့ကား ရန်ကုန်ကနေ ထားဝယ်ဘက်ကို ပြန်ဆင်းလာတာ၊ ကားမောင်းတဲ့ အမျိုးသမီးပဲ ဒဏ်ရာများတယ်၊ ကျန်တာက ပွန်းပဲ့ ရှပ်ထိတာလောက်ပဲ ” လို့ ဒေသခံတစ်ဦးက DNA ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ခရီးသွားအိမ်စီးကားပေါ်မှ အသက် တနှစ်ခွဲအရွယ် ကလေးတဦး၊ အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားတဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပြီး အဲဒီထဲက ယာဉ်မောင်းအမျိုးသမီးကတော့ ဒဏ်ရာပြင်းထန်တာကြောင့် မော်လမြိုင်ပြည်သူ့ဆေးရုံကနေတဆင့် ရန်ကုန်ဆေးရုံကို တင်ပို့လိုက်ရတယ်လို့ ဆိုပါတယ်။
ဇွန်လ ၂၈ ရက် နံနက် ၈ နာရီခွဲမှာ ရေးမြို့နယ် ကလော့ကြီးကျေးရွာအနီးမှာ ကင်းလှည့်ထွက်လာတဲ့ အမှတ် (၁၉) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှ စစ်ကားကို ရေးဘီလူးအဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
နှစ်ဖက်ပစ်ခတ်မှုက ဆယ်မိနစ် နီးပါးကြာ ဖြစ်ပွားပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဒုစစ်ဒေသခွဲမှူးရုံး၊ စစ်ဒေသခွဲအမှတ် – ၃၊ တောင်ပိုင်းတိုင်း JOC မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
“ မနက်က ဖြစ်စဉ်တော့ ကလော့ကြီးအနားမှာ ပွိုင့်ကားကို စောင့်ပစ်တယ်လို့ ကျွန်တော်တို့သိထားရတယ်၊ အဲဒါက တိုက်ပွဲက ဆယ်မိနစ်လောက်ဖြစ်ကြတယ်၊ ပူးပေါင်းအဖွဲ့က ဘာမှ ထိခိုက်တာ မရှိဘူး၊ သူတို့ဘက်က ထိခိုက်မှုက ရှိတယ်၊ အတည်မပြုနိုင်သေးဘူး ” လို့ ပြောပါတယ်။
အဲနောက် နံနက် ၉ နာရီခွဲမှာတော့ အထိနာသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ရေးမြို့နယ်၊ ကလော့ကျေးရွာ ရေး-ထားဝယ် ကားလမ်းမကြီး ပေ (၄၀) တံတားအနီးမှာ ရန်ကုန်ကနေ ထားဝယ်ဘက်ကို မောင်းနှင်လာတဲ့ အိမ်စီးကို သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“ မနက်က ဖြစ်တဲ့နေရာနဲ့ မိုင်ဝက်လောက်ဝေးတဲ့ ရေး-ထားဝယ်လမ်းမကြီးပေါ် အမှတ် (၈)လမ်းပေါ့နော်၊ ကလော့လမ်းဝ ပေါ့နော်၊ အဲမှာ ထားဝယ်ဘက်ကို ဆင်းလာတဲ့ အိမ်စီးကားပစ်ခတ်ခံရတယ်လို့ သိရတယ်။ ကလော့လမ်းဝနားမှာ စစ်တပ်ရှိတယ်၊ အဲဒီတပ်ထဲက ပစ်တယ်လို့ အကြမ်းဖျဉ်းသိထားရတယ် ” လို့ ဒုစစ်ဒေသခွဲမှူးရုံး၊ စစ်ဒေသခွဲအမှတ် – ၃၊ တောင်ပိုင်းတိုင်း JOC မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
စစ်ကားတိုက်ခိုက်ခံရမှုကြောင့် ယာဉ်ပေါ်ပါသူ ၁၅ ဦးအနက် စစ်သား ငါးဦးခန့် သေဆုံးသွားတယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင် က သူ့ရဲ့လူမှုကွန်ယက် Facebook စာမျက်နှာမှာ ရေးသားထားပေမယ့် DNA အနေနဲ့ သီးခြားအတည်ပြုပေးနိုင်ခြင်း မရှိပါဘူး။
ဒီကနေ့ နံနက်ပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ပစ်ခတ်တိုက်ခိုက်လိုက်တဲ့ ယာဉ်ဟာ ကင်းလှည့်ကား မှန်ပေမယ့် အဲဒီတပ်ဖွဲ့ဝင်တွေဟာ ရေးမြို့နယ်အတွင်းမှာ ကင်းပုန်းဂျူတီကျနေတဲ့ တပ်ဖွဲ့ဝင်နေရာကို အစားထိုးဖို့ သွားရောက်ကြသူတွေ ဖြစ်တယ်လို့ ရေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“ ပစ်ခံရတာ ကျွန်တော်တို့လည်း ကြားတယ်၊ သေဆုံးမှုတော့ မရှိဘူးလို့ သိရတယ်၊ ဒဏ်ရာတော့ ရတာ လေးဦးလားမသိဘူး၊ အဲမှာ ဒဏ်ရာနည်းနည်းပြင်းထန်တာတော့ တယောက်ပါတယ်တဲ့၊ ကားက ကင်းလှည့်ထွက်တာတော့ မဟုတ်ဘူး၊ ဒီတချို့နေရာတွေမှာလေ၊ ကင်းချထားတာရှိတယ်၊ အဲမှာ အဲလူတွေနဲ့ ဂျူတီချိန်းဖို့ သွားကြတဲ့တပ်ဖွဲ့ဝင်တွေပါ ” လို့ ပြောပါတယ်။
လက်ရှိ ရေးမြို့နယ်မှာဆိုရင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့တို့အကြား နေ့စဉ်နဲ့အမျှ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး အဲဒီတိုက်တွေအတွင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီးအပြင် လေကြောင်းပစ်ကူနဲ့ပါ အသုံးပြုတိုက်ခိုက်ရတဲ့အထိ တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။
ရေးမြို့နယ်မှာ ဇွန်လ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေအထိ ဖြစ်ပွားခဲ့တဲ့ သုံးရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိတဦးအပါအဝင် ဆယ်ဦးထက်မနည်း ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ ဒုစစ်ဒေသခွဲမှူးရုံး၊ စစ်ဒေသခွဲအမှတ်-၃၊ တောင်ပိုင်းတိုင်း၊ JOC က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – အောင်မင်္ဂလာ နာရေးကူညီမှုနှင့် လူမှုကယ်ဆယ်ရေးအသင်း၊ ရေးမြို့။