တော်လှန်ရေးခရီး လမ်းခုလတ်မှာ ကျဆုံးခဲ့တဲ့ သားအဖနှစ်ဦး

ဇွန်၊ ၂၈
 
ပရိမ္မ….။
 
ပုဂံရာဇဝင်ကိုတီးမိခေါက်မိသူတွေဆိုရင်တော့ ဒီရွာ၊ဒီနာမည်ကိုကောင်းကောင်းသိကြလိမ့်မယ်။ ကျန်စစ်မင်းရဲ့ မွေးရပ်ဒေသလို့ ရာဇဝင်တွေကဆိုကြသလို ထီးလှိုင်ရှင်စေတီတော်လည်းရှိတယ်….။
 
ရာဇဝင်ထဲက ပရိမ္မရဲ့ ဖြစ်တည်မှုပေါ့..။ရွာရဲ့ဆိုင်းဘုတ်မှာကိုက ကျန်စစ်သားမင်းကြီး၏ဇာတိမြေဆိုပြီး ပရိမ္မကို တွေ့ကြရမှာပါ။
 
ဒါပေမယ့် တနိုင်ငံလုံး စစ်အာဏာရှင်တွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ကြုံနေရတဲ့ လက်ရှိကာလမှာတော့ ကျန်စစ်မင်းကြီးရဲ့ ဇာတိမြေလည်း မလွတ်ကင်းပါဘူး။ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲက ပရိမ္မဟာ နွေဦးတော်လှန်ရေးမှာ စစ်ကြောင်းထိုး မီးရှို့ခံရဖူး သလို လေကြောင်း ကလည်း ပစ်ခတ်တိုက်ခိုက်ခံရဖူးပါတယ်။
 
အခုလည်း ပရိမ္မ အရိပ်မှာ မှတ်မှတ်သားသား နွေဦးတော်လှန်ရေး ပြကွက်တချို့ရှိနေပြန်တယ်။
 
ပြီးခဲ့တဲ့ နှစ်ရက်အကြာ ဇွန်လ ၂၆ ရက် မနက်ငါးနာရီလောက်မှာ စစ်ကောင်စီ စစ်ကြောင်းတခုဟာ ပရိမ္မရွာထဲကို တိတ်တဆိတ်ဝင်ရောက်ခဲ့ကြတယ်။ အဲဒီနောက် “ စစ်တပ်ဖမ်းသွားတဲ့ အဖေ PDF ခေါင်းဆောင်ကို လိုက်ကယ်ရင်း သားဖြစ်သူ PDF အပါအဝင်လေးဦး ကျဆုံး ” ဆိုတဲ့ သတင်းတွေ တွေ့ရတော့တာပါပဲ။
 
မြောင်နယ်ထဲက တိုက်ပွဲမှတ်တမ်းတွေမှာ Myaung Special People Defence Force (MSPDF)ဆိုတဲ့အမည်ကို မကြာမကြာ တွေ့ရတတ်ပါတယ်။ ဒီအဖွဲ့ကို NUG ကာကွယ်ရေးဝန်ကြီးဌာနကလည်း လက်အောက်ခံ PDF တပ်ရင်း တခုအဖြစ် အသိအမှတ်ပြုထားပါတယ်။
 
ဒီအဖွဲ့ကို ပရိမ္မရွာသား အသက်ငါးဆယ်ဝန်းကျင်အရွယ် ဦးသက်ခိုင်က ဦးဆောင်ပါတယ်။ သူ့သားနှစ်ဦးကလည်း ရဲဘော်လင်းလင်းနဲ့ ရဲဘော်သော်ကြီးတို့အဖြစ် MSPDF ရဲ့ တော်လှန်ရေး လုပ်ငန်းတွေမှာ နိုင်ရာတာဝန် ဝင်ထမ်းကြတယ်။
 
ပြီးခဲ့တဲ့နှစ်ရက်ကတော့ ဦးသက်ခိုင်နဲ့ သူ့သားတဦးဖြစ်တဲ့ ရဲဘော်လင်းလင်းတို့ တမနက်တည်း ကျဆုံးခဲ့ကြပါတယ်။ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဆရာသက်လို့ ခေါ်ကြတဲ့ ဦးသက်ခိုင်ဟာ အဲ့ဒီနေ့က ကင်းပတ်ထွက်ရင်း ပရိမ္မရွာကို တိတ်တဆိတ်ချဉ်းကပ်လာတဲ့ ကျောက်ရစ်စခန်းက စစ်ကြောင်းနဲ့ တိုးသွားပါတယ်။
 
ပရိမ္မရွာရဲ့ အရှေ့ဘက် လေးမိုင်ခွဲလောက်အကွာမှာ ကျောက်ရစ်ရွာရှိပါတယ်။ အဲဒီမှာ ရဲစခန်းလည်း ရှိတယ်။ နွေဦးတော်လှန်ရေး ကာလမှာတော့ ကျောက်ရစ်ရွာဟာ စစ်ကောင်စီတပ်တွေ အထိုင်ချတပ်စွဲတဲ့ရွာ ဖြစ်လာတယ်။
 
အနီးအနားဝန်းကျင်က ကျေးရွာတွေဟာ အဲ့ဒီကျောက်ရစ်စခန်းက စစ်ကြောင်းရဲ့ဒဏ်ကို မကြာမကြာ ခံကြရသလို အဲ့ဒီစစ်ကြောင်းကိုလည်း ဒေသကာကွယ်ရေးတပ်တွေက အခါအခွင့်သင့်တာနဲ့ သင့်သလို တိုက်ခိုက်ကြပါတယ်။
 
“ ကျွန်တော်တို့ ဆရာတပည့်တွေက ကင်းပတ်ရင် အတူတူပတ်ကြတာပါ၊ ဆရာသက် ကျသွားတဲ့နေ့က ကျွန်တော်တို့က ခွဲပတ်တာဗျ၊ ရွာရဲ့အရှေ့မြောက်ထောင့်ကို လုံခြုံရေးအရ အရေးပါလို့ အရေးကြီးလို့ အဲဘက်ကို ကျွန်တော်က လူငယ်ဆိုတော့ ထွက်တယ်၊ ဆရာသက်က ဆိုင်ကယ်နဲ့ ရွာထဲပတ်တာ၊ အဲချိန် ခွေးတွေက ရွာထဲ စိမ့်ဝင်ပြီး ဆရာသက်ကို အလွယ်လေးပဲ ဖမ်းမိသွားတယ်၊ သူ ခုခံချိန်မရလိုက်ဘူး၊ ဟိုဘက်ဒီဘက် ညှပ်ဖမ်းမိသွားတာ ” လို့ မြောင်မြို့နယ် ပကဖ အဖွဲ့ဝင် ရဲဘော် ဖိုးစီက ပြောပြပါတယ်။
 
ဖခင်ဖြစ်သလို တပ်ဖွဲ့ခေါင်းဆောင်လည်းဖြစ်တဲ့ ဦးသက်ခိုင်ကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ သိရပြီးနောက် သားနှစ်ဦးအပါအဝင် MSPDF တပ်ဖွဲ့ဝင်တွေက ကျောက်ရစ်စခန်းကို ပြန်တဲ့ စစ်ကောင်စီစစ်ကြောင်းကို လိုက်လံတိုက်ခိုက်ခဲ့ကြပါတယ်။
 
ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ဦးသက်ခိုင်ရဲ့ သားအကြီးဖြစ်တဲ့ ရဲဘော်လင်းလင်း အပါအဝင် သုံးဦးကို ထပ်မံကျဆုံးစေခဲ့ပါတယ်။ စစ်ကောင်စီစစ်ကြောင်း ထွက်သွားအပြီးမှာတော့ MSPDF ခေါင်းဆောင် ဦးသက်ခိုင်ရဲ့ အသက်မဲ့ခန္ဓာကိုသာ ချန်ထားရစ်ခဲ့ပါတယ်။
 
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းမှု မဖြစ်ခဲ့ရင် ဦးသက်ခိုင်တို့ သားအဖတတွေ ဒီလိုအဖြစ်မျိုးနဲ ဘယ်ကြုံခဲ့ကြရပါ့မလဲ။ ဦးသက်ခိုင်က လူလုပ်နေကျအတိုင်း အလယ်တန်းနဲ့ အထက်တန်း ကျောင်းသားတွေကို အခမဲ့ ကျူရှင်သင်ပေးနေဦးမှာ ဖြစ်သလို သူ့သားတွေကလည်း ကျောင်းသားတွေအဖြစ်သာ ရှိနေခဲ့ကြမှာ။
 
“ သူက လူရိုး တအားလည်း အေးတယ် စကားပြောလည်း ပြုံးပြုံးလေးနဲ့ ပြောဆိုဆက်ဆံတက်တယ်၊ ကျူရှင်ဆရာလည်းဖြစ်တော့ တပည့်လည်း ပေါတယ်၊ ကလေးတွေအပေါ်မှာလည်း ဆုံးမလေ့ရှိတယ်၊ ကိုယ်နဲ့ မိတ်ဖက်အဖွဲ့တွေ ဆိုရင်လည်း သူက ဆက်ဆံရေးကောင်းတယ်၊ အမြဲတမ်း စိတ်တက်ကြွတယ်ဗျ ” လို့ မြောင်မြို့နယ်အခြေစိုက် CDSOM အဖွဲ့ခေါင်းဆောင် ကိုနွေဦးမြောင်က ဦးသက်ခိုင်နဲ့ပတ်သက်လို့ ပြောပြပါတယ်။
 
တော်လှန်ရေးအပေါ်ထားတဲ့ စိတ်စေတနာ မှန်ကန်မှုတွေကြောင့် အဲဒီနယ်တဝိုက်က တော်လှန်ရေး ရဲဘော်တွေက ဦးသက်ခိုင်ရဲ့ စကားကို နာခံကြသလို ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း အမြဲတစေ လုပ်တတ်ကြတယ်လို့ သူရဲ့ မိတ်ဆွေတွေက ပြောပါတယ်။
 
“ တော်လှန်ရေး သမားဆိုပေမယ့် သူ့စိတ်က နူးညံ့တယ်ဗျ၊ အားနာတတ်သလို သည်းခံစိတ်လည်း သူ့မှာရှိတယ်၊ တော်လှန်ရေးနဲ့ပက်သက်ပြီး သူက အနစ်နာခံတယ်၊ အပင်ပန်းလည်း ခံတယ်၊ ညပိုင်းဆိုရင်လည်း ကင်းတွေကို စိတ်မချဘူး၊ သူကိုယ်တိုင်ပတ်တာ၊ သူကူညီပေးစရာရှိရင် အကုန်ကူညီပေးတတ်တယ် “ လို့ ကိုနွေဦးမြောင်က ပြောပါတယ်။
 
စစ်အုပ်စုကို လက်နက်ကိုင်တော်လှန်နေတဲ့အပြင် တဖက်မှာလည်း တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ စစ်ရှောင်တွေကို ကူညီစောင့်ရှောက်ရေး လုပ်ငန်းတွေမှာလည်း ဦးသက်ခိုင်တယောက် တက်တက်ကြွကြွပါဝင် ဆောင်ရွက်ပေးလေ့ရှိတယ်လို့ သိရပါတယ်။
 
အခုတော့ ဦးသက်ခိုင်တို့သားအဖ ဟာ သူတို့ ပြီးဆုံးအောင် အကောင်အထည်မဖော်ခဲ့ရတဲ့ ဆန္ဒတွေကို ကျန်နေသူတွေလက်ထဲ စိတ်ချလက်ချ လွှဲပြောင်းပေးထားရစ်ခဲ့ပါပြီ။
 
“ အသက်မဲ့နေတဲ့ ခင်များသားရဲ့ ဘေးမှာ ကျုပ်ရပ်နေခဲ့တယ်၊ သူ့မျက်နှာကို သေသေချာချာကြည့်ရင်း တွေးနေမိခဲ့တယ်၊ ကျုပ်တို့ ကြိုးစားခဲ့တယ်၊ ဒါပေမယ့် တာဝန်မကျေခဲ့ဘူး၊ ဒီနေ့အတွက် ကျုပ်တို့မြောင်နယ် ရှုံးခဲ့တယ်ဗျာ ” လို့ ကိုနွေဦးမြောင်က ဝမ်းနည်းစကားဆိုပါတယ်။
 
စစ်အာဏာာသိမ်းမှုနဲ့ နောက်ဆက်တွဲအခြေအနေတွေဟာ နိုင်ငံ့အနှံ့က လူထုကို မိသားစုနဲ့ ရှင်ကွဲ၊ သေကွဲ၊ နည်းမျိုးစုံ နာကျင်ကြေကွဲစရာ ဖြစ်ရပ်တွေ ကြုံစေခဲ့ပါတယ်။
 
“ ကျတဲ့သူတွေ ရှိတယ်၊ ခံစားပြီးတော့ လွမ်းဆွတ်နေလို့မရဘူး၊ သူတို့ လုပ်ခဲ့တာတွေထက် ပိုလုပ်မယ် တွေးလုပ်တာပေါ့၊ ကျွန်တော်တို့ ဒီလိုအသက်ပေးရတာ အလကားပေးလိုက်ရတာ မဟုတ်ဘူး ” လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
 
ဦးသက်ခိုင်တို့သားအဖဟာ နွေဦးတော်လှန်ရေး ဇာတ်ခုံပေါ်မှာ တကွက်ပြီးတကွက် တဖျတ်ဖျတ်ပြောင်းနေတဲ့ ပြကွက်ပေါင်းများစွာထဲက တခုသာ ဖြစ်တယ်။ နွေဦးဘက်တော်သားတွေကတော့ သူတို့ကို နွေဦးမှာ ကြွေတဲ့ ကြယ် တွေထဲက နှစ်စင်းအဖြစ် မှတ်တမ်းတင်ထားကြပါလိမ့်မယ်။
 
ဓာတ်ပုံ – MSPDF