ရေးမှာ တော်လှန်ရေးအဖွဲ့တွေနဲ့စစ်ကောင်စီတပ်တိုက်ပွဲဖြစ်

ဇွန်၊ ၂၇

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း သံဖြူဇရပ်-ရေးအဝေးပြေးကားလမ်းမဘေးမှာ စစ်ကောင်စီကင်းပုန်းစခန်းတခုကို PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုပြီး ထိခိုက်ကျဆုံးမှုတွေ ရှိတယ်လို့ တော်လှန်ရေးအင်အားစုတွေထံမှ သိရပါတယ်။

“ တိုက်ပွဲက ညက ကင်းစခန်းကို ကျွန်တော်တို့ အဖွဲ့အရင်ပစ်တာ၊ အဲမှာ တခါဖြစ်ကြတယ်၊ ဒီမနက်ကျတော့ တခြား PDF ပူးပေါင်းအဖွဲ့ကပဲ ညက ဖြစ်တဲ့နေရာမှာပဲ သူတို့ ဝင်ပစ်တယ်ပေါ့နော်၊ အခုဖြစ်စဉ်နှစ်ခုလုံးပေါင်းရင် သူတို့ဘက်က ၁၇ ဦး ကျော် လောက်ထိခိုက်တာတွေရှိတယ်ပေါ့နော်။ ဒါက မျက်မြင်တွေ့တဲ့ ဒေသခံကနေ သိရတာ။” လို့ ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (YPDF) အဖွဲ့ခေါင်းဆောင် ဗိုလ်ရန်နိုင်က ပြောပါတယ်။

ရေးမြို့နယ်မြောက်ပိုင်း ကနင်ကမော့နဲ့ အောင်သာယာကျေးရွာမှာ အကြားမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ကင်းစခန်းကို ရေးမြို့နယ်၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)မှ ဇွန်လ ၂၆ ရက် ၊ည ၉ နာရီခွဲခန့်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ သုံးနာရီနီးပါး အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဒါအပြင် ဒီကနေ့ နံနက်အစောပိုင်းမှာတော့ အဲဒီစစ်ကောင်စီကင်းစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်KNLA နဲ့PDF ပူးပေါင်းတပ်ဖွဲ့တွေက ထပ်မံသွားရောက် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

“ ညကတော့ သုံးနာရီလောက်ဖြစ်သွားတယ်၊ ဒီမနက်က တခြားပူးပေါင်းအဖွဲ့တွေနဲ့ ထပ်ဖြစ်တာ၊ ဒီမနက်ကျတော့ သူတို့စခန်းမှာ အင်အား နှစ်ရာဝန်းကျင်လောက်ဖြစ်သွားတယ်၊ ညက နည်းနည်းပဲ ရှိတယ်၊ မနက်ကျမှ ဘယ်လိုအများကြီး ရောက်လာလဲမသိဘူး၊ အဲဒါ နာရီဝက်လောက် တိုက်ပွဲဖြစ်ပြီး အင်အားမမျှတော့ ပြန်ဆုတ်လိုက်ရတယ်။” လို့ ဗိုလ်ရန်နိုင်က ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်းမှာ PDF ရဲဘော်နှစ်ဦးက ခြေသလုံး ကျည်ရှပ်ထိဒဏ်ရာနဲ့ ဦးခေါင်းရှပ်ထိဒဏ်ရာတွေ ရရှိခဲ့ပေမယ့် အသက်အန္တာရယ်တော့ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

ဒါအပြင် ဒီနေ့ နေ့လည်ခင်းပိုင်းမှာလည်း စစ်ကောင်စီတပ်က ရဟတ်ယာဉ်နှစ်စီးနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေကို ပစ်ခတ်ခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်။

ဒါ့အပြင်စစ်ကောင်စီလက်အောက်ခံ အမြောက်တပ်ကနေ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ် တာတွေ လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။

“လက်နက်ကြီးအသံတော့ တချက်၊ တချက် ကြားနေရတုန်းပဲ၊ အခုထိပဲ၊ ကြောက်တာပေါ့လေ၊ ဗမာစစ်သားနဲ့ ကရင်စစ်သားရယ်၊ PDF တွေ ပစ်နေတာကြပဲလို့ သိရတယ်။ ညကလည်း သေနတ်သံတွေကြားရတယ်၊ အခုမနက်လည်း ပစ်နေကြတာ၊ ဟို ကားလမ်းဘေးက ရွာတွေဘက်လို့ ပြောတယ်။ နောက်ပြီးနေ့လည် လေယာဉ်နှစ်စီးကနေ ပစ်နေတာရှိတယ်၊ ခဏပဲ ပစ်တာက လေပေါ်မှာ ဟိုဘက်သွားလိုက်ဒီဘက်သွားလိုက်က တော်တော်ကြာတယ်။” လို့ ပြောပါတယ်။

မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ထားဝယ်၊ ဘိတ် အမှတ်(၈)လမ်းမကြီးတလျှောက်မှာ အသုံးပြုသွားလာနေကြတဲ့ မော်တော်ယာဉ်တွေကို ဇွန်လ ၁၅ ရက်ကစပြီးစတင်ကာ လုံခြုံရေးအရ စစ်ဆေးသွားမှာဖြစ်တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်(၂၇)မှ ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်မှာထုတ်ပြန်ထားပါတယ်။

အဲဒီလိုမျိုးထုတ်ပြန်ပြီးနောက်ပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲါPDF ပူးပေါင်းတပ်ဖွဲ့တွေက နေ့စဉ်နဲ့အမျှ လမ်းသွားလမ်းပြည်သူတွေကို လုံခြုံရေးအရ စစ်ဆေးတာတွေ ပြုလုပ်နေပြီး ပူးပေါင်းတပ်ဖွဲ့ဘက်မှ နယ်မြေစိုးမိုးမှုအရ အားသာချက် တွေရှိနေတာဖြစ်ပါတယ်။

ဒါကြောင့် ရေးမြို့ပေါ် မြို့မရဲစခန်းလမ်းရှေ့အပါအဝင် စစ်ကောင်စီဌာနဆိုင်ရာရုံးတွေ ရှိတဲ့ လမ်းပိုင်းတွေကို ပိတ်ဆို့ထား တဲ့အပြင် နေရာအနှံ့အပြားမှာ အင်အားအများအပြားနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက လုံခြုံရေးပိုမိုတင်ကြပ်ထားတယ်လို့ ဒေသခံ တွေက ဆိုပါတယ်။