လွိုင်ကော်မြို့တဝိုက်မှာဖုန်းနဲ့အင်တာနက်လိုင်းတွေပြတ်တောက်မှုဖြစ်နေ

ဇွန် ၊ ၂၇

ကရင်နီ(ကယား)ပြည်နယ်၊လွိုင်ကော်မြို့အနီးအနားကရွာတွေအပါအဝင် မြို့ပြင်နေရာတချို့မှာ ဒီကနေ့မနက်ပိုင်းကစပြီး ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတယ်လို့ လွိုင်ကော်မြို့ခံတွေကပြောပါတယ်။

လွိုင်ကော်မြို့တွင်း နေရာတချို့နဲ့အနီးအနားကရွာတွေမှာ ဒီကနေ့မနက်ပိုင်းကစလို့  MPT ATOM အော်ရီဒူး အစရှိတဲ့ဖုန်းလိုင်းတွေပြတ်တောက်နေပြီး စစ်တပ်ပိုင် ဆက်သွယ်ရေးလိုင်း  Mytel တခု သာ လိုင်းအနည်းငယ်ရနေတယ်လို့ဆိုပါတယ်။

“မနက်ထဲကစဖြတ်တာပါ၊မြို့တွင်းရောမြို့ပြင်ရောမြို့နယ်ထဲကရွာတွေပါမရတော့ဘူးဖြစ်နေတယ်၊အ စောတုန်းကတော့MPTနည်းနည်းရသေးတယ်၊ခုအကုန်မရတော့ဘူး၊မြို့ပေါ်မှာတော့မိုင်တဲရတယ်၊ဘာကြောင့်ဖြတ်တာလဲတော့မပြောတတ်ဖူး၊တိုက်ပွဲလည်းအဲ့ဒီ့လောက်ဖြစ်တာမျိုးလဲမရှိပဲနဲ့ပြတ်ကျသွားတာဆိုတော့ကျတော်တို့လည်းပြောရခက်တယ်”လို့ Karenni Generation Youth အဖွဲ့ဝင်တဦးကပြောပါတယ်။

အခုလို ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေပြတ်တောက်နေတာနဲ့ပတ်သက်လို့ ဘာကြောင့်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပေမယ့် ကရင်နီဒေသခံတွေကတော့ စစ်ကောင်စီကဖြတ်တောက်ထားတာဖြစ်နိုင်တယ်လို့ဆိုကြပါတယ်။

“အရင်နှစ်ကတော့မဖြစ်ဖူးဘူး၊သပိတ်တွေထွက်တုန်းကတော့တခါဖြတ်လိုက်သေးတယ်၊အဲ့တုန်းကတော့ရတဲ့နေရာသွားသုံးရတာ၊ခုကတော့မြို့ တွင်းရောမြို့ပြင်ရောဆိုတော့ဘယ်လိုမှသုံးမရဘူးဖြစ်နေတယ်၊ရတဲ့ကတ်ကလည်းမိုင်တဲဆိုတော့အာဏာ သိမ်းကတည်းကလူတွေအများစုကမသုံးတော့ဘူးလေ”လို့ လွိုင်ကော်မြို့ခံတဦးကထပ်ပြောပါတယ်။

လက်ရှိ လွိုင်ကော်မြို့တဝိုက်မှာ ဖုန်းလိုင်းတွေအ ဆင်မပြေဖြစ်နေသလို အင်တာနက်လိုင်းကလည်း မိုင်တဲ ဆင်းမ်ကတ်တခုတည်းနဲ့သာမြို့တွင်းမှာအသုံးပြုလို့ရနေတယ်လို့ဆိုပါတယ်။

 MPT ဆင်းမ်ကတ်ကတော့ တောင်ပေါ်တက်သုံးရင်လိုင်းနည်းနည်းမိနေသေးတယ်လို့ ဒေသခံတဦးကပြောပါတယ်။

အခုလို ဆက်သွယ်ရေးလိုင်းတွေပြတ်တောက်နေတာဟာ စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှု ဒါမှမဟုတ် သတင်းအမှောင်ချ ဆက်သွယ်ရေးဖြတ်တောက်တာမျိုး ဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်းထွက်ပေါ်နေပါတယ်။

လွိုင်ကော်မြို့ခံတချို့ကတော့ လက်ရှိမှာ မိုင်တဲ ဆင်းမ်ကတ်တမျိုးတည်းသာ ဆက်သွယ်ရအဆင်ပြေတဲ့အခြေအနေဖြစ်နေတာကြောင့် အဲ့ဒီဆင်းမ်ကတ်တွေကို ပုံမှန်ထက်စျေးတင်ရောင်းချလာတာမျိုးတွေပါရှိနေတယ်လို့ပြောပါတယ်။

စစ်ကောင်စီဟာအာဏာသိမ်းပြီးနောက် တနိုင်ငံလုံးကို အင်တာနက်နဲ့ဖုန်းလိုင်းတွေဖြတ်တောက်လိုက်တာ၊အင်တာနက်ကို အချိန်ပိုင်းနဲ့သာအသုံးပြုခွင့်ပေးတာမျိုးတွေလုပ်ခဲ့ဖူးပါတယ်။

ဒါ့အပြင် လက်နက်ကိုင်ခုခံတော်လှန်မှုအားကောင်းတဲ့ ဒေသတွေမှာတော့ ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေ ကြာလရှည်ကြာ ဖြတ်တောက်ခဲ့တာမျိုးတွေလည်းရှိပြီး လက်ရှိနိုင်ငံတဝန်းကဒေသတချို့ဟာ အဲ့ဒီလိုဆက်သွယ်ရေးဖြတ်တောက်ခံထားရပါတယ်။