ပုံမှန်မဟုတ်တဲ့ လောကပေါ်က ပန်းချီဈေးကွက်

ဇွန်၊ ၂၇
 
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှု ရက်စွဲကစလို့ တိုင်းပြည်တွင်း အဖက်ဖက်က ခြွတ်ခြုံကျ ပျက်စီးရပ်ဆိုင်းခဲ့ရတဲ့ လုပ်ငန်းတွေထဲမှာ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ ပန်းချီ စတဲ့ လုပ်ငန်းတွေလည်း ပါဝင်ခဲ့ပါတယ်။ ဒီ လုပ်ငန်းတွေထဲမှာ စာပေ၊ ဂီတနဲ့ ရုပ်ရှင်လုပ်ငန်းဟာ စီးပွားရေးအရ အာဏာရှင်လက်အောက် ကောင်းကောင်းနလံမထူနိုင်ဘဲ ရှိနေခဲ့ပေမဲ့ ပန်းချီလောကနဲ့ ပန်းချီဈေးကွက်ကတော့ ထူးခြားစွာပဲ ဖြစ်ထွန်းပေါ်လွင်နေခဲ့ပါတယ်။
 
တကယ့် တကယ်မှာတော့ စစ်အာဏာသိမ်းမှုအလွန် နောက်ပိုင်းကာလတွေမှာ ပန်းချီဈေးကွက်ဟာ တခြားသော အနုပညာဈေးကွက်တွေနဲ့အတူတူ နလံမထူမှေးမှိန်နေခဲ့တာပါ။ ဒါပေမဲ့ စစ်အာဏာသိမ်းမှုအောက် ကြုံတွေ့လာရတဲ့ ကိုရိုနာဗိုင်းရပ်စ် တတိယလှိုင်း ကပ်ဆိုးကာလအတွင်းမှာ ပန်းချီဈေးကွက်ဟာ မထင်မှတ်ဘဲ ထီးထီးကြီး ဖြစ်ထွန်း ပေါ်လွင်လာခဲ့ပါတယ်။
 
အထူးသဖြင့် ကိုဗစ်ကပ်ဆိုး လှိုင်းကြမ်းထဲက ဒုက္ခတရားတွေကို ကူဖို့လှူဖို့ ပန်းချီကားတွေကို အွန်လိုင်းကတစ်ဆင့် ရောင်းချရာက စခဲ့တာပါပဲ။ ဒါဟာ အကျပ်အတည်းကာလအတွင်း ပန်းချီလောကသားတွေအတွက် ပြေရာပြေကြောင်း ထွက်ပေါက်တစ်ခု ဖြစ်ခဲ့ပေမယ့် တစ်ဖက်မှာ ပန်းချီကားစုဆောင်းသူတွေ၊ ငွေကြေးခဝါချလိုသူတွေ၊ ငွေမည်း ရင်းနှီးမြှုပ်နှံလိုသူတွေ၊ ဈေးကွက်ကစားလိုသူတွေ၊ အတုဈေးကွက်သမားတွေအတွက် မျက်စိကျစရာ ဖြစ်လာစေခဲ့ပါတယ်။
 
‘ အခုဖြစ်ထွန်းနေတယ်ဆိုတာက ပုံမှန်မဟုတ်တဲ့အခြေအနေမျိုး ( unnormally) ပေါ့။ မူလပင်ကိုယ် (natural) ဖြစ် တဲ့လမ်းကြောင်း (trend) မျိုးမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆို ပန်းချီကားစုဆောင်းသူ (collector)ဆိုတာလည်း လက်ချိုး ရေလို့ရတယ်။ လက်ရှိပန်းချီစုဆောင်းနေတာ၊ ဝယ်နေတာ အယောက် ၂၀-၃၀ ထက်မပိုဘူး ’ လို့ ၂၀၁၀ ခုနှစ်ကတည်းက ပန်းချီအနုပညာပြခန်း ဖွင့်လှစ်ခဲ့ပြီး အထင်ကရပြခန်းတစ်ခုအဖြစ် လက်ရှိတိုင် လည်ပတ်လုပ်ကိုင်နေသည့် ပန်းချီပြခန်းပိုင်ရှင်တစ်ဦးက ပြောပါတယ်။
 
ပုံမှန်အားဖြင့် ပန်းချီကားစုဆောင်းကြသူတွေဟာ ပန်းချီကားတွေကို ပြန်ထုတ်ရောင်းလေ့နည်းကြပါတယ်။ ဒါကြောင့် တချို့ပန်းချီကားကောင်းတွေဟာ ဈေးကွက်ထဲမှာ ရှာမရအောင် ရှားပါးနေခဲ့ပါတယ်။ ဒီလိုရှားပါးပန်းချီကားတွေအပါအဝင် ပန်းချီကားတွေ စုဆောင်းဖို့ ကြိုးစားလာကြသူတွေ လက်ရှိ ၁ နှစ် ၂ နှစ်အတွင်းမှာ ပိုများလာပြီး သူတို့သုံးစွဲရတဲ့ ငွေကြေးပမာဏကလည်း အရင်ထက် နှစ်ဆသုံးဆညပိုများတယ်လို့ ၎င်းကဆိုပါတယ်။
 
‘ Collector (ပန်းချီကားဝယ်ယူစုဆောင်းသူ) ဆိုကတည်းက စီးပွားရေးလုပ်ငန်းရှင်တွေပဲ။ အကြီးကြီးတွေ ပါလာနိုင်လားဆိုတာက ဒီမြန်မာပြည်တွင်းမှာဆိုရင် ဒီလောက် ပမာဏများတဲ့ ၊ သိန်းရာဂဏန်း ထောင်ဂဏန်းချီပြီးတာ့ ပန်းချီကားကို စုဆောင်းနိုင်တယ်ဆိုကတည်းက စီးပွားရေးလုပ်ငန်းရှင်တွေပဲ စုဆောင်းနိုင်တာလေ ’ လို့ ပန်းချီဈေးကွက်နဲ့ပတ်သက်ပြီး ၁၀ နှစ်ကျော် အတွေ့အကြုံရှိထားတဲ့ ပန်းချီအနုပညာပြခန်းတာဝန်ခံ အမျိုးသမီးတစ်ဦးကလည်း သူ့ရဲ့အမြင်ကို ဆိုပါတယ်။
 
အာဏာသိမ်းမှုနောက်ပိုင်း ငွေကြေးဖောင်းပွမှုနဲ့ နိုင်ငံခြားငွေလဲလှယ်မှုဈေးနှုန်း ကမောက်ကမ အခြေအနေတွေ ဆိုးဆိုးရွားရွားဖြစ်ခဲ့ပါတယ်။ ဒီလိုဖြစ်လာတဲ့ အခြေအနေတွေက နိုင်ငံခြားငွေကိုင်ဆောင်သူနဲ့ အဆင့်မြင့်အလယ်အလတ်တန်းစား လူ့အလွှာက တချို့သော အမြင်ကျယ်သူတွေအတွက် ပန်းချီဈေးကွက်ဆီ ချဉ်းကပ်ရင်းနှီးမြှုပ်နှံဖို့ ဖြစ်လာစေခဲ့ပါတယ်။ မူလ ကျပ် ၅၀၀,၀၀၀ သတ်မှတ် ထားတဲ့ပန်းချီကားတစ်ချပ်ဟာ ဒေါ်လာဈေးမြင့်တက်မှုမှာ အလိုအလျောက် ထက်ဝက်တန်ဖိုး ကျဆင်းသွားပါတယ်။ ဒေါ်လာငွေကြေး ကိုင်ဆိုင်သူတွေအနေနဲ့ ဈေးမဆစ်ရဘဲ ပန်းချီကားတစ်ချပ်ကနေ ပန်းချီကားနှစ်ချပ် ဝယ်ယူနိုင်တဲ့ အခြေအနေ ဖြစ်သွားပါတယ်။ ဒါက ပန်းချီဈေးကွက်ထဲ ပုံမှန်မဟုတ်တဲ့ ဝယ်ယူစုဆောင်းသူတွေ ဝင်ရောက်လာစေတဲ့ အခြားသော အကြောင်းအချက်လည်း ဖြစ်ပါတယ်။
 
‘ ပန်းချီကားကို ရင်းနှီးမြှုပ်နှံမှု လုပ်လို့ရတယ်ဆိုတဲ့ အသိဖြစ်လာတယ်။ မြေဈေး၊ တိုက်ခန်းဈေးလိုမျိုး။ နိုင်ငံရေး အပြောင်းအလဲမှာ ငွေကြေးအရ ပိုင်ဆိုင်မှုတစ်ခုအနေနဲ့ ဝယ်လာကြတာပဲ။ နောက်တစ်ခုက ငွေကြေးတန်ဖိုး အင်မတန်ကျဆင်းလာတယ်။ ဆိုတော့ ငွေကြေးမထားတော့ဘဲနဲ့ ပစ္စည်းတစ်ခုနဲ့ လဲလိုက်တာ။ အဲဒီလိုနဲ့ investment painting လုပ်တာ ’ လို့ ပန်းချီဈေးကွက်အခြေအနေနဲ့ ပတ်သက်လို့ ရင်းနှီးကျွမ်းဝင်သူတစ်ဦးက ဆိုပါတယ်။
 
အရင်က ပန်းချီကားစုဆောင်းဖို့ ကျပ်သိန်း ၅၀ ခန့်ဖြင့် အရင်းအနှီးစတင်နိုင်ပေမယ့် လက်ရှိငွေကြေးဖောင်းပွမှု အခြေအနေအရ ကျပ်သိန်း ၁၀၀ ၊ ၂၀၀ စသဖြင့် ရင်းနှီးစတင်ရပါတယ်။ ဒီလို ငွေကြေးပမာဏအသုံးပြုပြီး ပန်းချီကား စုဆောင်းရင်းနှီးမြှုပ်နှံမှု လုပ်လာကြသူတွေရှိသလို ပန်းချီဆရာနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး ပြပွဲကန်ထရိုက်ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်လာကြသူတွေလည်း ရှိပါတယ်။
 
ဒါက ပန်းချီကားဝယ်ယူစုဆောင်းတာထက် ပိုပြီးတွက်ချေကိုက်နိုင်တာမို့ အချို့သော ရင်းနှီးမြှုပ်နှံသူတွေ ရွေးချယ်လုပ်ကိုင်ကြတာ ဖြစ်ပါတယ်။ ဒီရင်းနှီးမြှုပ်နှံမှုမှာတော့ ပန်းချီဆရာကို ပန်းချီရေးဆွဲနိုင်ဖို့ ကင်းဘတ်၊ ဆေး ၊ အသုံးစရိတ်ကစပြီး ပန်းချီပြပွဲ ဧည့်ခံစရိတ်ထိ စိုက်ထုတ်ရင်းနှီးပေးထားပြီး ရောင်းချရတဲ့ ပန်းချီကားအပေါ် ရာခိုင်နှုန်းပြန် လည်သတ်မှတ်ရယူတာဖြစ်ပါတယ်။ ရာခိုင်နှုန်းကတော့ ပန်းချီဆရာရဲ့ နာမည်နဲ့ ဈေးကွက်ဝင်အဆင့်အတန်းပေါ် မူတည်ပြီး ၃၀/၇၀ ။ ၄၀/၆၀ ။ ၅၀/၅၀ ရာခိုင်နှုန်း စသဖြင့် သတ်မှတ်ရယူတာဖြစ်ပါတယ်။
 
‘ ငွေကြေးဖောင်းပွမှုနှုန်း အရမ်းများတယ်။ ငွေကြေးတန်ဖိုး အရမ်းကျတယ်။ မနှစ်ကနဲ့ ဒီနှစ်တောင် အဆင်မပြေဘူးဆိုတော့ ကိုယ့်မှာရှိနေတဲ့ ငွေကြေးပမဏနဲ့ material တစ်ခုခုနဲ့လဲပြီးတော့ ရင်းနှီးမြှုပ်နှံမှု လုပ်ကြတဲ့သဘောပဲ။ ဒါကအကုန်လုံးလုပ်နေကြတာပေါ့။ ငွေထားရင် အဆင်မပြေလို့ ရွှေတိုရွှေစလေးစုတာ အဲဒီလိုမျိုးပေါ့ ’ လို့ ၁၀ နှစ် ကျော်အတွေ့အကြုံရှိ ပန်းချီအနုပညာပြခန်းတာဝန်ခံ အမျိုးသမီးက ပြောပါတယ်။
 
စစ်အာဏာသိမ်းမှုနောက်ပိုင်းနဲ့ ၂၀၂၂ ခုနှစ်အတွင်းမှာ အဲဒီလိုရင်းနှီးမြှုပ်နှံမှုဈေးကွက်ဟာ အရမ်းကြီးထွားလာပြီး အဝန်းအဝိုင်းတစ်ခုလို စုစည်းပြီး ချိတ်ဆက်လုပ်ကိုင်တာ၊ တစ်ယောက်နဲ့ တစ်ယောက် promote လုပ်တာကြတာ တွေထိ ရှိလာတယ်လို့ သူကဆိုပါတယ်။
၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်းရဲ့ စစ်အာဏာသိမ်းမှုနဲ့တစ်ဆက်တည်း ဖြစ်ခဲ့တဲ့အရာက ပြည်သူပိုင်သိမ်းပိုက်တာပါ။ ဒီလိုသိမ်းပိုက်ခံရမှုတွေထဲမှာ ရုပ်ရှင်၊ ဂီတ၊ ပန်းချီ၊ စာပေဆိုတဲ့ အင်စတီကျူးရှင်းတွေလည်း ပါဝင်ခဲ့ပါတယ်။ အဲဒီ အင်စတီကျူးရှင်းတွေဟာ စစ်တပ်ရဲ့ ဩဇာအာဏာအောက်မှာ လိုင်စင်၊ ဆင်ဆာ၊ အကျိူးပြု၊ သရုပ်ဖော်ဆိုပြီး ဖြတ်သန်းခဲ့ရပါတယ်။
 
အာဏာရှင်နေဝင်းအလွန် အာဏာရှင်သန်းရွှေလက်ထက်မှာတော့ ရုပ်ရှင်၊ ဂီတ၊ စာပေ၊ ပန်းချီ စတာတွေကို ပုဂ္ဂလိက လုပ်ကိုင်မှုအဖြစ်ပြန်လည် အသက်သွင်းခဲ့ပေမယ့် အဲဒီအင်စတီကျူးရှင်းတွေထဲ ဝင်ရောက်ပါဝင်စေခဲ့သူတွေ အားလုံးနီးပါးဟာ စစ်တပ်က နောက်ခံပြုထားတဲ့ အသိုင်းအဝိုင်းတွေပဲ ဖြစ်ခဲ့ပါတယ်။ ဥပမာအားဖြင့် ပြည်တွင်း ပုဂ္ဂလိက ဂျာနယ်ထုတ်ဝေခွင့်တွေ ချထားလုပ်ကိုင်ခွင့်ပေးခဲ့ပေမဲ့ အဲဒီပုဂ္ဂလိက ဂျာနယ်ရဲ့ပိုင်ဆိုင်မှုကို စစ်တပ် အသိုင်းအဝိုင်းက လူကိုပဲ ခွင့်ပေးခဲ့တာမျိုးဖြစ်ပါတယ်။ အဲဒီနောက် ပုဂ္ဂလိက ဂျာနယ်၊ မဂ္ဂဇင်းထုတ်ဝေခွင့် စာပေလုပ်ငန်းအပါအဝင် အနုပညာလုပ်ငန်းအားလုံးကို ဆင်ဆာစနစ်နဲ့ ကန့်သတ်ထိန်းချုပ်ခဲ့ပါတယ်။
 
တစ်ပြိုင်တည်းမှာပဲ ဗိုလ်ချုပ်ခင်ညွှန့် ဦးဆောင်တဲ့ ထောက်လှမ်းရေးအဖွဲ့ဟာ ရုပ်ရှင်၊ ဂီတ၊ စာပေထုတ်လုပ်ဖြန့် ချိမှု စီးပွားရေးဈေးကွက်ကို ချုပ်ကိုင်အုပ်စီးဖို့ ‘စေတမန်’ နာမည်နဲ့ အနုပညာလုပ်ငန်းတစ်ခုကို ထူထောင်ခဲ့ပါတယ်။ အဲဒီကာလ ၂၀၀၂-၂၀၀၃ ခုနှစ်တွေမှာ မြန်မာပြည်တွင်း ပန်းချီဈေးကွက်က မှေးမှိန်နေဆဲဖြစ်တာမို့ စစ်တပ် နဲ့ ယင်းနဲ့ဆက်စပ်တဲ့ အသိုင်းအဝိုင်းအတွက် ပန်းချီလောကဟာ မျက်စိကျစရာအဖြစ်ရှိမနေခဲ့ပါဘူး။
 
၂၀၁၀ ခုနှစ်အလွန် ကာလတွေမှာတော့ မြန်မာပြည်တွင်း ပန်းချီဈေးကွက်ဟာ ပြည်တွင်းပြည်ပမှာ လူသိများ ထင်ပေါ်လာခဲ့ပါတယ်။ ဒါက ဈေးကွက်စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ်၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုအဖြစ် ငွေကြေး ကစားလိုသူ အသိုင်းအဝိုင်းအတွက် မျက်စိကျစရာ လမ်းကြောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်ပဲ လက်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သားသမီးတွေ ချုပ်ကိုင်အုပ်စီးဖို့ ကြိုးစားခဲ့တဲ့ အနုပညာလုပ်ငန်းတွေထဲမှာ ပန်းချီအနုပညာပြခန်းလုပ်ငန်းလည်း ပါဝင်ခဲ့ပါတယ်။
 
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သား အောင်ပြည်စုံဟာ ၂၀၁၄ ခုနှစ် ဇူလိုင်လထဲမှာ ရန်ကုန်မြို့ ပြည်သူ့ဥယာဉ် ထဲမှာ Yangon Gallery ပန်းချီပြခန်းကို ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီပန်းချီပြခန်းမှာ ပန်းချီ ဦးငွေကိုင်၊ ပန်းချီဦးဘသက်၊ ဗဂျီအောင်စိုး၊ ပန်းချီပေါ်ဦးသက်၊ ပန်းချီ ခင်မောင်ရင်၊ ပန်းချီ ဦးခင်မောင် (ဘဏ်) အစရှိတဲ့ မြန်မာ့အထင်ကရ ပန်းချီ ဆရာကြီးတွေရဲ့ ပန်းချီကားတွေကို စုပေါင်းပြသတာမျိုးကစပြီး ပြည်တွင်း ပန်းချီအနုပညာလောက အတွင်း ကအထင်ကရ ရှိသူတွေ၊ လက်ရာကောင်းတန်းဝင်သူတွေရဲ့ ပန်းချီပြပွဲတွေကို စီစဉ်ပြသတာမျိုးတွေလုပ်ခဲ့ပါတယ်။
 
ကိုဗစ်ရောဂါကြောင့် ပြည်တွင်း Lockdown ကာလမှာ Yangon Gallery ပန်းချီပြခန်းဟာ အခြားသော ပန်းချီပြခန်းတွေနည်းတူ ပိတ်သိမ်းထားခဲ့ရပြီး စစ်အာဏာသိမ်းမှု နောက်ဆက်တွဲကြောင့် ၂၀၂၁ ခုနှစ် မတ်လမှာ နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှု ခံခဲ့ရပါတယ်။ လက်ရှိမှာ အခြားသော ပန်းချီပြခန်းတွေ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ် လုပ်ကိုင်နေပေမယ့် Yangon Gallery က ဆက်လက်ပိတ်ထားဆဲဖြစ်ပါတယ်။
 
သို့သော် ပြည်တွင်း ပန်းချီဈေးကွက်ကို နားလည်သူအချို့နဲ့ ပန်းချီအနုပညာပြခန်း လုပ်ကိုင်နေကြသူအချို့ရဲ့ အဆိုအရ လက်ရှိဖြစ်ပေါ်နေသော ပန်းချီဈေးကွက်အတွင်း ပန်းချီလောကအဝန်းအဝိုင်းက မဟုတ်တဲ့ ပန်းချီကားစုဆောင်းသူအသစ်တွေ၊ ပြခန်းအသစ်တွေ၊ စစ်တပ်အသိုင်းအဝိုင်း၊ ခရိုနီအသိုင်းအဝိုင်းနဲ့နီးစပ်တဲ့ ပန်းချီပြခန်းတွေ အသစ်ဖွင့်လှစ်ထားတာရှိတယ်လို့ ဆိုပါတယ်။
 
‘ ကျွန်တော်တို့ ပန်းချီအသိုင်းအဝိုင်းထဲက မဟုတ်ဘဲ အခုမှ collector (ပန်းချီကားစုဆောင်းသူ) ဆိုပြီးတော့၊ စစု ဆောင်းတာလည်း ၂ နှစ် ၃ နှစ် အတွင်းပဲရှိသေးတယ်။ သူတို့ထဲက ဖွင့်ထဲပြခန်းတွေရှိတယ်။ အဲဒါမျိုးဖွင့်ထားတဲ့ပြခန်း ၃-၄ ခန်းလောက်ရှိတယ် ’ လို့ ပန်းချီပြခန်းပိုင်ရှင်တစ်ဦးက ပြောပါတယ်။
 
သူက သူပိုင်တဲ့ ပန်းချီပြခန်း အမည်နဲ့ သူ့နာမည်ကို ထုတ်ဖော်မရေးဖို့ တောင်းဆိုခဲ့ပါတယ်။ သူညွှန်းဆိုတဲ့ ပြခန်း ၃-၄ ခန်းဆိုတာက စစ်တပ်အသိုင်းအဝိုင်း ၊ ခရိုနီအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဖွင့်လှစ်ထားတဲ့ ပန်းချီပြခန်းအသစ် တွေပါ။
 
၂၀၂၂ ခုနှစ် အစောပိုင်းကာလကစပြီး အသစ်ဖွင့်လှစ်ခဲ့တဲ့ ပန်းချီပြခန်း ၂၀ ခန့်ရှိပါတယ်။ အဲဒီအထဲမှာ စနစ်ကျ သေချာစွာ ပန်းချီအနုပညာပြခန်းအလုပ်ကို လုပ်ကိုင်နေကြသူတွေရှိသလို ဟန်ပြအဖြစ်သဘော လုပ်ကိုင်နေကြသူတွေလည်း ရှိပါတယ်။ ထို့နည်းတူ ငွေကြေးတတ်နိုင်တဲ့ အသိုင်းအဝိုင်းက အသက် ၃၀ ကျော် လူငယ်တွေ ပန်းချီ ကားစုဆောင်းမှုဈေးကွက်ထဲကို ဝင်ရောက်လာကြတာရှိပါတယ်။ တချို့က ပန်းချီအနုပညာကို အမှန်တကယ် ချစ်မြတ်နိုးတာမို့ စုဆောင်းလာကြပေမယ့် အများစုကတော့ စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ဝင်ရောက်လာကြတာများတယ်လို့ ပန်းချီလောကနဲ့ရင်းနှီးပတ်သက်သူအချို့က ဆိုပါတယ်။
 
‘ ရင်းနှီးမြှုပ်နှံမှုလုပ်တာ ရွှေဝယ်သလိုပေါ့။ အခု ၁၀ ( ကျပ် ၁၀ သိန်း) နဲ့ဝယ် နောက်တစ်နှစ်ကြာ နှစ်ဆ မြတ်မယ် ဆိုပြီး အတွေးအခေါ်နဲ့ ဝယ်တဲ့သူလည်းရှိတာပဲ။ တကယ်ပန်းချီကို၊ art ကို appreciate လုပ်ပြီးစုတဲ့ လူတန်းစား တစ်ခုရှိတယ်။ စီးပွားရေးရှု့ထောင့်ကနေ ရင်းနှီးမှုလုပ်တဲ့ လူတွေလည်းရှိတယ်။ ဒီ လူတွေထဲမှာ ဘယ်လူဦးရေ က ဘယ်လောက်လဲဆိုတာတော့ မခွဲခြားတတ်ဘူး ’ လို့ ပန်းချီဈေးကွက်ကို ရင်းနှီးကျွမ်းဝင်သူတစ်ဦးက ဆိုပါတယ်။