စစ်ကောင်စီက မှတ်ပုံတင်ဖို့ဖိအားပေးတာကြောင့် Pact Myanmar ချေးငွေလုပ်ငန်း မြန်မာပြည်က ထွက်ခွာမယ်

ဇွန်၊ ၂၇
 
မြန်မာနိုင်ငံမှာ အကြီးဆုံး အသေးစားချေးငွေလုပ်ငန်းအဖြစ် ဆောင်ရွက်နေတဲ့ Pact Myammar ကို စစ်ကောင်စီက အကျိုးအမြတ်နဲ့ ပိုင်ဆိုင်မှု အားလုံးကို အနာဂါတ်မှာ လွှဲပြောင်းပေးရန် တောင်းဆိုမှုကြောင့် ဇွန်လ ၃၀ ရက်တွင် ပိတ်သိမ်းတော့မယ်လို့ သိရပါတယ်။
 
Pact Global Microfinance Fund (PGMF) ရဲ့ ပိုင်ဆိုင်မှုအားလုံးကို အနာဂါတ်မှာ စစ်ကောင်စီကို လွဲပြောင်းပေးရန် သဘောမတူညီပါက အသေးစားငွေပေးချေးနိုင်ရန် စီးပွားရေးလုပ်ငန်းအဖြစ် မှတ်ပုံတင်ခွင့်ကို ခွင့်မပြုခဲ့ဘူးလို့ Pact Myanmar က ဇွန်လ ၂၆ ရက်မနေ့က သတင်းထုတ်ပြန်ပါတယ်။
 
“ ပြီးခဲ့တဲ့ နှစ်နှစ်တည်းက ချေးငှားသူနဲ့ ငွေစုသူ သိန်းပေါင်းများစွာအတွက် ဆက်ပြီး အလုပ်လုပ်နိုင်ဖို့ အဖွဲ့ကို ခွင့်ပြုဖို့ အစိုးရကို နားချခဲ့တယ်။ ကျွန်မတို့ကို မှတ်ပုံတင်ခွင့်ပြုဖို့ ငြင်းဆန်ခဲ့တဲ့အပြင် အစိုးရက နိုင်ငံကနေထွက်ရင် ထွက် ဒါမှမဟုတ် တရားမဝင် လုပ်ငန်းလည်ပတ်ဖို့ ဖိအားပေးခဲ့တယ် ” လို့ PGMFရဲ့ ဘုတ်အဖွဲ့ ဥက္ကဌ Ellen Varney က ပြောပါတယ်။
 
မြန်မာနိုင်ငံမှာ ၂၅ နှစ်တိုင် အမျိုးသမီးတွေကို အသေးစားချေးငွေပေးအပ်နေတဲ့ PGMF အဖွဲ့အစည်းဟာ စစ်ကောင်စီရဲ့တောင်းဆိုမှုအတိုင်း မှတ်ပုံတင်ရင် အမေရိကန်အစိုးရရဲ့ ပိတ်ဆို့အရေးယူမှု ဥပဒေကို ချိုးဖောက်မှု ဖြစ်လာနိုင်တဲ့ အချက်အပါအဝင် အကြောင်းရင်းများစွာကြောင့် လိုက်နာရန် မဖြစ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
 
စစ်ကောင်စီက သက်တမ်း မတိုးပေးတာ၊ အဖွဲ့အစည်းကနေ ကုမ္ပဏီပြောင်းဖို့ ညှိနှိုင်းမှု အဆင်မပြေတာ၊ စစ်ကောင်စီရဲ့ တောင်းဆိုချက်အားလုံးကို မလိုက်လျောနိုင်တာ စတဲ့အချက်တွေကြောင့် ဖျက်သိမ်းသွားတာဖြစ်တယ်လို့ Pact Myanmar က အမည်မဖော်လိုတဲ့ ချေးငွေအရာရှိတဦးက ပြောပါတယ်။
 
ဒါ့ကြောင့် ဇွန်လ ၃၀ ရက်မှာ မှတ်ပုံတင်နိုင်ခြင်း မရှိပါက PGMF ဟာ တရားမဝင် လုပ်ငန်းအဖြစ် ရောက်ရှိမှာဖြစ်ပြီး ဝန်ထမ်းပေါင်း လေးထောင်ကျော်အတွက်လည်း အန္တရာယ်ကြီးစွာ ကြုံတွေ နိုင်တယ်လို့ သိရပါတယ်။
 
“ Pact က Microfinance ထဲမှာ အကြီးဆုံးဖြစ်တဲ့အတွက် ခုလိုထွက်သွားတော့ ငွေချေးသူတွေအတွက်ရော ဝန်ထမ်းတွေအတွက်ပါ အခက်အခဲ တော်တော်ဖြစ်သွားရပါတယ်။ ဖြစ်နိုင်ရင်တော့ မပျက်သွားစေချင်ဘူး။ အရမ်းကိုကောင်းတဲ့ အဖွဲ့အစည်းတစ်ခုပါ။ အရင်ကတည်းကနေ အခုထိ နာမည်ပျက်မရှိဘဲ ရပ်တည်နေတဲ့အတွက် ဝန်ထမ်းတစ်ဦးအနေနဲ့ pact ကို အရမ်းဂုဏ်ယူမိပါတယ် ” လို့ အဲဒီအရာရှိက ပြောပါတယ်။
 
စစ်ကောင်စီက ပြီးခဲ့တဲ့ နှစ်က စတင်လို့ ပြည်သူတွေကို ချေးငွေအသစ် မပေးရန် ပိတ်ပင်ထားပြီး PGMF အဖွဲ့ရဲ့ မြီရှင်တွေကိုလည်း အတိုးနှုန်းပေးရန် အပါအဝင် ပြင်ပ ငွေအဝင်အထွက်တွေကိုလည်း ကြိုတင်အကြောင်းကြားမှု မရှိဘဲ ပိတ်ပင်ခံထားရတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် Pact Myanmar က အကြီးပိုင်းခေါင်းဆောင်တွေရဲ့ဗီဇာလျှောက်ထားမှုကိုလည်း စစ်ကောင်စီက ပယ်ချခံတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ဒီလကုန်ရင် မြန်မာနိုင်ငံက ထွက်ခွာတော့မှာဖြစ်တဲ့အတွက် Pact Myanmar ဟာ ချေးငှားသူ ၈၉၀,၀၀၀ ကျော်မှ ကြွေးမြီး အမေရိကန်ဒေါ်လာ ၁၅၆ သန်းကို လျှော်ပစ်ပြီး အကြွေးရှင်းတွေကို ငွေကြေးတွေ ပြန်လည် ပေးအပ်မယ်လို့ သိရပါတယ်။
 
Pact Myanmar က အသေးစားချေးငွေဟာ အတိုးနှုန်းသက်သာတဲ့အပြင် နှစ်ပတ်တခါသာ အတိုးနှုန်း ပေးသွင်းရတဲ့အတွက် တနိုင်တပိုင်လုပ်ငန်းလုပ်ကိုင်သူတွေ၊ အခြေခံလူတန်းစားတွေ အားထားရတယ်လို့ ငွေချေးသူတွေက ပြောကြပါတယ်။
 
” လေးငါးဆယ်ရက်လောက်တော့ ရှိပြီ စုငွေတွေ ပြန်ပေးတာ၊ ပြန်လည်း မထုတ်ပေးတော့ဘူး၊ ကြွေးကျန်ပိုက်ဆံ ကျန်သေးတဲ့လူတွေကိုတော့ ကောက်ဖို့ပြောတာမရှိဘူး။ လျှော်ပစ်မယ်လို့လည်း အတိအကျတော့ ပြောမသွားဘူး ” လို့ ဟင်္သာတမြို့က ချေးငွေယူသူတဦးက ပြောပါတယ်။
 
” ရွာကို လာနေတာတော့ Pact အပါအဝင် အဲ့လို အဖွဲ့နှစ်ခုရှိတာ၊ အခု နှစ်ဖွဲ့လုံး နားသွားတယ်၊ ရွာထဲကို ငွေချေးပေးတဲ့အဖွဲ့တွေ မလာကြတော့ဘူး ” လို့လည်း ဖြည့်စွက်ပြောပါတယ်။
 
PGMF ဟာ မြန်မာနိုင်ငံမှာ ရွာပေါင်း ၁၅၀၀၀ နီးပါးနဲ့ ဖောက်သည်ပေါင်း ၂ ဒဿမ ၃ သိန်းကို ၂၅ နှစ် တိုင်အောင် အသေးစားချေးငွေ ဝန်ဆောင်မှုတွေ ပေးခဲ့ပြီး ၉၉ ရာခိုင်နှန်းဟာ အမျိုးသမီးတွေ ဖြစ်ပါတယ်။ အဲဒီပမာဏာဟာ မြန်မာနိုင်ငံရှိ အိမ်ထောင်စု ဆယ်စုမှာ တစုနှုန်းထံကို လက်လှမ်းမီစေခဲ့တယ်လို့ သိရပါတယ်။
 
” အခြေအနေများခွင့်ပြုခဲ့ရင် ဒီလုပ်ငန်းခွင်ထဲကို ပြန်ရောက်လာနိုင်ဖို့ အသင့်ပြင်ဆင်ထားရှိပါတယ် ” လို့ PGMF ရဲ့ စီမံခန့်ခွဲမှုဥက္ကဌ Fahmid Bhuiya က ပြောပါတယ်။
 
ဓာတ်ပုံ – PGMF