စစ်ဖိနပ်အောက် ဒူးမထောက်ခဲ့သူ (သို့မဟုတ်) ဆလိုင်းတင်မောင်ဦး

ဇွန်၊ ၂၆
 
“ သူ့ရဲ့ ရုပ်ခန္ဓာ မရှိတော့ပေမယ့် သူ့ရဲ့နိုင်ငံရေးခံယူချက်၊ ဂုဏ်ပုဒ်နဲ့ သူ့ရဲ့နာမည်ဟာ ဘယ်တော့မှ မသေပါဘူး ” လို့ ဆလိုင်းထက်နီက ပြောတယ်။
 
ဆလိုင်းထက်နီဟာ လက်ရှိနွေဦးတော်လှန်ရေးကာလ ချင်းတောင်တန်းပေါ်က စစ်ကောင်စီတပ်တွေကို မဟာမိတ်အင်အားစုတွေနဲ့အတူ ဦးဆောင်တိုက်ခိုက်နေတဲ့ ချင်းအမျိုးသားတပ်ဦး (CNA/CNF)ရဲ့အဆင့်မြင့်အရာရှိတဦး ဖြစ်သလို ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်ပါတယ်။
 
ဆလိုင်းထက်နီ ရည်ညွှန်းတဲ့ သူဆိုတာကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးဆယ်နီးပါးအကြာ ၁၉၇၆ ခုနှစ်မှာ မဆလ တပါတီအစိုးရ အမည်ခံ စစ်အစိုးရက ကြိုးပေးသတ်ဖြတ်ခဲ့တဲ့ ဆလိုင်းတင်မောင်ဦး ပဲဖြစ်ပါတယ်။
 
အာဏာရှင်ဟောင်း ဦးနေဝင်း ရဲ့ မဆလ အာဏာရှင်အစိုးရခေတ်မှာ ကြိုးပေးသတ်ဖြတ်ခံခဲ့ရတဲ့ ချင်းတိုင်းရင်းသား ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ရဲ့ ယုံကြည်ချက်နဲ့ ရပ်တည်ချက်ကို အလေးအမြတ်ပြု ဦးညွှတ်ရုံနဲ့ ရပ်တန့်မနေဘဲ စံပြအဖြစ်ထားဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
 
“ ဆလိုင်းတင်မောင်ဦး ဟာ ရုပ်ခန္ဓာအားဖြင့် ကျဆုံးသွားပေမယ့် ဆလိုင်းတင်မောင်ဦးရဲ့ ယုံကြည်ချက်နဲ့ ရပ်တည်ချက်ကတော့ မသေဆုံးသေးပါဘူး။ အသက်ငယ်ရွယ်ပေမယ့် မြန်မာတနိုင်ငံလုံး စစ်ဖိနပ်ရဲ့ နင်းပြားအောက်က ရုန်းထွက်နိုင်အောင် ဆလိုင်းတင်မောင်ဦးဟာ သူ့ရဲ့ ရပ်တည်ချက်ကို ပြတ်ပြတ်သားသား ပြသခဲ့သူ ဖြစ်ပါတယ် ” လို့ ယာယီသမ္မတက ပြောပါတယ်။
 
ဆလိုင်းတင်မောင်ဦး ကျဆုံးတဲ့ ၄၇ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ဒီကနေ့မှာ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီက ဦးဆောင်ကျင်းပခဲ့ပြီး NUG ယာယီ သမ္မတ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တို့ တက်ရောက်မိန့်ခွန်းပြောခဲ့ကြပါတယ်။
 
ဆလိုင်းတင်မောင်ဦးလို့ ပြောရင် ကျွန်တော်တို့ဟာ သူရဲ့ တော်လှန်သတ္တိကို အထူးပြု ပြောရပါလိမ့်မယ်၊ ဒါ့အပြင် ဒါတွေဟာ ကျွန်တော်တို့အတွက် အောက်မေ့စရာ သက်သက်မျှသာ မဟုတ်ပါဘူး၊ လေးစား အတုယူဖွယ် စိတ်အား သတ္တိတွေဖြစ်တယ်လို့ ပြောချင်ပါတယ် ” လို့ NUG ယာယီသမ္မတက ပြောပါတယ်။
 
ဆလိုင်းတင်မောင်ဦးဟာ တက္ကသိုလ်ကျောင်းသားဘဝတလျှောက် ကျောင်းသားနိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ အလုပ်သမားအရေး လှုပ်ရှားမှုတွေမှာ ထဲထဲ ဝင်ဝင်ပါဝင်ခဲ့ပြီး ၁၉၆၉ ခုနှစ် ကျွန်းဆွယ်အားကစားပွဲ ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၄ ခုနှစ် ဦးသန့် အရေးအခင်း၊ ၁၉၇၅ ခုနှစ် ရွှေတိဂုံ ကျောင်းသားအရေးအခင်း၊ ၁၉၇၆ ခုနှစ် မှိုင်းရာပြည့် အရေးအခင်း လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်ခဲ့ပါတယ်။
 
စစ်ကောင်စီက သူ့ကိုဖမ်းဆီးဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် တိမ်းရှောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် မှိုင်းရာပြည့် အရေးအခင်းအတွက် ဦးဆောင်ကြိုးပမ်းနေချိန် ၁၉၇၆ ခုနှစ် မတ်လ ၁၉ ရက်မှာတော့ ဆလိုင်းတင်မောင်ဦး ဟာ ဖခင်ဖြစ်သူ၊ အကိုဖြစ်သူတို့နဲ့ အတူ ဖမ်းဆီးခံခဲ့ရပါတယ်။ ဒါ့အပြင် ဆလိုင်းတင်မောင်ဦးရဲ့ ညီမဖြစ်သူ မိုင်ပိုပိုတင်(ခ) မလှမြိုင်ဟာလည်း မှိုင်းရာပြည့်အရေးအခင်း လှုပ်ရှားမှုမှာ ပါဝင်ခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရပါသေးတယ်။
 
မဆလ တပါတီအာဏာရှင် အစိုးရကို ဆလိုင်းတင်မောင်ဦးကို ဖမ်းဆီးပြီးနောက် သုံးလဝန်းကျင်အကြာ ဇွန်လ ၂၆ ရက်မှာ အင်းစိန်အကျဉ်းထောင်တွင်းမှာပဲ ကြိုးပေးသတ်ဖြတ်ခဲ့ပါတယ်။ အဲ့ဒီလိုသတ်ဖြတ်ခံရချိန်မှာ ဆလိုင်းတင်မောင်ဦးဟာ အသက် ၂၅ နှစ်ဝန်းကျင်အရွယ်သာ ရှိပါသေးတယ်။
 
” မင်းတို့ စစ်ဖိနပ်အောက် ငါဘယ်တော့မှ ဒူးမထောက်ဘူး ” ဆိုတဲ့ ဆလိုင်းတင်မောင်ဦးရဲ့ ကြွေးကြော်သံဟာ နှစ်ပေါင်း ငါးဆယ်နီးပါးအကြာ ဒီကနေ့အထိ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးနဲ့ အာဏာရှင်ရှင်စနစ် ဆန့်ကျင်ရေးတွေမှာ ထင်ရှားတဲ့ ကြွေးကြော်သံအဖြစ် ရှိနေဆဲဖြစ်သလို ကြိုးပေးခံရချိန် နောက်ဆုံးအချိန်အထိ အာဏာရှင် စနစ်ကို ကြံ့ကြံ့ခံဆန့်ကျင်ခဲ့တာကြောင့် စိတ်ဓာတ်ပြင်းထန်တဲ့ ကျောင်းသားခေါင်းဆောင်တဦးအဖြစ် အသိအမှတ်ပြုခံနေရဆဲပါ။
 
“ စစ်ဖိနပ်အောက်မှာ ဘယ်တော့မှ အညံ့ခံ အရှုံးမပေးခဲ့တဲ့ ဆလိုင်းတင်မောင်ဦး ဟာ လက်ရှိ နွေဦးတော်လှန်ရေးမှာ တော်လှန်သော ဝိညာဉ်အားဖြင့် ပူးဝင်ပြီးတော့ စိတ်အားသတ္တိတွေ ပေးပါလို့ ကျွန်တော် မျှော်လင့်မိပါတယ် ” လို့ NUG ယာယီသမ္မတက ဒီကနေ့အခမ်းအနားမှာ ပြောပါတယ်။
 
အလားတူ NUG အစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ဆလိုင်းတင်မောင်ဦးဟာ စစ်အာဏာရှင်တွေရဲ့ အကြောက်တရား သွတ်သွင်းမှုကို နောက်ဆုံးထွက်သက်အထိ ငြင်းဆန်အံတုခဲ့သူလို့ ဒီကနေ့ နှစ်ပတ်လည် အခမ်းအနားမှာ ဂုဏ်ပြုစကားဆိုပါတယ်။
 
“ စစ်အာဏာရှင်ပေးတဲ့ အကြောက်တရားတွေက လူသာမန်တွေအတွက် ကြောက်စရာဖြစ်ပါတယ်၊ သို့သော် အဲဒီ အကြောက်တရားတွေကို မလွန်ဆန်နိုင်ရင် တရားမျှတမှုနဲ့ လွတ်လပ်ခြင်းတွေ သားစဥ်မြေးဆက် ပျောက်ဆုံးသွားနိုင်တာကတော့ ပိုပြီးတောင်ကြောက်စရာကောင်းလွန်းပါတယ်၊ တရားမျှတမှုနဲ့ လွတ်လပ်ခြင်း မရှိရင် စစ်မှန်တဲ့ လုံခြုံငြိမ်းချမ်းမှုနဲ့ လူတွေရဲ့ကိုယ်ပိုင်ပြဌာန်းရွေးချယ်နိုင်ခွင့်တွေ ဘယ်တော့မှ မရလာနိုင်ပါဘူး ” လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဆိုပါတယ်။
 
ဒီမိုကရေစီအရေးနဲ့ အဖိနှိပ်ခံလူထု လွတ်မြောက်ရေးအတွက် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်ခဲ့တဲ့ အသက် ၂၆ နှစ်အရွယ် ချင်းအမျိုးသား ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို စစ်ဗိုလ်ချုပ် နေဝင်း ဦးဆောင်တဲ့ မဆလ စစ်အစိုးအရက လူမသိသူမသိ ကြိုးပေးသတ်ဖြတ်ခဲ့တဲ့ သမိုင်းကို ဒီနေ့တိုင် စစ်အုပ်စုက ဖုံးကွယ်ထားဆဲဖြစ်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ချင်းကျောင်းသားများ သမဂ္ဂတို့ရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
လက်ရှိနွေဦးတော်လှန်ရေးကာလအတွင်း ကြိုးပေးသတ်ဖြတ်ခံခဲ့ရတဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော် တို့ဟာ ဆလိုင်းတင်မောင်ဦး နောက်ပိုင်း ဆယ်စုနှစ်ငါးခုအတွင်း ပထမဆုံး ကြိုးပေး သတ်ဖြတ်ခံရသူတွေ ဖြစ်တယ်လို့ မှတ်တမ်းတချို့က ဆိုပါတယ်။
 
ဆလိုင်းတင်မောင်ဦးရဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်အံတုရေး လုပ်ဆောင်ချက်တွေဟာ ချင်းလူမျိုးတွေအပါအဝင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်အံတုကြသူတိုင်း စံနမူနာထား အသိအမှတ်ပြုဖို့ ထိုက်တန်တယ်လို့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ဒါကြောင့် ဆလိုင်းတင်မောင်ဦး အထိမ်းအမှတ်နေ့ကို မြန်မာနိုင်ငံတဝှမ်းလုံးမှာ နှစ်စဉ်ကျင်းပကြဖို့လည်း ချင်း အမျိုးသားအတိုင်ပင်ခံကောင်စီက တိုက်တွန်းထားပါတယ်။
 
ဆလိုင်းတင်မောင်ဦးရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေထဲမှာ “ မင်းတို့ ငါ့ရဲ့ ခန္ဓာကိုယ်ကို သတ်ချင်သတ်လို့ရမယ်၊ ဒါပေမယ့် ငါ့ရဲ့ယုံကြည်ချက်နဲ့ ခံယူချက်တွေကိုတော့ ဘယ်တော့မှ သတ်လို့မရနိုင်ဘူး ” ဆိုတဲ့ ကြွေးကြော်သံဟာ ဒီကနေ့အထိ ထင်ရှားနေဆဲ၊ အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲတွေမှာ လက်ကိုင်ထားနေကြရဆဲ ဖြစ်ပါတယ်။
 
“ စစ်တပ်ဟာ လူတဦးတယောက်ခြင်းစီကိုသာ သတ်လို့ရပေမယ့် လူထုရဲ့တော်လှန်ရေးကို သတ်လို့မရပါဘူး ” လို့ ဗကသများ အဖွဲ့ချုပ်နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ချင်းကျောင်းသားများ သမဂ္ဂတို့ရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ဓာတ်ပုံ – Google