မောင့်အတွက် ယူနိုက်တက်ရဲ့ တတိယအကြိမ် ကမ်းလှမ်းမှုကို ချဲလ်ဆီး ထပ်မံပယ်ချ

ဇွန် ၊ ၂၄

မန်ချက်စတာ ယူနိုက်တက် အသင်းက ကွင်းလယ်လူ မေဆန်မောင့်အတွက် တတိယအကြိမ် ကမ်းလှမ်းမှုကို ချဲလ်ဆီးက ပယ်ချလိုက်ပါတယ်။

 စတာလင်​ပေါင် ၅၅ သန်း ဝန်းကျင်လောက် တန်ကြေးရှိမယ်လို့ ယုံကြည်ရတဲ့ ပြောင်းရွှေ့ကြေးနဲ့ ချဉ်းကပ်မှုကို ချဲလ်ဆီးက ငြင်းဆိုလိုက်တဲ့နောက် မောင့်ရဲ့ အပြောင်းအရွှေ့ အထမြောက်နိုင်ခြေက အတော် နည်းသွားပြီလို့ ယုံကြည်ရပါတယ်။ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်တော့တဲ့ ကစားသမားအတွက် ချဲလ်ဆီးဖက်က စတာလင်ပေါင် ၆၅ သန်းလောက် အလိုရှိနေတာဟာ လက်တွေ့မကျဘူးလို့ ယူနိုက်တက်က ယူဆထားပါတယ်။

 အတွင်းလူ တချို့ရဲ့ အဆိုအရ ယူနိုက်တက်ဟာ တတိယ အကြိမ်မြောက် ကမ်းလှမ်းမှု အဆင်မပြေရင် မောင့်ကို ထပ်မံ ကမ်းလှမ်းတော့မှာ မဟုတ်ဘူးလို့ ကြိုတင် ရာဇသံ ပေးထားခဲ့ကြောင်း သိရပါတယ်။ ယူနိုက်တက်ဟာ အစောပိုင်း နှစ်ကြိမ်တုန်းက စတာလင်ပေါင် သန်း ၄၀ နဲ့ ၅၀ စီ တန်ကြေးရှိတဲ့ ကမ်းလှမ်းမှုတွေ ပြုလုပ်ထားပြီးပါပြီ။

 ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး စာချုပ် သဘောတူညီမှုတွေ ညှိနှိုင်းဖို့က ပြဿနာ တခု မဟုတ်နိုင်ဘဲ မောင့်ကိုယ်တိုင်က အိုးလ်ထရက်ဖို့ဒ် ကွင်းကြီးဆီ ပြောင်းရွှေ့ဖို့ လိုလားနေတယ်လို့ ယူနိုက်တက်က အခိုင်အမာ ယူဆထားပါတယ်။ ဒါပေမဲ့ အသင်းနှစ်သင်းကြား ပြောင်းရွှေ့ကြေးကိစ္စ ညှိမရတာကိုတော့ မဖြေရှင်းနိုင်သေးပါဘူး။

 အသက် ၂၄ နှစ်အရွယ် မောင့်ဟာ ၂၀၁၉ ခုနှစ်မှာ ချဲလ်ဆီးအတွက် စတင် ပွဲထွက်ခဲ့ပြီး ၁၉၅ ပွဲကစား ၃၃ ဂိုး သွင်းယူခဲ့ပါတယ်။ သူဟာ ချဲလ်ဆီးနဲ့အတူ ချန်ပီယံလိဂ်၊ ဖီဖာ ကမ္ဘာ့ကလပ်အသင်းများ ဖလားနဲ့ ဥရောပ စူပါဖလားတို့ကို ဆွတ်ခူး ရရှိထားပြီးပါပြီ။

 သူဟာ အင်္ဂလန် လက်ရွေးစင် အသင်းအတွက်လည်း ၃၆ ကြိမ်ထိ ကိုယ်စားပြုပြီး ၅ ဂိုး သွင်းယူထားပါတယ်။ မောင့်ဟာ ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အင်္ဂလန် အသင်းအတွက်လည်း ရွေးချယ်ခံခဲ့ရပါတယ်။