ဇွန်၊ ၂၃
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာ မှာ ဒီကနေ့ ဇွန်လ ၂၃ ရက် မနက် ၁၂ နာရီလောက်က ရဲတပ်ဖွဲ့ဝင် ပစ်ခတ်ခံရလို့ တဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရတယ်လို့ ရွာခံတွေက ပြောပါတယ်။
ကားနဲ့ ပြန်လာတဲ့ မောင်းမကန်နယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေဟာ စခန်းအနီးက ဘုရားကုန်းနားအရောက်မှာ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး တဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရတယ်လို့ ရွာခံတွေက ပြောပါတယ်။
” သူတို့ (ရဲ)က စလွန်းကား အဖြူလေးနဲ့ ရွာထဲ အမြဲကင်းလှည့်နေကျ၊ အခုလည်း ကင်းလှည့်ပြီး အပြန်မှာ ပစ်ခံထိတာဖြစ်မယ်၊ သေတာက ရဲညွန့်၊ သူ ဒီစခန်းမှာ တာဝန်ကျနေတာက ကြာပြီ ” လို့ မောင်းမကန်ရွာခံ အမျိုးသမီးတဦးက DNA ကို ပြောပါတယ်။
စစ်ကောင်စီ တပ်ထောက်ခံသူ တွေဘက်ကလည်း ဒီကနေ့ ဇွန်လ ၂၃ ရက်၊ မနက် ၁၁ နာရီလောက်မှာ မောင်းမကန်ရဲစခန်း တိုက်ခိုက်ခံရပြီး ရဲတပ်ကြပ်ကြီး ရဲညွန့် ကျဆုံးသွားတယ်လို့ ပြောဆိုနေကြပါတယ်။
အဲဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဒီကနေ့ ဇွန်လ ၂၃ ရက် ညနေ ၄ နာရီခွဲကျော်အထိ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အပါအဝင် ဘယ်အဖွဲ့ကမှ တစုံတရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ပစ်ခတ်ခံရပြီး နှစ်နာရီလောက်အကြာမှာတော့ ထားဝယ်မြို့အဝင်က မြောကင်းတံတား စစ်ဆေးရေးဂိတ် ဘက်ကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မြေသယ်ကားနှစ်စီးနဲ့ မောင်းမကန်ဘက်ကို ဆင်းသွားတယ်လို့ မျက်မြင်တွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဒေသခံတဦးက ပြောပါတယ်။
” ကားနဲ့လာရင် မိနစ်သုံးဆယ်တောင် မပြည့်ဘူး၊ ဒါပေမယ့် လမ်းမှာက တောင်ပတ်လမ်းတွေ ဖြတ်ရသေးတော့ အဲမှာ ကြာနေတာလားမသိဘူး၊ အရင်ကလည်း အဲလမ်းတွေမှာ သူတို့ မိုင်းဆွဲခံထိဖူးတယ်။ သူတို့ဆင်းလာနေတော့ ရွာခံတွေလည်း လန့်နေကြတယ်၊ လောလောဆယ်တော့ ရွာထဲမှာ ငြိမ်နေတယ်၊ အရေးပေါ်ကားတွေ သွားလာနေတာမျိုးလည်း မရှိဘူး” လို့ မောင်းမကန်ရွာခံတဦးက ပြောပါတယ်။
မောင်းမကန်ကျေးရွာဟာ ထားဝယ်မြို့နဲ့ ၇ မိုင်လောက်အကွာမှာ တည်ရှိပြီး နာမည်ကျော် မောင်းမကန်ကမ်းခြေ ရှိတဲ့ ရွာတရွာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ညကလည်း မောင်းမကန်ရွာနဲ့ တမိုင်လောက်သာဝေးတဲ့ ကျောက်ဆင်ရွာနဲ့ သဘော့ဆိပ်ရွာကြား ကင်းပုန်းဝပ်ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရလို့ တဦးသေဆုံးပြီး MA3 အမျိုးအစား သေနတ်တလက်နဲ့ ကျည်ဆန် သုံးရာကျော်ကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ပါသေးတယ်။
မောင်းမကန်နယ်မြေရဲစခန်း ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်နေ့ ညကလည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါသေးတယ်။
ဓာတ်ပုံ – CJ
ပုံစာ – မောင်းမကန်နယ်မြေရဲစခန်း (ပုံဟောင်း)