ဇွန်၊ ၂၃
မြန်မာစစ်တပ်ဟာ စနစ်တကျ ဖွဲ့စည်းထားပြီး အတွေ့အကြုံနဲ့ စွမ်းရည်ပြည့်ဝတဲ့ တပ်မတော်ဖြစ်လို့ သာမန်လက်နက်ကိုင်အဖွဲ့တွေကို အလွယ်တကူ ချေမှုန်းနိုင်စွမ်း ရှိပေမယ့် နိုင်ငံသားအများအပြား သေကျေမှာဖြစ်လို့ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေတာလို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်ကနေ ၁၉ ရက်အထိ နှစ်ရက်ကြာ ထိုင်းနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲမှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး က အဲ့ဒီလို ပြောဆိုခဲ့တာလို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။
ပြည်တွင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်မြောက်မွေးနေ့ ပန်းသပိတ်မှာ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပန်းပန်သူတွေ၊ ပန်းပွင့်နဲ့ ပန်းစည်းကိုင်လာသူတွေကို ဖမ်းဆီးမှုတွေ လုပ်နေချိန်နဲ့ တပြိုင်တည်း ထိုင်းနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အဲဒီအစည်းအဝေးမှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး က အထက်ပါအတိုင်း ပြောဆိုခဲ့တာပါ။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်ဗိုလ်ချုပ်တွေကလည်း ပြည်တွင်းက လက်နက်ကိုင်တပ်ဖွဲ့တွေကို အလွယ်တကူ ချေမှုန်းနိုင်စွမ်းရှိကြောင်း မကြာခဏ ပြောဆိုကြွေးကြော်လေ့ရှိပြီး လက်ရှိ တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းပေးမှုနဲ့ အပစ်ရပ်ထားရတဲ့ ရခိုင့်တပ်တော် AA အဖွဲ့ကိုလည်း အမြစ်ပြတ်ချေမှုန်းမှာဖြစ်တယ်လို့ စစ်ခေါင်းဆောင်တွေက အရင်က ပြောဆိုခဲ့ကြဖူးပါတယ်။
လက်ရှိ နွေဦးတော်လှန်ရေး ကာလမှာလည်း စစ်ကောင်စီတပ်တွေဟာ မြေပြင်တိုက်ပွဲတွေမှာ အများအားဖြင့် အထိနာလေ့ရှိပြီး လေကြောင်း၊ လက်နက်ကြီး အဆမတန်သုံးစွဲမှုနဲ့ ကျားကန်နေရတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောထားကြပေမယ့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ကတော့ လက်နက်ကိုင်အဖွဲ့တွေကို အလွယ်တကူ ချေမှုန်းနိုင်စွမ်း ရှိတယ်လို့ ပြောဆိုခဲ့တာပါ။
အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခ တိုးမြင့်လာမှုနဲ့ပတ်သက်လို့လည်း စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးက တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ EAO တွေကို အပြစ်တင်ပြောဆိုခဲ့ပါသေးတယ်။
နိုင်ငံရေးမတည်ငြိမ်မှုကို အခွင့်ကောင်းယူကာ EAO တချို့က ကိုဗစ်ကာလ စီးပွားရေး၊ လူမှုရေး၊ အခက်အခဲ တွေကြောင့် စိတ်ထိခိုက်ခံစားလွယ်နေတဲ့ လူငယ်တွေကို PDF အဖြစ် သင်တန်းပေးလက်နက်တပ်ဆင်ပြီး အေးချမ်းနေတဲ့ ပြည်တွင်းဒေသတွေမှာ လက်နက်ကိုင်တိုက်ခိုက်မှုတွေ ပေါ်ပေါက်လာအောင် ဖန်တီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် EAO တွေဟာ နယ်စပ်ဒေသတွေမှာ မူးယစ်ဆေးဝါး၊ လက်နက်နဲ့ လူမှောင်ခိုမှု စတဲ့ တရားမဝင်လုပ်ငန်း တွေကနေ ရရှိတဲ့ အကျိုးအမြတ်တွေကို မစွန့်လိုတာကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အပြည့်အဝမပါ ဝင်ခဲ့ကြဘူးလို့လည်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးက ပြောပါသေးတယ်။
လက်ရှိ ထိုင်းအစိုးရ က ဦးဆောင်စီစဉ်ပြီး စစ်ကောင်စီကိုလည်း ဖိတ်ကြားခဲ့တဲ့ ဘန်ကောက်မြို့က အလွတ်သဘော ဆွေးနွေးပွဲဟာ ပြည်တွင်းတော်လှန်ရေး အင်အားစုတွေသာမက အာဆီယံအလှည့်ကျ ဥက္ကဌ အင်ဒိုနီးရှား အပါအဝင် အာဆီယံနိုင်ငံတချို့က ဝေဖန်ကန့်ကွက်ကြတဲ့ကြားက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ပြည်တွင်း အခြေစိုက် လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေရဲ့ မှတ်တမ်းတွေမှာတော့ အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီတပ်သားတွေက နိုင်ငံတဝန်းက ပြည်သူပိုင်နေအိမ် ခုနစ်သောင်းကျော်ကို မီးရှို့ဖျက်ဆီးခဲ့သလို ပြည်သူ ၃၇၀၀ နီးပါးကို သတ်ဖြတ်ခဲ့တယ်လို့ ဖော်ပြထားကြတာပါ။
အဲ့ဒီသေဆုံးသူတွေထဲက လူတထောင်ကျော်ဟာ စစ်ကောင်စီက ဖမ်းဆီးထားစဉ်အချိန်အတွင်း သေဆုံးခဲ့ရတာလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ပြည်သူ ၂၃၀၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၁၉၀၀၀ ကျော်ကို လက်ရှိအချိန်အထိ ဖမ်းဆီးအကျဉ်းချထားဆဲဖြစ်တယ်လို့ AAPP ရဲ့အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကတော့ ထိုင်းနိုင်ငံက မြန်မာ့အရေး အလွတ်သဘောအစည်းအဝေး အတွင်း အဲ့ဒီအခြေအနေတွေနဲ့ပတ်သက်လို့ ထည့်သွင်းပြောဆိုခဲ့တာ မရှိပေမယ့် NUG၊ PDF တို့ရဲ့လက်ချက်နဲ့ နိုင်ငံ့ဝန်ထမ်း တထောင်နီးပါး အပါအဝင် လူ ၅၈၀၀ ကျော် သေဆုံးခဲ့တယ်လို့ ထည့်ပြောခဲ့ပါတယ်။
ဓာတ်ပုံ – KNDF/Cobra Column/ CNO
ပုံစာ – အာဏာသိမ်းပြီးနောက်တိုက်ပွဲများအတွင်းတော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတချို့။