ဒီချုပ်ပါတီက ထုတ်ပယ်ခံထားရတဲ့ လွှတ်တော်အမတ်ဟောင်းကို ဒီပဲယင်း ပကဖ ဖမ်းဆီးထား

ဇွန်၊ ၂၂
 
ဒီချုပ်ပါတီ ဒီပဲယင်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဝင်းမြင့်အောင်ကို မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေက ဖမ်းဆီးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ နီးစပ်သူတွေထံမှ သိရပါတယ်။
 
” ဖမ်းတာက လွန်ခဲ့တဲ့ နှစ်ပတ်လောက်ပါ၊ ဖမ်းသွားတဲ့အဖွဲ့တွေက မြို့နယ်ကာကွယ်ရေးအဖွဲ့ တွေပါ၊ အဲလိုပဲ ပြောလို့ရမှာပေါ့နော်၊ အဓိက စစ်ကောင်စီနဲ့ ပူးပေါင်းနေတယ် ယူဆလို့ ဖမ်းတာလည်း ပါတယ် ” လို့ ဒီပဲယင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)နဲ့ နီးစပ်သူတစ်ဦးက DNA ကို ပြောပါတယ်။
 
ဦးဝင်းမြင်အောင်ဟာ ရွှေဘို အကျဉ်း ထောင်မှာ အကျဉ်းချခံထားရတဲ့ ညီဖြစ်သူထံ သွားရောက်ချိန် လမ်းခုလတ်မှာ ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတာလို့လည်း ဆက်ပြောပါတယ်။
 
” သူကလည်း လက်နက်ကိုင်တော်လှန်ရေးကို အားမပေးဘူး၊ အားမပေးတဲ့ အပြင် မြို့ပေါ်မှာလည်း ငြိမ်းချမ်းရေးတရား ဟောတာမျိုးတော့ ရှိတယ်ဆိုပြီးတော့ စောင့်ကြည့်နေတယ်၊ စစ်ကောင်စီနဲ့ ပူးပေါင်းခြင်း ရှိ၊ မရှိ သံသယဝင် နေကြတယ်၊ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ဖမ်းဆီးလိုက်တာပဲ ကျွန်တော်တို့ သိထားတယ် ” လို့ ဖြည့်စွက်ပြောပါတယ်။
 
လက်ရှိ ဦးဝင်းမြင့်အောင်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ဆေးမှုတွေ ဆောင်ရွက်နေကြပြီး အပြစ်မရှိရင် ပြန်လွှတ်ပေးမှာဖြစ်ကြောင်းနဲ့ အပြစ်ရှိရင်တော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ချမှတ်ထားတဲ့ ဥပဒေပြဌာန်းချက်တွေအတိုင်း အရေးယူ သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
“ အခုစစ်နေတုန်းပဲလို့ သိရတယ်၊ တကယ်လို့ စစ်ကောင်စီနဲ့ ပူးပေါင်းတာ စစ်ဆေးတွေ့ရှိရင် လုပ်ထုံးလုပ်နည်းနဲ့ NUG က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းဥပဒေအနဲ့အညီ တရားစွဲခံရတာတွေ ဖြစ်လာနိုင်တာပေါ့။ အပြစ်မရှိရင်တော့ သူလွတ်မှာ ပေါ့၊ ဒါပဲ ရှိတယ် ” လို့ အဲဒီ မြို့နယ် ပကဖ နဲ့ နီးစပ်သူက ပြောပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်မှာလည်း လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဝင်းမြင့်အောင်ကို စစ်ကောင်စီတပ်ဖွဲ့တွေက နေအိမ်မှာ လာရောက်ဖမ်းဆီးခဲ့ပေမယ့် သူ့ကို ရှာမတွေ့လို့ မိသားစုဝင်တွေကို ဖမ်းဆီးခဲ့ပါတယ်။
 
အဲဒီနောက် ဦးဝင်းမြင့်အောင်လည်း စစ်ကောင်စီထံ ဖမ်းဆီးခံခဲ့ရပြီးနောက် မကြာခင်မှာပဲ ပြန်လည်လွတ်မြောက်လာပြီး စစ်ကောင်စီရဲ့ စီစဉ်ပေးမှုနဲ့အတူ နေပြည်တော်အကျဉ်းထောင်မှာ အကျဉ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် တွေ့ဆုံခဲ့ပါတယ်။
 
အဲဒီနောက် ဒီချုပ်ပါတီ ဗဟိုအလုပ်ကော်မတီက ဦးဖြိုးမင်းသိန်း၊ ဦးဝင်းမြင့်အောင်နဲ့ အတူ ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံခဲ့တဲ့ ဦးတိုးလွင်၊ ဒေါ်စန္ဒာမင်းတို့နဲ့ အတူ ပါတီကပြီးခဲ့တဲ့ မတ်လက ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။
 
“ ပြီးခဲ့တဲ့ မတ်လကတည်းက သူ့ကို ပါတီကနေ ထုတ်ပယ်ထားတာပါ၊ ကော်မတီကနေ ထုတ်လိုက်တဲ့သူတွေဆို လေးဦးလောက် ရှိပါတယ်။ ဒီဖြစ်စဉ်က သေချာတယ်ဆိုရင် ဒါက ပထမဆုံး ထုတ်ပယ်ခံထားရတဲ့ ပါတီဝင်တစ်ဦး ဖမ်းဆီးခံရတာလို့ ပြောလို့ရပါတယ် ” လို့ ဒီချုပ်ပါတီရဲ့ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ အနိုင်ရ ရန်ကုန်တိုင်းလွှတ်တော်အမတ် ဦးဘိုဘိုဦး က ပြောပါတယ်။
 
ဒီချုပ်ပါတီရဲ့ ကိုယ်စားလှယ်ဟောင်းတယောက်ကို အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ တပ်ဖွဲ့ ဖမ်းဆီးတာ ပထမဦးဆုံးဖြစ်ပြီး ဖမ်းဆီးမှုနဲ့ပတ်သတ်ပြီး တရားဝင်သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
 
တဖက်မှာလည်း မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးထားတဲ့ ဦးဝင်းမြင့်အောင်ဟာ လက်ရှိမှာ မတရားနှိပ်စက်ခံ ထားရပြီး အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်နဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ သတင်းဖြန့်ဝေထားပါတယ်။
 
ဒီအခြေအနေနဲ့ပတ်သက်ပြီး ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတဦးကတော့ “ အခုက စစ်ကောင်စီရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာပေါ့၊ ရိုက်နှက်ခံထားရတယ်၊ အသက်အန္တရာယ်ရှိတယ်၊ တချို့လည်း သတ်လိုက်ပြီလို့ သတင်းအမှားတွေ ဖြန့်နေတာရှိတယ်၊ ဒါပေမယ့် အဲဒါတွေက သတင်းအမှားတွေပါ။ ပြောချင်ပါတယ် ” လို့ ပြောပါတယ်။
 
ဓာတ်ပုံ – Social Media