စီမံချက် အကြောင်းပြ သိမ်းဆည်းထားတဲ့ ဆိုင်ကယ်တွေကို ရဲတပ်ဖွဲ့ဝင်အချို့ ပြန်ရောင်းချမှုရှိနေ

ဇွန်၊ ၂၁
 
စစ်ကောင်စီက စီမံချက်ကို အကြောင်းပြပြီး ပြည်သူတွေဆီက အဓမ္မသိမ်းယူထားတဲ့ မော်တော်ဆိုင်ကယ်တွေကို မြို့နယ်ရဲစခန်းတွေက ပြင်ပကို ပြန်ပြီး ခိုးရောင်းတာတွေ ရှိနေတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေက DNA ကိုပြောပါတယ်။
 
” တစီးကို နှစ်သိန်းကနေ လေးသိန်းလောက်အထိ ပေးရတယ်။ တခါဝယ်ရင် နှစ်စီးသုံးစီးနဲ့ အခုဆိုရင်တော်တော်လေးကို များပြီ။ ကျွန်တော်တို့လည်း အခုဝယ်တယ်။ ပြန်ရောင်းတယ်။ သူတို့ရဲ့အသိတွေနဲ့ ဒီလိုပဲ ချိတ်ဆက် ဝယ်လိုက်တာ။ ဖမ်းထားတာတွေကလည်း အများကြီးဆိုတော့ သူတို့အတွက် စိတ်ကြိုက်ဖြစ်နေတာပေါ့ ” လို့ လှိုမြို့နယ် ရဲစခန်းတခုကနေ တဆင့်ပြန်လည်ဝယ်ယူခဲ့သူတဦးက ပြောပါတယ်။
 
စစ်ကောင်စီ လက်အောက်ခံ ယာဉ်ထိန်းတပ်ဖွဲ့၊ ရဲတပ်ဖွဲ့ တွေဟာ ရန်ကုန်မြို့မှာ ဆိုင်ကယ်စီးခွင့် မရှိလို့ ဖမ်းဆီးတာ၊ နယ်မြို့တွေမှာ လိုင်စင်မရှိလို့ သိမ်းဆည်းထားတဲ့ ဆိုင်ကယ်တွေ၊ သူခိုးတွေဆီက ဖမ်းမိပြီး ရဲစခန်းမှာ သိမ်းဆည်းထားတဲ့ ဆိုင်ကယ်တွေကို ပြန်လည်ရောင်းချနေတာပါ။
 
ပြည်သူတွေဆီက သိမ်းဆည်းထားတဲ့ ဆိုင်ကယ်တွေကို ရဲတပ်ဖွဲ့က ဆိုင်ကယ်ဝယ်ရောင်းတွေ၊ ဆိုင်ကယ်ပြင်ဆိုင်တွေနဲ့ သူတို့နဲ့ နီးစပ်သူတွေကို ရောင်းချနေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီလို ဝယ်ယူသူတွေထဲမှာ တခြားနယ်တွေကို တဆင့်ပြန်လည်ရောင်းချသူတွေက အများဆုံးဖြစ်တယ်လို့လည်း တဆင့်ပြန်လည်ဝယ်ယူခဲ့သူတဦးက ပြောပါတယ်။
 
ဒါ့အပြင် ရောင်းချတဲ့နေရာမှာ ဆိုင်ကယ်အစီးလိုက် ရောင်းချတာ၊ ဆိုင်ကယ်ရဲ့အစိတ်အပိုင်းအလိုက် ရောင်းချတာတွေအပြင် အဟောင်းပေးပုံစံမျိုး စတဲ့နည်းအမျိုးမျိုးနဲ့ ရောင်းနေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
 
ပြန်လည်ရောင်းချတဲ့ ဆိုင်ကယ်တွေကို လိုချင်တဲ့ မြို့နယ်အလိုက်အထိ အဖမ်းအဆီးမရှိစေအောင် ပို့ဆောင်ပေးတယ်လို့လည်း ဝယ်ယူသူတွေဆီကို ပို့ဆောင်ပေးရသူတဦးက ပြောပါတယ်။
 
“ကျွန်တော်တို့ကတော့ မောင်းပို့ပေးရတာပေါ့။ သူတို့ရောင်းလိုက်ပြီးပြီဆိုရင် ဘယ်ကိုပို့ပေးဆိုရင် ပို့ပေးရတယ်။ မောင်းကြေးရတယ်။ လမ်းမှာ အဖမ်းအဆီးမရှိအောင်တော့ သူတို့က ချိတ်ဆက်ထားပြီးသားဆိုတော့ သိပ်စိုးရိမ်စရာမရှိဘူးပေါ့။ ဒါပေမယ့်လည်း စိတ်တော့ မသန့်ဘူး။ စားဝတ်နေရေးအရတော့ လုပ်နေရတာပေါ့ ” လို့ ဝယ်ယူသူတွေဆီကို ပို့ဆောင်ပေးရသူတဦးက ပြောပါတယ်။
 
အခုလို ဆိုင်ကယ်ဖမ်းဆီးတာတွေဟာ တိုင်းနဲ့ပြည်နယ်တွေမှာ အရင်က ရှိခဲ့ပေမယ့် ငွေကြေး၊ ဒဏ်ကြေးပေးပြီး ပြန်လည်ရွေးယူလို့ ရတယ်လို့ ဆိုပါတယ်။
 
လက်ရှိစစ်ကောင်စီလက်ထက်မှာတော့ သိမ်းဆည်းခံရတဲ့ ဆိုင်ကယ်တွေကို ပိုင်ရှင်တွေက ပြန်လည်ရွေးယူပေမယ့် လက်မခံပဲ အခုလို ရဲတပ်ဖွဲ့က ပြန်လည်ရောင်းချနေတာလည်း ဖြစ်ပါတယ်။
 
စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့တွေက အခုလို ပြည်သူတွေဆီက သိမ်းဆည်းရရှိထားတဲ့ ဆိုင်ကယ်တွေကို ပြန်လည်ခိုးယူရောင်းချတာတွေ လုပ်နေပေမယ့် ဆိုင်ကယ်ပိုင်ရှင်တွေ ပြန်ပြီးရွေးယူချိန်မှာတော့ အရွေးမခံဘူးလို့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရဲ့ စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသိမ်းဆည်းခံရတဲ့ ဆိုင်ကယ်ပိုင်ရှင်တဦးက ပြောပါတယ်။
 
“ ကိုယ့်ဆိုင်ကယ်က ဝယ်ထားတာ အသစ်ဆိုတော့ စခန်းသွားပြီး သွားညှိတာ လုံးဝပြန်မရဘူးဟေ့၊ အခုထိ၊ ဒါက အရှေ့တောင်တိုင်း စစ်ဌာနချုပ်က လူတွေ လာဖမ်းတာတဲ့၊ မရတော့ဘူး။ ကိုယ်နဲ့အတူတူ သွားညှိတဲ့သူတွေလည်း ဘယ်သူမှ ပြန်မရဘူး၊ ဒါပေမယ့် သူနဲ့ နီးစပ်တဲ့ အရမ်းရင်းနှီးတဲ့ သူတွေတော့ ရပါတယ်။ ဆိုးတာက ဗျာ၊ ကိုယ့်ဆိုင်ကယ်ကို မော်လမြိုင်မှာ ပြန်တွေ့တာ ပွဲစားတွေက ပြန်ရောင်းနေတာ။ ဒါက ဒီကောင်တွေ လုပ်စားနေတာ။ ကိုယ့်ပစ္စည်းတော့ ပြန်လိုချင်တာပေါ့ ညီ ” လို့ ပေါင်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောပါတယ်။
 
ဓာတ်ပုံ – ပုသိမ်စစ်ကောင်စီ
ပုံစာ – ဧရာဝတီတိုင်း၊ပုသိမ်မြို့နယ်မှာ ပြီးခဲ့တဲ့၂၀၂၂ခုနှစ်၊ စက်တင်ဘာလက ယာဉ်ထိန်းတပ်ဖွဲ့တ္စေစစ်ဆေးနေစဉ်။