တရားမဝင် ငါးမန်းဆူးတောင်တွေ စံချိန်တင် အရေအတွက်မျိုးနဲ့ ဘရာဇီးမှာ သိမ်းဆည်းရမိ

ဇွန်၊ ၂၁

တရားမဝင် တင်ပို့မယ့် ငါးမန်း ဆူးတောင်တွေကို စံချိန်တင် ပမာဏမျိုးနဲ့ ဘရာဇီး အာဏာပိုင်တွေက ဖမ်းဆီး ရမိခဲ့ပါတယ်။

ပြည်တွင်းမှာရှိတဲ့ ပို့ကုန် ကုမ္ပဏီ နှစ်ခုကနေ စုစုပေါင်း တရားမဝင် ငါးမန်းတောင် ၂၈.၇ တန်ကို သိမ်းဆည်း ရမိခဲ့ကြောင်း ဘရာဇီးရဲ့ သဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေးဌာန (Ibama)က ထုတ်ပြန်ပါတယ်။ အဲဒီ ပမာဏလောက် ဆူးတောင်တွေကို ရရှိဖို့အတွက် ငါးမန်းပြာမျိုးစိတ်နဲ့ ဆူးတောင်တို မာကိုငါးမန်းမျိုးစိတ် စုစုပေါင်း အကောင်ရေ ၁၁၀၀၀ လောက် သတ်ဖြတ် ခံခဲ့ရမယ်လို့ Ibamaက ခန့်မှန်းပါတယ်။

အဲဒီ ငါးမန်းတောင်တွေကို အာရှတိုက်ဆီ တရားမဝင် တင်ပို့ဖို့ စီစဉ်ထားတာလို့ ဆိုပါတယ်။ အာရှနိုင်ငံ တချို့မှာ ငါးမန်းတောင် ဟင်းချိုဟာ တန်ဖိုးကြီး ထည်ဝါတဲ့ ဟင်းပွဲတခုအဖြစ် သတ်မှတ် ခံရလေ့ ရှိပါတယ်။

အာဏာပိုင်တွေက ငါးမန်းတောင်တွေ သိမ်းဆည်းရမိမှုနဲ့ ဆက်စပ်တဲ့ ကုမ္ပဏီ နှစ်ခုရဲ့ နာမည်တွေကို မကြေညာသေးပါဘူး။ အဲဒီထဲမှာ နိုင်ငံတောင်ပိုင်း၊ ဆန်တာ ကာတာရီနာ ပြည်နယ် အခြေစိုက် ကုမ္ပဏီ တခုတည်းဆီကတင် ငါးမန်းတောင် ၂၇.၆ တန်ထိ ရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။

တခြား ငါးမန်းတောင် ၁.၁ တန်ကိုတော့ ဆာအိုပေါ်လို နိုင်ငံတကာ လေဆိပ်မှာ Ibama အရာရှိတွေက ဖော်ထုတ် သိမ်းဆည်းမိခဲ့တာပါ။

နိုင်ငံတကာမှာ တရားမဝင် ငါးမန်းတောင် တင်ပို့ရောင်းချမှုတွေနဲ့ ပတ်သက်လို့ အခုဖြစ်စဉ်က အကြီးကျယ်ဆုံး ဖော်ထုတ် ဖမ်းဆီး ရမိမှု ဖြစ်နိုင်တယ်လို့ Ibamaက ဆိုပါတယ်။

ဘရာဇီးမှာတော့ ငါးမန်းတွေကို ဖမ်းဆီး သတ်ဖြတ်ခြင်းက ဥပဒေ ချိုးဖောက်မှုအဖြစ် သတ်မှတ်ထားပါတယ်။ Ibamaရဲ့ အဆိုအရ အခုကိစ္စနဲ့ ဆက်နွှယ်တဲ့ ကုမ္ပဏီ နှစ်ခုဟာ တခြား ငါးမျိုးစိတ်တွေ ဖမ်းဆီးခွင့် လိုင်စင်တွေ ရထားပေမယ့် လက်တွေ့မှာတော့ ငါးမန်းတွေကို ပစ်မှတ်ထား သတ်ဖြတ်နေခဲ့တာလို့ သိရပါတယ်။

ငါးမန်းတွေကို အမဲလိုက် သတ်ဖြတ်တဲ့ အတောအတွင်း အဲဒီ ကုမ္ပဏီ နှစ်ခုရဲ့ လုပ်ရပ်တွေနဲ့ ဆက်စပ်လို့ ထောင်သောင်းချီတဲ့ ပင်လယ်ငှက်တွေပါ သေဆုံးခဲ့တယ်လို့လည်း Ibamaက စွပ်စွဲပါတယ်။ ကုမ္ပဏီ နှစ်ခုကို ဒဏ်ကြေး တပ်ရိုက်ထားပြီး နောက်ဆက်တွဲ အရေးယူမှုတွေ အခြေအနေ ဘယ်လိုရှိမလဲ ဆိုတာကိုတော့ မဖော်ပြသေးပါဘူး။

တရားမဝင် ငါးခိုးဖမ်းမှုတွေကြောင့် ကမ္ဘာ့ ပင်လယ် သမုဒ္ဒရာတွေမှာ ငါးမန်းကောင်ရေ သိသိသာသာ ယုတ်လျော့ ကျဆင်းလာနေကြောင်း Ibamaက သတိပေးထားပါတယ်။ ဘရာဇီးမှာတော့ ဆူးတောင်တို မာကို ငါးမန်းတွေဟာ မျိုးသုဉ်းလုနီးပါး အန္တရာယ်နဲ့ ကြုံနေရတဲ့ မျိုးစိတ် စာရင်းမှာ လွန်ခဲ့တဲ့ သီတင်း ၃ ပတ်ကတင် ထည့်သွင်း သတ်မှတ် ခံထားရပါတယ်။

 

Ref: BBC