တင်းမာမှုတွေကို လျှော့ချဖို့ တရုတ်ရော၊ အမေရိကန်ပါ လိုလားမှု ပြခဲ့ကြောင်း ဘလင်ကန်ပြော

ဇွန်၊ ၂၀

နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေမှုတွေကို ပြန်လည် လျှော့ချဖို့ အမေရိကန်ရော၊ တရုတ်ပါ မူအားဖြင့် သဘောတူခဲ့ကြကြောင်း ၂ ရက်ကြာ ဘေဂျင်း ခရီးစဉ် အပြီးမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောကြားခဲ့ပါတယ်။

ဘလင်ကန်ဟာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး တဦးအနေနဲ့ ၅ နှစ်တာ ကာလအတွင်း တရုတ်ပိုင်နက်မှာ ပထမဆုံးကြိမ် ခြေချခဲ့ပြီး ဇွန်လ ၁၈ ရက်မှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ချင်ဂန်၊ မေလ ၁၉ ရက်မှာတော့ တရုတ်ရဲ့ သံတမန်ရေးရာ အဆင့်အမြင့်ဆုံး အရာရှိ ဝမ်ယိ၊ သမ္မတ ရှီကျင့်ဖျင်တို့နဲ့ ဆက်တိုက် တွေ့ဆုံခဲ့ပါတယ်။

ရှီက ဘလင်ကန်နဲ့ ၃၅ မိနစ်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့နောက် နှစ်နိုင်ငံကြားက ကွဲပြားမှုတွေကို ဖြေလျှော့နိုင်ဖို့ ကနဦးအဆင့် တိုးတက်လာတဲ့ အလားအလာတွေ ပိုင်ဆိုင်လာကြောင်း ပြောပါတယ်။ ဒါပေမဲ့ ဘလင်ကန်ကတော့ စူပါပါဝါA နှစ်နိုင်ငံကြားက သဘောထား ကွဲလွဲမှုတွေ နက်နက်ရှိုင်းရှိုင်း ရှိနေဆဲ ဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။

 တင်းမာမှုတွေကနေတဆင့် ပဋိပက္ခ အဆင့်ထိ ရောက်မသွားစေဖို့အတွက် နှစ်နိုင်ငံ အဆင့်အမြင့်ဆုံး အရာရှိတွေကြား ဆက်သွယ်ရေး လမ်းကြောင်းတွေ ထူထောင်ထားဖို့ သူ့အနေနဲ့ အလေးအနက် တိုက်တွန်းခဲ့တယ်လို့လည်း ဘလင်ကန်က ဆိုပါတယ်။ ဒီအချက်ဟာ နှစ်ဖက်စလုံးအတွက် လိုအပ်တယ် ဆိုတာကိုတော့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးကလည်း မူအားဖြင့် သဘောတူခဲ့တယ်လို့ ဘလင်ကန်က အတည်ပြုပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ အမေရိကန် လွှတ်တော် ဥက္ကဋ္ဌ နန်စီပလော့စီက ထိုင်ဝမ်ကျွန်းကို အလည်အပတ် သွားရောက်ခဲ့တဲ့နောက် တရုတ်က အမေရိကန်နဲ့ စစ်တပ်ချင်း ဆက်သွယ်မှုတွေကို အဆက်ဖြတ်ထားလိုက်ပါတယ်။ ထိုင်ဝမ်ကို တရုတ်က ပိုင်နက်နယ်မြေ တခုအဖြစ် သတ်မှတ်ထားတာကြောင့် ပလော့စီရဲ့ ခရီးစဉ်ဟာ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကို ချိုးဖောက်တာလို့ ယူဆပြီး အမေရိကန်နဲ့ စစ်ရေးအရ ဆက်သွယ်မှုတွေကို ဆိုင်းငံ့ထားလိုက်တာ ဖြစ်ပါတယ်။ အဲဒီ ကိစ္စကို ပြေလည်အောင် ဖြေရှင်းဖို့ကလည်း လက်ရှိမှာတော့ ညှိနှိုင်းဆဲ အဆင့်ထက် မပိုသေးဘူးလို့ ဘလင်ကန်က ပြောကြားသွားပါတယ်။

ဘလင်ကန်နဲ့ ရှီတို့ တွေ့ဆုံမှုအတွင်း ထိုင်ဝမ်ကိစ္စအပြင် ရုရှားစစ်ပွဲ၊ မြောက်ကိုရီးယားရဲ့ နျူကလီးယားအရေး၊ တရုတ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့လည်း ဆွေးနွေးခဲ့ပါတယ်။

ဘလင်ကန်ရဲ့ တရုတ် ခရီးစဉ်ကနေ လောလောဆယ် ခိုင်မာတိကျတဲ့ ဘယ်လို ရလဒ်မျိုးမှ ထွက်ပေါ် မလာသေးပေမယ့် လာမယ့် လပိုင်းတွေအတွင်း နှစ်နိုင်ငံ ကိုယ်စားလှယ် အဖွဲ့တွေကြား ထိတွေ့ ဆွေးနွေးမှုတွေ အရှိန်မြင့်လာစေမယ့် ကနဦး ခြေလှမ်းတစ်ခု ဖြစ်လာမယ်လို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

 

Ref: BBC