ဇွန်၊ ၂၀
တိုက်ပွဲဝင်လို့ မရတော့တဲ့၊ သက်တမ်း အိုဟောင်းနေပြီဖြစ်တဲ့ တင့်ကားတွေကို ရုရှားက စစ်မြေပြင်မှာ ကားဗုံးတွေအဖြစ် ပြောင်းလဲ အသုံးချနေကြောင်း သိရပါတယ်။
လက်နက်တွေ ပြုန်းတီးမှု အရမ်းများလာတဲ့နောက် T-54နဲ့ T-55တို့လို စစ်အေးခေတ်လက်ကျန် တင့်ကား အဟောင်းတွေကို ရုရှားက ရှေ့တန်း စစ်မြေပြင်ဆီ ပြန်လည် ယူဆောင်လာပြီး ထုတ်သုံးနေရပါတယ်။ အဲဒီ တင့်ကားအိုကြီးတွေထဲကမှ လုံးဝ ဆက်လက် သုံးစွဲဖို့ မသင့်တော့တဲ့ တချို့ကိုတော့ ဖောက်ခွဲရေး ကိရိယာတွေ တပ်ဆင်ပြီး ကားဗုံးပုံစံမျိုး သုံးစွဲလာတာ ဖြစ်ပါတယ်။
မကြာသေးခင်က ရှေ့တန်း စစ်မျက်နှာ တနေရာမှာ ဝေဟင်ကနေ ရိုက်ကူးထားတဲ့ ဒရုန်း ဗီဒီယိုတွေအရ ရုရှား တပ်တွေဟာ T-54 တင့်ကားဟောင်း တစီးကို အဝေးထိန်း စနစ်နဲ့ မောင်းနှင်ပြီး ယူကရိန်း ခံစစ်ကြောင်းဆီ ဦးတည်စေခဲ့တာကို တွေ့ရပါတယ်။ ယူကရိန်း တပ်တွေက တင့်ဖျက်ဒုံးကျည်တွေနဲ့ လှမ်းမပစ်ခင်မှာပဲ တင့်ကားက မိုင်းနင်းမိလို့ ထပေါက်ကွဲခဲ့ပါတယ်။ ဒါပေမဲ့ တင့်ကားထဲမှာ ဖောက်ခွဲရေး ပစ္စည်းတွေ အများအပြား ဖြည့်တင်းပေးထားတာကြောင့် ပေါက်ကွဲမှု အရှိန်က မတန်တဆ ပြင်းထန်ပြီး ပေ ၂၀၀ လောက် အကွာမှာ ရှိနေတဲ့ ယူကရိန်း စစ်သားတွေပါ ထိခိုက်သေကြေမှုတွေ ကြုံတွေ့ခဲ့ကြောင်း သိရပါတယ်။
စစ်ပွဲကာလတလျှောက် နှစ်ဖက်စလုံးက ဖောက်ခွဲရေး ကိရိယာတွေ တပ်ဆင်ထားတဲ့ ဝေဟင်နဲ့ ရေပြင် ဒရုန်းတွေကို အသုံးပြုခဲ့ကြပြီး အခုအခါမှာတော့ ရုရှားက တင့်ကားအဟောင်းကြီးတွေကိုပါ ဖောက်ခွဲရေး ဒရုန်းတွေအသွင် ပြောင်းလဲလာခဲ့တာ ဖြစ်ပါတယ်။
ယူကရိန်း စစ်ဘက် အကြီးအကဲ တချို့ကတော့ တင့်ကားအဟောင်းတွေကို အပြင်းစား ဖောက်ခွဲရေး ကိရိယာတွေအဖြစ် ရုရှားက ပြောင်းလဲ အသုံးပြုလာတာဟာ ယူကရိန်းရဲ့ ထိုးစစ်ကို သွေးရူးသွေးတမ်း တုံ့ပြန်မှု တခုလို့ စွပ်စွဲခဲ့ပေမယ့် ရန်သူရဲ့ အခင်းအကျင်းသစ်ကို ဟန့်တားဖို့ နည်းလမ်းတွေ ရှာဖွေရမယ်လို့ ဝန်ခံခဲ့ပါတယ်။
လက်ရှိ အချိန်မှာတော့ ယူကရိန်း တပ်တွေဟာ နိုင်ငံ အရှေ့ပိုင်းနဲ့ တောင်ပိုင်းက ရုရှား ထိန်းချုပ်ထားရာ ပိုင်နက် နယ်မြေတွေကို ပြန်လည် သိမ်းယူဖို့ တန်ပြန်ထိုးစစ်ကြီး တခုကို လက်တွေ့ စတင်နေပြီဖြစ်ပြီး နှစ်ဖက်စလုံးမှာ ထိခိုက် သေကြေမှုတွေ များပြားနေတယ်လို့ သိရပါတယ်။
Ref: Drive