ဇွန်၊ ၂၀
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မြို့မစျေး ရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဇွန် ၁၉ ရက်မနေ့က ဖမ်းဆီးသွားတဲ့ အမျိုးသမီးတွေအားလုံး ဒီကနေ့ ဇွန် ၂၀ ရက်မနက်ပိုင်းမှာ ပြန်လည်လွတ်မြောက်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” စခန်းထဲမှာပဲ ထားတယ်။ အချုပ်ထဲ မထည့်ဘူး။ ဖုန်းပါတဲ့သူ ဖုန်းကို ယူစစ်တယ်။ ကျန်တာဘာမှမလုပ်ဘူး။ စခန်းထဲက အဆောင်တွေမှာ တညအိပ်ပြီး ပြန်ခဲ့ကြတာပေါ့ ” လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဇွန် ၁၉ ရက်မနက်ပိုင်းမှာ ကလေးမြို့မစျေး ရှေ့က ပန်းပန်ထားတဲ့ အမျိုးသမီးနှစ်ဆယ်ဝန်းကျင်ကို စစ်ကောင်စီက လာရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ မြို့မစျေးရှေ့ ဗိုလ်ချုပ်လမ်းဘေးမှာ စျေးရောင်းနေတဲ့ စျေးသည်တွေ အများစု ပါဝင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
” ပန်း တွေကလည်း အဲဒီမနက်က အားလုံးနီးပါး ပန်ထားကြတာလေ။ စျေးဆိုတော့ လူကများတာပေါ့။ အဲဒါကို စျေးရှေ့မှာ ပန်းသပိတ်လုပ်နေတယ်ဆိုပြီး တယောက်ယောက်က သတင်းလာပို့လို့ ဖမ်းတာ။ သပိတ်မဟုတ်မှန်း သိပေမယ့် ဖမ်းသွားတာ ” လို့ မြို့ခံတဦးက ပြောပါတယ်။
မြို့မစျေးရှေ့ ဗိုလ်ချုပ်လမ်းပေါ်က ပန်းပန်ထားတဲ့ မိုးမလင်းစျေးသည်တွေကို ဖမ်းဆီးခဲ့တာကြောင့် မြို့မစျေးအတွင်းက စျေးသည်တွေနဲ့ စျေးဝယ်တွေထဲက ပန်းပန်ထားတဲ့သူတွေဟာ ပန်းတွေကို ခေါင်းကနေ အမြန်ဆွဲဖြုတ်ခဲ့ကြရတယ်လို့ ဆိုပါတယ်။
နေပြည်တော်က အကျဉ်းထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံနဲ့အဝှမ်း ပန်းသပိတ် ပြုလုပ်ခဲ့ကြပါတယ်။ စစ်ကောင်စီအဖွဲ့ဝင်တွေကလည်း မြို့ပေါ်တွေမှာ စစ်ဆေးရေးတွေ တင်းကြပ်ခဲ့ပြီး ပန်းပန်ထားတဲ့သူတွေအပြင်၊ ပန်းထုပ်ကိုင်လာသူတွေကိုပါ စစ်ဆေးတာ၊ ဖမ်းဆီးတာမျိုးတွေ လုပ်ဆောင်ခဲ့တာပါ။
အဲလိုဖမ်းဆီးရာမှာ ရန်ကုန်အပါအဝင် မြို့ကြီးအချို့မှာ ဖမ်းဆီးတာတွေ ရှိခဲ့မေယ့် အခုလိုပြန်လွတ်ပေးတာ ရှိ ၊ မရှိတော့ မသိရသေးပါဘူး။
စစ်ကောင်စီရဲ့ ခုလိုလုပ်ရပ်နဲ့ပတ်သက်ပြီး လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ ပြည်သူတွေကြားမှာ ဝေဖန်မူတွေ မြင့်တက်ခဲ့တာကိုလည်း တွေ့ရပါတယ်။
” ပန်း ပန်တာတောင် လိုက်တားမြစ်နေတာဆိုတော့ မဟုတ်တော့ဘူး။ ရယ်စရာ ကလေးလုပ်ရပ်လိုလည်း ဖြစ်နေတယ်။ သူတို့ ဘယ်လောက်ထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး မလိုမုန်းထားတယ်၊ ပြီးတော့ ကြောက်ရွံ့တယ်ဆိုတာက ပေါ်နေတယ် ” လို့ ကလေးဒေသခံတဦးက ပြောပါတယ်။
ဓာတ်ပုံ – FGWN