မြောက်ဥက္ကလာ မြတ်မောင်ရွှေဆိုင်ကို ဓါးပြတိုက်သွားသူတွေကို ငါးနာရီအတွင်း ဖမ်းမိတယ်လို့ စစ်ကောင်စီထုတ်ပြန်လာ

ဇွန်၊ ၂၀
 
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ဈ ရပ်ကွက်၊ ဘုမ္မလမ်း ထိပ်မှာရှိတဲ့ မြတ်မောင်ရွှေဆိုင် ကို ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက် ညပိုင်းက လူတစုက ဝင်ရောက်‌ဓါးပြတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်မှာ ပါဝင်သူတွေကို အဲဒီနေ့ ညနေမှာပဲ ဖမ်းမိတယ်လို့ စစ်ကောင်စီက ဇွန်လ ၂၀ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။
 
ရွှေဆိုင်ဓါးပြတိုက်တဲ့ ဖြစ်စဉ်မှာတော့ အဲဒီနေ့ညနေပိုင်းက လက်နက်ကိုင်ဆောင်ထားတဲ့ လူလတ်ပိုင်း အမျိုးသားသုံးဦးက ဆိုင်ကယ်နဲ့ ရောက်လာခဲ့တာဖြစ်ပြီး လုံခြုံရေးဝန်ထမ်းတွေလည်း ပစ်ခတ်ခံရတာကြောင့် ဒဏ်ရာရခဲ့တယ်လို့ ဆိုင်ရှင်ဖြစ်သူက DNA ကိုပြောပါတယ်။
 
စစ်ကောင်စီကတော့ အဲဒီနေ့ညနေပိုင်းမှာတင် ဓါးပြမှုမှာ ပါဝင်သူနှစ်ဦးကို ဗဟန်းမြို့နယ်က ဟိုတယ်တခုမှာ ဖမ်းမိပြီး ဆက်စပ်သူ ၉ ဦးကိုပါ ဖမ်းမိတယ်ဆိုပြီး ထုတ်ပြန်လာတာပါ။
 
ဓါးပြတိုက်မှုနဲ့ပတ်သက်လို့ ထွက်ပေါ်လာတဲ့ ရုပ်သံမှတ်တမ်းတခုမှာတော့ ဆိုင်ကယ်နဲ့ ဆိုင်အတွင်း လာရောက်လုယက်သူတချို့ ဆိုင်ထဲက ပြန်အထွက်မှာ ဆိုင်ရှေ့မှာ အသင့်စောင့်နေတဲ့ ကားတစီးနဲ့ အပြန်အလှန်ပစ်ခတ်မှုတခု ဖြစ်ခဲ့တာကိုလည်း တွေ့ရပါတယ်။
 
ဒီအခြေအနေကိုတော့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာ ရှင်းလင်းစွာ ဖော်ပြထားတာ မရှိပါဘူး။ ဆိုင်ဘက်ကလည်း ဒီ စီစီတီဗီမှတ်တမ်းမှာ ပါတဲ့ အပြန်အလှန်ပစ်ခတ်မှုနဲ့ ပတ်သက်လို့ မသိဘူးလို့ ဆိုထားပါတယ်။
 
မနေ့ကဖြစ်ခဲ့တဲ့ မြတ်မောင်ရွှေဆိုင် ဓါးပြတိုက်မှု ဖြစ်စဉ်မှာတော့ စိန်ထည် ပစ္စည်း သိန်းငါးထောင်ဖို့နဲ့ ရွှေထည်ပစ္စည်း သိန်းတသောင်းကျော် လုယက်ခံခဲ့ရတယ်လို့ ဆိုင်ရှင်ဖြစ်သူက ဆိုပါတယ်။
 
ပုံစာ – မြတ်မောင်ရွှေဆိုင် ဓါးပြတိုက်ခံရတဲ့ဖြစ်စဥ် CCTV မှတ်တမ်းမှ ထွက်ပေါ်လာသောပုံ။