ကလေးမြို့နယ်မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က လုပ်ငန်းရှင်တွေကို အခွန်စတင်ကောက်ခံ

ဇွန် ၊ ၁၇

 စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းက  အရောင်းအဝယ်ပြုလုပ်နေတဲ့ လုပ်ငန်းရှင်တွေကို အခွန်စတင်ကောက်ခံတာတွေလုပ်ဆောင်နေတယ်လို့ ကလေးမြို့ ပြည်သူလုံခြုံရေးအဖွဲ့ တာဝန်ရှိသူ တဦးက DNA ကိုပြောပါတယ်။

 အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ မြို့နယ်အဆင့် အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ဖို့အတွက် လူထုကို ဝန်မပိစေဘဲ လုပ်ငန်းရှင်ကြီးတွေကို အဓိကထားတဲ့ အခွန်စနစ်နဲ့ ဆောင်ရွက်နေပြီး ပြည်သူလုထုကို ဝန်ဆောင်မှုပေး နိုင်ဖို့အတွက် အခွန်စတင်ကောက်ခံတာလို့ ဆိုပါတယ်။

 “လုပ်ငန်းရှင်တွေကသူတို့ပစ္စည်းတွေကို ရွာတွေမှာဖြန့်ရတယ်လေ၊အခွန်မဆောင်ထားတဲ့ပစ္စည်းဆိုရင် ကျွန်တော်တို့ဆီမှာဖြန့်ခွင့်မပေးဘူး၊ကျွန်တော်တို့နယ်တွေကို သူတို့သွားမယ်ဆိုရင် အသိပေးရမယ်၊ကျွန်တော်တို့ကလည်း အခွန်ဆောင်ထားတယ်ဆို ရင်သူတို့ကိုလုံခြုံရေးပြန်ပေးတယ်”  လို့  ကလေးမြို့ ပြည်သူလုံခြုံရေးအဖွဲ့ တာဝန်ရှိသူ ကပြောပါတယ်။

 ကလေးမြို့နယ်ပြည်သူ အုပ်ချူပ်ရေးအဖွဲ့ဟာ ပြီးခဲ့တဲ့ မေလ ၂၆ ရက်က စလို့ အခွန်ကောက်ခံမှုအတွက် ပညာပေးကာလအဖြစ် ၁၀ ရက်သတ်မှတ်ပြီး အသိပညာပေးမှုတွေလုပ်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ လက်တွေ့ကောက် ခံမှုကို စတင်ကျင့်သုံးနေတာပါ။

 လက်ရှိမှာ အခွန်ကောက်ခံဖို့အတွက် သယံဇာတနဲ့ ပတ်သက်တဲ့ ကုန်စည် ကိုးမျိုးကို သတ်မှတ်ထုတ်ပြန်ထားပြီး အဲ့ဒီအထဲမှာ ရေနံ၊ကျောက်ခွဲစက်၊အုတ်ဖို၊အုတ်ခွေ/ကျောက်ခွေ၊မီးသွေးအိတ်၊ထင်း၊ဝါး၊ဓာတ်ဆီ၊ဒီဇယ်ဆီ စတာ တွေပါဝင်ပါတယ်။

 ဒါ့အပြင် စည်ပင်အခွန်ပေးဆောင်ရမယ့် လုပ်ငန်းတွေထဲမှာတော့ ကုန်စုံဆိုင်တွေ၊လိုင်းကားတွေ၊ သီးနှံပွဲရုံတွေ၊ သစ်စက်တွေနဲ့ ယစ်မျိုးရောင်းဝယ်ဖြန့်ဖြူးမှုတွေပါဝင်ပါတယ်။

ဒါပေမယ့် စစ်တပ်ထုတ်ကုန်တွေနဲ့ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ကုန်စည်တွေကိုတော့ သပိတ်မှောက် ကုန်စည်တွေ အဖြစ် သတ်မှတ်ထားတာကြောင့် ရောင်းဝယ်ဖောက်ကားခွင့်၊သယ်ယူခွင့်ပြုမှာမဟုတ်သလို အခွန်လည်း ကောက် ခံမှာမဟုတ်ဘဲ ဖမ်းဆီးအရေးယူမယ်လို့ ကလေးမြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုထားတာပါ။

“ဘယ်လုပ်ငန်းရှင်က အခွန်ဆောင်တယ်ဆိုတယ် ကျွန်တော်တို့ဘက်က လုံးဝထုတ်ဖော်ပြောဆိုမှာမဟုတ်ဘူး၊အ ခွန်ဆောင်တဲ့နည်းလမ်းတွေကိုလည်း လုံခြုံရေးအရ လျှို့ဝှက်စွာလုပ်ဆောင်ထားတာပေါ့၊ထိထိရောက်ရောက်လုပ်တာတော့ နှစ်လလောက်ရှိပြီ၊အရင်က ကျွန်တော်တို့နယ်မြေမှာလုပ်တာရှိတယ်၊ အခုကမြို့ပေါ်အထိခြေဦးလှမ်းတာ” လို့ ကလေးမြို့ ပြည်သူလုံခြုံရေးအဖွဲ့ တာဝန်ရှိသူကပြောပါတယ်။

 ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဟာ မြို့နယ်အတွင်းက ကျေးရွာပေါင်း (၁၅၆)ရွာအနက် ရွာပေါင်း (၁၄၀) လောက်ကို စိုးမိုးထိန်းချုပ်ထားနိုင်တာ ရှစ်လလောက်ရှိနေပြီဖြစ်ပြီး လုပ်ငန်းရှင်တွေဆီက အခွန်ကောက်ယူမှုကိုစတင်တာလို့ ကလေးမြို့ ပအဖ တာဝန်ရှိသူတဦးက DNA ကိုပြောထားပါတယ်။

 ကလေးမြို့ပေါ်မှာ တော်လှန်ရေးအဖွဲ့တွေက အခွန်ကောက်ခံတာရှိတတ်သလို များများစားစားကောက်ခံတာမ ဟုတ်ပေမယ့် စစ်အုပ်စုက ပြည်သူတွေကို ဖမ်းဆီးရန်ရှာတာတွေ လုပ်မှာ စိုးရိမ်ရတယ်လို့ ကလေးမြို့ ဒေသခံ တဦးကပြောပါတယ်။

 “ သူတို့က( တော်လှန်ရေးအဖွဲ့) စစ်တပ်ကထုတ်တဲ့ ပစ္စည်းတွေလေ၊ဘီယာတို့ဆေးလိပ်တို့ဆိုရင် လုံးဝရောင်းခွင့်မပေးဘူး၊သယ်လို့လည်းမရဘူးလေ၊ အခွန်ဆောင်တာက ပြသာနာမရှိဘူးလေ၊စစ်တပ်ကရန်ရှာမှာတော့ ကြောက်ရတယ်၊ ဘာပဲပြောပြော သူတို့ကလည်းမြို့ပေါ်မှာရှိနေသေးတော့ စိတ်ပူတာပေါ့” လို့ သူကပြောပါတယ်။

 အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ဟာ လူထုကိုဝန်မပိစေဖို့အတွက်လို့ဆိုကာ လုပ်ငန်းရှင်တွေကို ဦးတည်တဲ့အခွန်ကောက်ခံမှုစနစ်ကျင့်သုံးဖို့ သတ်မှတ်ခဲ့ပြီး စိုးမိုးနယ်မြေတွေအတွင်းမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းကစလို့ အခွန်ကောက်ခံမှုတွေ စတင်ခဲ့ပါတယ်။

 NUG ရဲ့စိုးမိုးနယ်မြေဒေသ လေးဆယ်နီးပါးကနေ အခွန်ကောက်ခံမှုကနေ စုစုပေါင်း ကျပ် သုံးဘီလီယံရရှိခဲ့တယ်လို့ NUG ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က အခုနှစ် ဇန်နဝါရီလအတွင်း ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

 ဒေသအလိုက် ကောက်ခံရရှိတဲ့ အခွန်ငွေတွေထဲက သုံးဆယ်ရာခိုင်နှုန်းကို ပြည်ထောင်စုအဆင့်မှာ သုံးစွဲဖို့၊ ကျန်တဲ့၇၀ ရာခိုင်နှုန်းကိုတော့ ဒေသအလိုက် ပြည်သူ့အုပ်ချုပ်ရေးကဏ္ဍအတွက် သုံးဆယ်ရာခိုင်နှုန်းနဲ့ ကာကွယ်ရေးကဏ္ဍအတွက် လေးဆယ်ရာခိုင်နှုန်း ခွဲဝေသုံးစွဲဖို့  NUG က သတ်မှတ်ထားပါတယ်။