မြစ်သာမြစ် အရှေ့ဘက်ကမ်း တိုက်ပွဲအတွင်း စစ်အုပ်စုက ၁၀ ဦးထက်မနည်း သေ

စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ပိုင်း မြစ်သာမြစ်အရှေ့ဘက်ကမ်းအနီးမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက ၁၀ဦးထက်မနည်း သေဆုံးကာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ရတယ်လို့ Chinland Defense Force – Kalay Kabaw Gangaw က ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
မနေ့က ဧပြီလ ၂၂ ရက်နေ့ မနက် ၁၀ နာရီလောက်ကစပြီး မြစ်သာမြစ် အရှေ့ဘက်ကမ်းရှိ ကျောက်ပြုတ်ရွာနဲ့ အင်ကျွန်းရွာတို့မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ပျူစောထီးတွေဟာ ရေရှင်ကျေးရွာဘက်ကို အင်အားရာကဏန်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာကြောင့် ရေရှင်ကျေးရွာနဲ့ အင်ကျွန်းကျေးရွာအကြားမှာ CDF-KKG၊ PDF-Kalay၊ RKDFနဲ့ ပကဖတို့ ပူးပေါင်းပြီး ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ရေရှင်ကျေးရွာ တောင်ဘက်ကနေ သာမက ကြံသာရွာဘက်ကမှ မြစ်သာမြစ်အနားထိ တိုးကပ်လာခဲ့ပြီး ဟံသာဝတီရွာဖက်ကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တစ်နေကုန် တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုက ၁၀ဦးထက်မနည်း သေဆုံးကာ PDF-Kalay တပ်ရင်း (၇) မှ တပ်ဖွဲ့ဝင်တစ်ဦး လက်နက်ကြီး ထိမှန်ကျဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ထိတွေ့တိုက်ပွဲအတွင်း အထိနာပြီးနောက် စစ်အုပ်စုဟာ ညနေ ၆နာရီလောက်မှာ အင်းကျွန်းရွာဘက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် ရေရှင်ကျေးရွာမှာရှိတဲ့ ပြည်သူတွေရဲ့ နေအိမ် ၇လုံး မီးလောင်ပျက်စီးခဲ့ရပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ အင်ကျွန်းကျေးရွာမှာ ထပ်မံအင်အားဖြည့်တင်းနေပြီး တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တယ်လို့ CDF KKG က ထုတ်ပြန်ထားပါတယ်။