ဇွန် ၊ ၁၇
အဆိပ်အတောက် ရောနှောနေတဲ့ သောက်ဆေးရည်တွေရဲ့ ခြိမ်းခြောက်မှုဟာ ကမ္ဘာ့ အစိတ်အပိုင်း တချို့မှာ ဆက်လက် တည်တံ့နေနိုင်ဆဲလို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)က သတိပေး ပြောကြားလိုက်ပါတယ်။
ဖွံ့ဖြိုးဆဲ နိုင်ငံတချို့ဆီ ဖြန့်ဖြူးရောင်းချနေတဲ့ ချောင်းဆိုးပျောက် ဆေးရည်နဲ့ အဖျားပျောက် ဆေးရည်တချို့မှာ အဆိပ်အတောက် ပစ္စည်းတွေ ပမာဏ အများအပြား ရောနှော ပါဝင်နေရာက ကမ္ဘာ့တိုက်ကြီး ၃ ခုမှာ ကလေး ၃၀၀ ကျော် သေဆုံးတဲ့ ဖြစ်ရပ်မျိုး မနှစ်တုန်းက ကြုံတွေ့ခဲ့ဖူးပါတယ်။
အဲဒီ ဖြစ်စဉ်ကို အထူးပြု စုံစမ်းနေတဲ့ WHOရဲ့ လက်အောက်ခံ အဖွဲ့ခေါင်းဆောင် ရူတန်ဒို ကူဝါနာက အခုအခါမှာ နောက်ထပ် နိုင်ငံ ၆ ခုရဲ့ စျေးကွက်ထဲကိုလည်း အဲဒီလိုမျိုး အဆိပ်အတောက်ရောတဲ့ ဆေးရည်တွေ ပျံ့နှံ့နေနိုင်ခြေကို အဆောတလျင် စုံစမ်း စစ်ဆေးနေကြောင်း ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ အခြေအနေတွေကို တိတိကျကျ မကြေညာနိုင်သေးခင်မှာ နိုင်ငံ ၆ ခုရဲ့ နာမည်တွေကို ထုတ်ပြောဖို့ ကူဝါနာက ငြင်းဆိုထားပါတယ်။ သေချာတာ တခုကတော့ နိုက်ဂျီးရီးယား၊ ဂမ်ဘီယာ၊ လိုက်ဘေးရီးယား၊ ဥဇဘက္ကစ္စတန်၊ မက်ခရိုနီးရှား၊ မာရှယ်အိုင်းလန်းတို့မှာ တွေ့ရှိခဲ့တဲ့ အဆိပ်အတောက် ရောနှောတဲ့ ဆေးရည်တွေ ပြဿနာဟာ ဆုံးခန်းတိုင် မသွားသေးဘူး ဆိုတာဖြစ်ကြောင်း သူက ဆိုပါတယ်။
WHOဟာ တီမော၊ ကမ္ဘောဒီးယား၊ ဆီနီဂေါနဲ့ ဖိလစ်ပိုင် နိုင်ငံတွေမှာလည်း အဆိပ်အတောက် ရောနှောတဲ့ ဆေးရည် ပြဿနာတွေအတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပေမယ့် လက်ရှိ အချိန်ထိတော့ စိုးရိမ်စရာ အခြေအနေ၊ အထောက်အထား မတွေ့ရသေးဘူးလို့ သိရပါတယ်။
နိုင်ငံတွေ မတူညီတဲ့ ကုမ္ပဏီ တချို့က ထုတ်လုပ်တဲ့ ဆေးရည်တွေမှာ အဆိပ်အတောက် ဖြစ်စေမယ့် ဓာတ်ပစ္စည်းတွေ ပါဝင်မှု လွန်လွန်ကဲကဲ ရှိနေတဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ WHOဟာ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ တရားရေးဌာန တာဝန်ရှိသူတွေနဲ့လည်း ညှိနှိုင်းကိုင်တွယ်နေပါတယ်။ ဂမ်ဘီယာလို နိုင်ငံမျိုးတွေမှာ အဲဒီဆေးတွေ သောက်သုံးမိတဲ့ ကလေးငယ်တွေဟာ ကျောက်ကပ်နဲ့ ကိုယ်တွင်း အင်္ဂါတွေ ဆိုးဆိုးရွားရွား ပျက်စီးတဲ့ ဝေဒနာတွေ ခံစားရပြီး သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။