ပေါင်မြို့က ရဲဘက်စခန်းမှာ ကျောက်တောင်ပြိုကျပြီး အကျဉ်းသားတဦးသေ၊ နှစ်ဦးဒဏ်ရာရ

ဇွန်၊ ၁၆
 
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အင်ဗြောင် ရဲဘက်စခန်းမှာ ဇွန်လ ၁၅ ရက်က ကျောက်တောင်ပြိုကျရာမှ အကျဉ်းသား တဦး သေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတွေထံမှ သိရပါတယ်။
 
“ အဲဒါက မနေ့က ဖြစ်သွားတာလို့ သိရတယ်၊ သူတို့ပြောတာတော့ မြေသားပျော့ကျပြီး ကျောက်တုံးတွေ လိမ့်ကျလာတာလို့ ပြောတယ်၊ အဲနေရာမှာတော့ အကျဉ်းသားတွေ အများကြီး ရှိနေတာပဲတဲ့၊ ထိသွားတာတော့ အကျဉ်းသားတဦးက တခါထဲ သေသွားတယ်၊ ခေါင်းကို ထိတာလို့ သိရတယ်။ နှစ်ဦးက ဒဏ်ရာ အတော်လေးရသွားတယ်လို့ ပြောတာပေါ့နော်။ ခြေလက်တွေမှာ ကျိုးပဲ့သွားတယ် ” လို့ အင်ဗြောင် ကုန်ထုတ်စခန်းနဲ့ နီးစပ်သူတဦးက DNA ကို ပြောပါတယ်။
 
ကျောက်တုံးပိလို့ သေဆုံးသွားတဲ့ အမျိုးသားတဦးဟာ မုဒိန်းမှုနဲ့ ပြစ်ဒဏ်ကျခံနေရသူဖြစ်ပြီး ကျန်တဲ့နှစ်ဦးကတော့ ခိုးဆိုးလုယက်မှု၊ လူသတ်မှုတွေနဲ့ နှစ်ရှည်ပြစ်ဒဏ် ချခံနေရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
 
လက်ရှိ ထိခိုက်ဒဏ်ရာရရှိထားတဲ့ အကျဉ်းသားနှစ်ဦးကိုတော့ အကျဉ်းထောင် အဝန်ထမ်းတွေက ရဲဘက်စခန်းမှာ ရှိတဲ့ ဆေးပေးခန်းမှာ ဆေးကုသမှု ပေးနေပြီး သူတို့နှစ်ဦးရဲ့ ဒဏ်ရာက နည်းနည်းပြင်းထန်တယ်လို့ ဆိုပါတယ်။
 
ပေါင်မြို့နယ်မှာ အကျဉ်းဦးစီးဌာန လက်အောက်ကနေ ဇင်းကျိုက်၊ ရင်းငြိမ်၊ ပန်းကုန် စတဲ့ရဲဘက်စခန်း သုံးခုရှိပြီး အဲဒီစခန်းသုံးခုမှာ အနယ်နယ်အရပ်ရပ်က အကျဉ်းသား ရာနဲ့ချီ ရှိကာ အများစုကတော့ ခိုးဆိုးလုယက်မှု၊ လူသတ်မှု၊ မုဒိန်းမှု၊ မူးယစ်ဆေးဝါးအမှု တွေနဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရတဲ့သူတွေ ရှိတယ်လို့ သိရပါတယ်။
 
ပေါင်မြို့နယ်အတွင်းမှာရှိတဲ့ ရဲဘက်စခန်းတွေမှာဆိုရင် ကျောက်တောင်ပြိုကျတာနဲ့ မြေသားပြိုကျမှုတွေနဲ့ လုပ်ငန်းခွင် မတော်တဆမှု တွေကြောင့် အကျဉ်းသားတွေ မကြာခဏ ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတွေထံမှ သိရပါတယ်။
 
အကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေအနေနဲ့ လုပ်ငန်းခွင်မှာ မတော်တဆ ထိခိုက်သေဆုံးတာတွေ ရှိခဲ့ရင် ၁၉၇၈ ခုနှစ်တုန်းက ဖွဲ့စည်းထားတဲ့ လုပ်ငန်းခွင် အကျဉ်းသားများ လိုအပ်တဲ့ ကုန်ထုတ်လုပ်ရေးအဖွဲ့ကနေ လျော်ကြေးငွေ၊ ဆေးကုသစရိတ်တွေ ခံစားခွင့်ရရှိခဲ့ပါတယ်။
 
ဒါပေမယ့် အရင်က စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၁၉၉၄ ခုနှစ်မှာ အဲဒီအဖွဲ့ကို ဖျက်သိမ်းလိုက်တာကြောင့် ယခုလို လုပ်ငန်းခွင် သေဆုံးတာနဲ့ ပတ်သက်ပြီး ဘာလျှော်ကြေးငွေမှ ရရှိမှာ မဟုတ်ဘူးလို့ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တခုမှာ ရဲဘက်အကျဉ်းစခန်းတွေကို ပိတ်သိမ်းဖို့ ဆွေးနွေးတာရှိခဲ့ပေမယ့် ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာနက ထောင်မကျပ်အောင်နဲ့ လမ်းပန်းဆက်သွယ်ရေး ကောင်းအောင်အတွက် ကျောက်ထုတ်စခန်း (ရဲဘက်စခန်း)တွေ ပိတ်လို့ မဖြစ်နိုင်ဘူးလို့ တုန့်ပြန်ထားပါတယ်။
 
မြန်မာနိုင်ငံမှာ အကျဉ်းထောင်၂၀၁၈ ခုနှစ်စာရင်းတွေအရ အကျဉ်းထောင် ၄၈ ခု၊ ရဲဘက်စခန်း ၄၈ ခုရှိပြီး ၁၉၇၈ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း ရဲဘက်စခန်းတွေမှာ အကျဉ်းသား ငါးထောင်ကျော် သေဆုံးခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနကို ကိုးကားပြီး Myanmar Now သတင်းဌာနက ၂၀၁၈ ခုနှစ်က ရေးသားထားပါတယ်။
 
ဓာတ်ပုံ – DNA
ပုံစာ – ပုံစာ- မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းခဲ့သူ မစ္စရန်ဟီလီ ၂၀၁၇ ခုနှစ်အတွင်းက ပေါင်မြို့နယ်အတွင်း ကျောက်ထုတ်စခန်း (ရဲဘက်)တွေမှာ အကျဉ်းသားတွေကို အလုပ်စေခိုင်းနေမှုကို သွားရောက်လေ့လာခဲ့စဉ်။