ဆားတောင်နယ်မှာ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုနဲ့ ဒေသကာကွယ်ရေးတပ်တွေ သုံးရက်ဆက် တိုက်ပွဲဖြစ်

ဇွန်၊ ၁၆
 
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နဲ့ မိုင် ၃၀ လောက်သာဝေးတဲ့ ဆားတောင်မြို့ အတွင်းက ကျေးရွာတွေကို ဆက်တိုက် စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုနဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲတွေလည်း ဖြစ်နေပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု များတယ်လို့ မြင်းခြံခရိုင်တပ်ရင်း ( ၇ ) ဇီးရိုးပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ကိုသက်ကြီး က DNA ကိုပြောပါတယ်။
 
စစ်ကောင်စီဘက်က ဒေသတွင်းကို စစ်ကြောင်းစထိုးလာတဲ့ ဇွန်လ ၁၃ ရက်မှာကတည်းက နှစ်ဘက်တိုက်ပွဲတွေ စဖြစ်ခဲ့ပြီး မနေ့ကအထိ သုံးရက်ဆက် တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က သေဆုံးသူ သုံးဆယ်ထက်မနည်း ရှိတယ်လို့ ဆိုပါတယ်။
 
ဇွန်လ ၁၃ ရက်က သာဇင်ရွာ ကို မီးရှို့နေတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာမှာ ဆယ်ဦး သေဆုံးကာ ဆယ်ဦး ဒဏ်ရာရခဲ့ပြီး ဇွန်လ ၁၅ ရက်ကလည်း ပေါက်မတောင်ရွာ အနီးမှာ နှစ်ဘက် မီတာ ၁၀၀ လောက် အကွာအထိ အနီးကပ်တိုက်ပွဲ ဖြစ်ခဲ့ကြပြီး စစ်ကောင်စီဘက်က နှစ်ဆယ်ဝန်းကျင် သေဆုံးတာကို မျက်မြင်အတည်ပြုနိုင်တယ်လို့ ကိုသက်ကြီးက ပြောပါတယ်။
“ ၁၄ ရက်နေ့က တိုက်ပွဲကျတော့ ကျည်ကွယ်မျက်ကွယ်ဖြစ်နေတော့ သူတို့ကျဆုံး အတည်မပြုနိုင်ဘူး ” လို့ သူကပြောပါတယ်။
ဆားတောင်နယ်ကို အင်အား ၁၀၀ ကျော်လောက်နဲ့ ဝင်လာတဲ့ စစ်အုပ်စုကို မြင်းခြံခရိုင်တပ်ရင်း ( ၇ ) ဇီးရိုးပြောက်ကျားတပ်ဖွဲ့ ၊ နဂါးနီတပ်ရင်း ၁ (ကျောက်ဆည်)၊ ဆားတောင်မိုးကြိုး အဖွဲ့က အထူးတိုက်ခိုက်ရေးသမား ၃၀ လောက်နဲ့ ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
သုံးရက်တာ တိုက်ပွဲအတွင်းမှာ တော်လှန်ရေး အဖွဲ့တွေဘက်ကလည်း လက်နက်ကြီးကြောင့် ခြောက်ဦးထိခိုက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲတွေအတွင်း နှစ်ဘက် ထိခိုက်သေဆုံးမှု အခြေအနေတွေကို DNA အနေနဲ့ သီးခြားအတည်ပြုနိုင်တဲ့ အခြေအနေ မရှိပါဘူး။ လက်ရှိမှာတော့ စစ်ကောင်စီစစ်ကြောင်းဟာ ဆားတောင်မြို့ဘက်ကို ပြန်ဆုတ်ခွာသွားပြီလို့ သိရပါတယ်။
ဆားတောင်မြို့ထဲက ကျေးရွာတွေကို စစ်ကောင်စီက စစ်ကြောင်းမထိုးမီ ဇွန်လ ၉ ရက်မှာ ဇီးရိုးပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ကိုသက်ကြီး နဲ့ အဖွဲ့ဝင်တွေဟာ ဆားတောင်မြို့တွင်းမှာ လက်နက်ကိုယ်စီနဲ့ ဝင်ရောက်သွားလာခဲ့ကြပြီး အဲ့ဒီလို သွားလာနေကြောင်းကို လူမှုကွန်ရက်ပေါ်မှာ ရုပ်သံမှတ်တမ်း ပြန်လည်ဖော်ပြခဲ့ပါသေးတယ်။
ဒီလိုဖော်ပြခဲ့တာဟာ ပြည်သူတွေ စိတ်အားတက်စေဖို့လို့ ကိုသက်ကြီးက ပြောသလို အဲ့ဒီဖြစ်စဉ်အပြီး ရက်ပိုင်းအတွင်း စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာတာဟာ တိုက်ဆိုင်မှုတခုဖြစ်တယ်လို့ ဆိုပါတယ်။
“စစ်ကြောင်းကတော့ အမြဲဝင်နေတာပါပဲ၊ ဒါက တိုက်ဆိုင်မှုတခုဖြစ်သလို သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်တွေပေါ့၊ ဒီနေရာတွေကလည်း အမြဲစစ်ကြောင်းဝင်တဲ့ နေရာတွေပါ၊ ကျွန်တော်တို့က ပြည်သူကာကွယ်ရေးတပ်မတော် ဖြစ်တဲ့အတွက် ပြည်သူနဲ့ တသားတည်း ရှိတယ် ထိတွေ့တယ်၊ သူတို့ စစ်ကြောင်းထိုးလည်း ကျွန်တော်တို့က တိုက်ပေးရမှာပေါ့၊ ကာကွယ်ပေးရမှာပဲ “ လို့ ကိုသက်ကြီးက ဆိုပါတယ်။
စစ်ကိုင်း- မုံရွာသွား ကားလမ်းဘေးက ဆားတောင်တိုက်နယ်ကို ဒီလ ၁၃ ရက်နေ့မှာ စစ်အုပ်စု လက်အောက်ခံ တပ်မ ၃၃ ပူးပေါင်းအဖွဲ့က အင်အား (၁၀၀)လောက်နဲ့ ဝင်ရောက်လာပြီး မြို့ရဲ့ အနောက်ဘက်က သာဇင်ရွာ၊ အိုင်းဓမ္မ နဲ့ အင်းစရွာ၊ မြောက်ရွာနဲ့ ပေါက်မတောင်ရွာတွေ ကို စီးနင်းမီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးလို့ အိမ်ခြေရာချီပျက်စီးခဲ့ကာ ဒေါ်သန်းမြင့်ဆိုသူ အသက်ခြောက်ဆယ်ကျော် အဘွားအိုတဦးလည်း သေဆုံးခဲ့ပြီး ဒေသခံတွေဟာ အဲဒီအဘွားအိုရဲ့ မီးကျွမ်းရုပ်အလောင်းကိုသာ ပြန်တွေ့ခဲ့ကြရတာပါ။
 
လတ်တလောမှာ အဲဒီဒေသတွင်း ကျေးရွာတွေက လူဦးရေ ထောင်ဂဏန်းလောက် ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ သိရပါတယ်။
“ နီးစပ်ရာကို ပြေးနေရတယ်၊ စစ်ကြောင်း ဝင်လာပါပြီ ဆိုကတည်းက ဆက်တိုက်ပစ်နေကြတာပဲ၊ လူဦးရေက များတယ်၊ ရွာလေးရွာကို အဲဒါ ပတ်ပြေးနေရတာပဲ၊ စားဖို့သောက်ဖို့ကတော့ ပါတာလေးတွေ ချက်စားကြပေါ့၊ အများကြီးလည်း မသယ်နိုင်ဘူး ဆိုင်ကယ်ပေါ်တင်ပြီး ရွာကထွက်လာရတာပဲလေ “ လို့ သာဇင်ရွာ ဒေသခံတဦးက ပြောပါတယ်။
 
ဓာတ်ပုံ – စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေး
ပုံစာ – စစ်ကောင်စီ စစ်ကြောင်းထိုး မီးရှို့ခဲ့တဲ့ သာဇင်ရွာအတွင်း မြင်ကွင်း။