ချင်းပြည်နယ်မှာ ကြားကာလအစိုးရတရပ် ပေါ်ပေါက်ရေး ကြိုးစားနေ

ဇွန်၊ ၁၄
 
ချင်းပြည်နယ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ် ပိုမိုခိုင်မာလာစေရေး ကြားကာလအစိုးရတရပ် အမြန်ဆုံးတည်ဆောက်နိုင်ဖို့ ချင်းလဲန်းတော်လှန်ရေးအင်အားစုတွေ ကြိုးစားနေတယ်လို့ သိရပါတယ်။
 
“ အုပ်ချုပ်ရေးပိုင်းဆိုင်ရာမှာလည်း စကစ အကြမ်းဖက်တွေက သူတို့မှာ ဘာမှ လုပ်ကိုင်စရာ ယန္တရားတွေ အကုန်ပျက်သွားတဲ့အခါကျတော့ ဒါဆိုရင် CNF နဲ့အတူ CJDC ကနေ CDF တွေကို ကိုယ့်ဟာကိုယ် အုပ်ချုပ်ရေးလေး တည်ဆောက်ရအောင်ဆိုပြီး CNF ကနေ အသေအချာ သူတို့ရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေ အတူတကွ လုပ်တာပေါ့နော်။ အခုတော့ နှစ်နှစ်လောက်ရှိလာတဲ့ အခါမှာတော့ ဒီအုပ်ချုပ်ရေးစနစ် တခုနဲ့ တခု၊ တဒေသနဲ့ တဒေသ ပိုပြီး ပီပြင်ဖြစ်လာအောင်ဆိုပြီး၊ ချင်းပြည်ထောင်တည်ဆောက်မယ်။ နောက်ချင်းလဲန်းကောင်စီ တည်ဆောက်ဖို့ ကျနော်တို့ CDF တွေနဲ့ အားလုံးလိုလို ဆွေးနွေးထားတယ် ” လို့ ချင်းအမျိုးသားတပ်ဦး/ ချင်း အမျိုးသားတပ်မတော် (CNF/C NA) တပ်မှူး ဗိုလ်မှူးကြီး ဆော်လမွန်က ပြောပါတယ်။
 
ချင်းပြည်နယ်အတွင်းက ဒေသအသီးသီးရှိ ချင်းကာကွယ်ရေးတပ် (CDF) အဖွဲ့အားလုံးနီးပါးနဲ့ ဆွေးနွေးထားတယ်လို့ ဗိုလ်မှူးကြီး ဆော်လမွန်က The Chin Journal ကို ယမန်နေ့က ပြောကြားခဲ့တာပါ။
 
လက်ရှိ CNF က ဦးဆောင်ပြီး ချင်းလဲန်းအစိုးရ သို့မဟုတ် ချင်းလဲန်ကောင်စီ ဖွဲ့စည်းနိုင်ရေးအတွက် CJDC မှ CDF (၁၇) ဖွဲ့ကို တဖွဲ့ချင်းစီ တွေ့ဆုံဆွေးနွေးနေတာ ဖြစ်ပါတယ်။ အဲဒါကြောင့် CJDC မှ မင်းတပ်၊ ဖလမ်း၊ တီးတိန်ဘက်က CDF (၃) ဖွဲ့က CJDC အဖွဲ့အားလုံးနဲ့ တပြိုက်နက်တွေ့ဆုံးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။
 
“ ချင်းပြည်နယ်မှာလည်း ကြားကာလအစိုးရတရပ်တော့ အမြန်ဆုံး အကောင်အထည်ဖော်နိုင်အောင်တော့ အဖွဲ့အသီးသီးကပဲ ဖြစ်ဖြစ်၊ CNF ပဲ ဖြစ်ဖြစ်၊ ICNCC ပဲဖြစ်ဖြစ် အမြန်ဆုံး ကြိုးစားနေတဲ့ အခြေအနေမှာရှိတယ်။ တော်လှန်ရေးအတွင်းမှာ ချင်းမှာ ချင်း ဦးဆောင်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိတဲ့အရာ အခုကတည်းက လုပ်ဆောင်ဖို့ တော်လှန်ရေးအစိုးရ တရပ်ပေါ့၊ ချင်းပြည်နယ်အတွင်းမှာ ရှိတဲ့ နိုင်ငံရေးကို ဦးဆောင်တဲ့အဖွဲ့ပေါ့နော် ” လို့ Chinland Joint Defense Committee (CJDC) မှ အထွေအထွေအတွင်းရေးမှူး ဆလိုင်းတင်မီက ပြောပါတယ်။
 
ချင်းတော်လှန်ရေးအင်အားစုတွေ ဦးဆောင်တဲ့ အစိုးရတရပ်မှာ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး စတဲ့မဏ္ဏိုင်လေးရပ်ကို ဦးတည်ထားပြီး ချင်းလူထု အားလုံးက ထောက်ခံတဲ့ အားလုံးပါဝင်တဲ့ အစိုးရတရပ်ကို မကြာခင်၊ အမြန်ဆုံးပေါ်ပေါက်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။
 
အရင်က ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က ဦးဆောင်ပြီး ချင်းအစိုးရအဖွဲ့ သို့မဟုတ် ချင်းပြည်နယ်ကောင်စီ ဖွဲ့ဖို့ ကြိုးစားဆောင်ရွက်ခဲ့ပေးမဲ့ အမြင်မတူတာ တချို့ကြောင့် ရှေ့မဆက်နိုင် ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) ၁၇ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ Chinland Joint Defense Committee (CJDC) ကလည်း ချင်းလဲန်းကောင်စီ ဖွဲ့စည်းနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အဲဒီဆွေးနွေးမှုဟာ မအောင်မြင်ခဲ့ပြန်ပါဘူး။
 
ထပ်မံပြီးတော့ ICNCC နဲ့ CJDC အစုအဖွဲ့တို့ဟာ ယမန်နှစ် နှစ်ကုန်ပိုင်းက ဆွေးနွေးမှုတွေ ပြန်လည် ပြုလုပ်ခဲ့ပေမယ့် အမြင်မတူတာတွေ များနေတဲ့အတွက် ရှေ့မဆက်နိုင်ပဲ ဖြစ်နေပြီး ဆက်လက်ဆွေးနွေးမှုတွေတော့ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။
 
အခုနောက်ဆုံးမှာ ချင်းအမျိုးသားတပ်ဦးက ချင်းပြည်နယ်အတွင်း ချင်းလဲန်းအစိုးရကို အကောင်အထည်ဖော်နိုင်ဖို့ ဦးဆောင်ပြီး ထပ်မံကြိုးပမ်းလာတာ ဖြစ်ပါတယ်။
 
ဇွန်လ ၆ ရက်က ကရင်နီပြည်မှာ ပြည်နယ်အစိုးရတရပ်ရဲ့ အုပ်ချုပ်ရေးကို ဖော်ဆောင်နိုင်ဖို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီကို စတင်ဖွဲ့စည်းလို့ ဇွန်လ ၁၂ ရက်မှာ စတင်လည်ပတ်နေပြီဖြစ်ပါတယ်။
 
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီဟာ အခြာသော ပြည်နယ်တွေရဲ့ စံနမူနာဖြစ်စေဖို့၊ အလားတူ ဖြစ်ပေါ်လာမဲ့ ကြားကာလ အုပ်ချုပ်ရေးကောင်စီတွေနဲ့လည်း ပိုမိုစုစည်းပြီး ပေါင်းစည်းလုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်လို့ ယာယီသမ္မတကြီး ဒူဝါလရှီးလ က ဇွန်လ ၁၂ ရက်က ပြောထားပါတယ်။
 
ဓာတ်ပုံ – Chinland Information Center