ဇွန်၊ ၁၃
မသေသေးတဲ့ အမျိုးသမီးကြီး တဦးကို အခေါင်းထဲ ထည့်ပိတ်ထားပြီးမှ အသက်ရှင်လျက် ပြန်ရှာတွေ့ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အီကွေဒေါ အာဏာပိုင်တွေက စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။
အသက် ၇၆ နှစ်အရွယ် ဘယ်လာ မွန်တိုယာဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အပြင်းအထန် လေဖြတ်တယ်လို့ ယူဆရတဲ့ အခြေအနေကြောင့် လဲကျသွားခဲ့ပါတယ်။ မွန်တိုယာဟာ နှလုံးဖောက်ပြီး အသက်ရှူ ရပ်သွားခဲ့ကြောင်း၊ သူ့ကို နှလုံးပြန်နိုးလာအောင် ကြိုးစားမှုတွေလည်း မအောင်မြင်တဲ့နောက် သေဆုံးသွားပြီလို့ ဆေးရုံမှာရှိတဲ့ တာဝန်ကျ ဆရာဝန်က ဆုံးဖြတ်ခဲ့ကြောင်း ဆေးမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
အဲဒီနောက် ဆွေမျိုးသားချင်းတွေက နာရေးကိစ္စ ပြင်ဆင်ကြပြီး အလောင်းကိုလည်း ခေါင်းတလားထဲ ထည့်ထားလိုက်ပါတယ်။ နောက်မှ မွန်တိုယာကို အဝတ်အစားလဲပြီး နာရေးအတွက် ပြင်ဆင်ဖို့ အခေါင်းကို ပြန်ဖွင့်တဲ့အခါ အမျိုးသမီးကြီးက အသက်ကို အငမ်းမရ ရှူရှိုက်နေကြောင်း အထိတ်တလန့် တွေ့ရှိခဲ့ကြပါတယ်။
အခုအခါမှာတော့ မွန်တိုယာကို ဆေးရုံ ပြန်တင်ထားပြီး အရေးပေါ် ကြပ်မတ်ဆောင်ထဲမှာ ကုသမှု ခံယူနေစေပါတယ်။ အမှန်တကယ် မသေသေးသူ တဦးကို သေသွားပြီလို့ ဆုံးဖြတ်ပြီး အခေါင်းထဲ ထည့်ထားမိတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ကော်မတီတရပ် ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးသွားမယ်လို့ အီကွေဒေါ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မွန်တိုယာရဲ့ သားဖြစ်သူက သူ့အမေဟာ အသက်ရှင်လျက်သားနဲ့ အခေါင်းထဲမှာ နာရီအတော်ကြာ ပိတ်လှောင်ခံထားခဲ့ရကြောင်း မီဒီယာတွေကို ပြောပါတယ်။ အခုတော့ မွန်တိုယာဟာ ဆရာဝန်တွေက သူသေဆုံးသွားပြီလို့ အတည်ပြုပေးခဲ့တဲ့ ဆေးရုံမှာပဲ အတွင်းလူနာအဖြစ် ပြန်လည် တက်ရောက်နေရပါတယ်။
မိသားစုဝင်တွေကတော့ လောလောဆယ်မှာ ဆရာဝန်တွေကို ပြဿနာ ရှာဖို့ထက် လူနာ ပြန်သက်သာလာပြီး ကျန်းမာရေး တိုးတက်လာဖို့ကိုပဲ မျှော်လင့်နေကြောင်း ပြောကြားထားပါတယ်။
Ref: AS