ဇွန်၊ ၁၂
မောင်စီးပွား
၂၀၂၁ ဖေဖော်ဝါရီလမှာ စစ်ခေါင်းဆောင်တွေ အာဏာသိမ်းလိုက်ပြီးတဲ့နောက် အရာရာ နေသားတကျလည်ပတ်နေတဲ့ မြန်မာနိုင်ငံအခြေဟာ ဇောက်ထိုးမိုးမျှော် ဖြစ်ကုန်ပါတယ်။ အဲဒီလို ဇောက်ထိုးမိုးမျှော်ဖြစ်တဲ့အထဲ ကားစျေးတွေလည်း ပါဝင်ပါတယ်။ ဒီတော့ အာဏာသိမ်းလိုက်ပြီးတဲ့နောက် မြန်မာပြည်ကားစျေးကွက် ဘယ်လိုဖြစ်ကုန်လဲဆိုတာ ကြည့်လိုက်ရအောင်ပါ။
(၁) ရပ်ဆိုင်းသွားတဲ့ ပြည်တွင်း SKD တွေ
သိက္ခာရှိရှိ ရင်းနှီးမြှုပ်နှံကြတဲ့ နိုင်ငံတကာ ကော်ပိုရေးရှင်းတွေ စီးပွားရေးလုပ်ငန်းတွေ တခြားနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်မယ်ဆို အဓိက စဉ်းစားကြတာ ၄ ချက်ရှိပါတယ်။
အဲဒီ ၄ ချက်ထဲမှာ အဓိကအကျဆုံးကတော့ သွားရောက်ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံရဲ့ နိုင်ငံရေးတည်ငြိမ်မှု (Political Stability) ဖြစ်ပါတယ်။ သမားသမတ်ကျတဲ့ စီးပွားရေးလုပ်ငန်းတွေဟာ နိုင်ငံရေးတည်ငြိမ်မှုရှိတဲ့ နိုင်ငံမှာမှ စီးပွားရေးလုပ်ချင်ကြပါတယ်။ “မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ”ဆိုတဲ့ တရုတ်လို ရင်းနှီးမြှုပ်နှံမှုမဟုတ်ရင် အများစုက ကိုယ့်ထုတ်ကုန် နာမည်ကောင်း (Goodwill) ရဖို့ ဒီလိုပဲ စဉ်းစားကြပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းလိုက်တဲ့အခါ အရပ်ရပ်သော FDI တွေ နေရပ်ပြန်ကုန်ပါတယ်။ ဒီလိုနေရပ်ပြန်တဲ့ အထဲမှာ FDI ကားကုမ္ပဏီတွေလည်းပါဝင်ပါတယ်။
ပြီးခဲ့တဲ့နှစ်ပိုင်းကဆို ရန်ကုန် သီလဝါမှာ အကြီးအကျယ်ရင်းနှီးမြှုပ်နှံတဲ့ ဆူဇူကီး ကုမ္ပဏီဟာ ထုတ်လုပ်မှုရပ်ဆိုင်းသွားပါတယ်။ ဒီလိုမှမရပ်ဆိုင်းရင် ပြည်တွင်းဝယ်လိုအား တိုးမလာတဲ့အချိန် ထုတ်လုပ်မှုကုန်ကျစရိတ်နဲ့ မကိုက်လို့ ပိုရှုံးမှာပါ။ ဒီတော့ အခုလိုထုတ်လုပ်မှုရပ်ဆိုင်းလိုက်တာကပဲ အောင်မြင်တဲ့ဆုတ်ခွာမှု ဖြစ်ပါတယ်။
FDI ပြန်ထွက်တယ်လို့ သူတို့က တရားဝင်မကြေညာပဲ ထုတ်လုပ်မှုကိုပဲ ရပ်ဆိုင်းလိုက်တာကတော့ အခြေအနေကို စောင့်ကြည့်နေတဲ့ သဘောလည်းဖြစ်ပါတယ်။ နိုင်ငံရေးအခြေအနေကောင်းဖြစ်လာတဲ့အခါ လုပ်ငန်း အလွယ်တကူပြန်စနိုင်အောင်ပါ။
ဒီလိုပဲ တခြားသော ပြည်တွင်း SKD လုပ်ငန်းတွေဟာလည်း ကုန်ကြမ်းတင်သွင်းမှုအခက်အခဲနဲ့ တခြားအခက်အခဲတွေကြောင့် ရပ်နားကုန်ကြပါတယ်။ အဓိကတော့ ကုန်ကြမ်းတင်သွင်းဖို့ အင်မတန်ခက်ခဲလွန်းတာနဲ့ မူဝါဒမတည်ငြိမ်တာကြောင့် ဖြစ်ပါတယ်။
တချို့ကုမ္ပဏီတွေကျတော့လည်း အဲဒီလို အာဏာသိမ်းလိုက်ချိန်ဟာ သူတို့လုပ်ငန်းစတင်မယ့်အချိန်ဖြစ်လို့ အများကြီးနစ်နာခဲ့ရပါတယ်။ ဥပမာတခုပြောရရင် တိုရိုတာကုမ္ပဏီဟာ သီလဝါမှာ စက်ရုံထောင်၊ ဒေါ်လာ ၅၂ သန်းကျော် ရင်းနှီးမြှုပ်နှံပြီး ကားတွေထုတ်မယ်လို့ ၂၀၁၉ တုန်းကကြေညာခဲ့တာပါ။ ၂၀၂၁ စက်ရုံလည်ပတ်တဲ့အခါ တနှစ်ကို ပစ်ကပ်ကားအစီး ၂၅၀၀ လောက်ထုတ်ဖို့ ရည်ရွယ်ခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကုန်ပိုင်းကမှ သူ့ကားတွေကို ဈေးကွက်ကို စရောင်းနိုင်ပါတယ်။ ၂၀၂၁ နှစ်စမှာ အာဏာသိမ်းမှုနဲ့ကြုံရတော့ စက်ရုံကို ၁၉ လလောက်ရပ်နားလိုက်ရပြီး မျှော်မှန်းသလောက်လည်း ဖြစ်မလာခဲ့ပါဘူး။
(၂) လျှပ်စစ်ကားဂယက်
နောက်တစ်ချက်ကတော့ လျှပ်စစ်မီးပုံမှန်မပေးနိုင်တဲ့ နိုင်ငံမှာ လျှပ်စစ်ကားကို အခွန်မကောက်ဘဲ တင်သွင်းခွင့်ပြုလိုက်တာပါ။ အခွန်မကောက်တာတောင်မှ အဲဒီလျှပ်စစ်ကားတွေရဲ့ဈေးက ကျပ်သိန်း ၇၀၀ ကနေ ကျပ်သိန်း တထောင်ကျော်ရှိပါတယ်။
အခွန်မကောက်တော့ နိုင်ငံဘဏ္ဍာနစ်နာသလို ဒီလိုလျှပ်စစ်ကားကို အများစုသောပြည်သူတွေက ဝယ်စီးနိုင်မလားဆိုတာ စဉ်းစားစရာဖြစ်ပါတယ်။ ဒီမူဝါဒကြောင့် တင်သွင်းတဲ့ကုမ္ပဏီတစုနဲ့ နာမည်ကောင်းရလိုတဲ့ မူဝါဒချမှတ်သူတွေကလွဲပြီး ပြည်သူအများစုအတွက် အကျိုးဖြစ်လာတာကို မတွေ့ရသေးပါဘူး။
(၃) ကားတင်သွင်းမှုမရှိ
အာဏာသိမ်းပြီးကတည်းက ပြည်တွင်းမှာ အမေရိကန်ဒေါ်လာ လိုအပ်ချက်က ကြီးမားလာပါတယ်။ ဒါ့ကြောင့် စက်သုံးဆီတွေကို အကန့်အသတ်နဲ့ပဲ တင်သွင်းခွင့်ပြုသလို မော်တော်ယာဉ်တင်သွင်းတာကိုတော့ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလကတည်းက လုံးဝ ပိတ်လိုက်ပါတယ်။
၂၀၂၂ ခုနှစ်အတွင်းကလည်း မော်တော်ယာဉ် မူဝါဒထွက်လာပေမယ့် ကားအရောင်းစင်တာတွေကို ကားတင်သွင်းခွင့်မပြုထားသေးပါဘူး။ ဒါ့ကြောင့် NLD အစိုးရလက်ထက်မှာ ခလုတ်တိုက်လို့ ကြည့်ရင်တောင် Car Showroom ဖြစ်နေတတ်ပေမယ့် အခုတော့ Car Showroom တွေအများစုက မှန်တွေတောင် ဖုန်တက်နေပါပြီ။ အများစုလည်း အခွန်ရှင်း၊ Deposit ပြန်ထုတ်ပြီး ပိတ်သိမ်းနေကြပါပြီ။
ဒါက လူစီးမော်တော်ယာဉ်တင်သွင်းတာကို ပြောတာပါ။ လုပ်ငန်းသုံးမော်တော်ယာဉ်ကိုတော့ တပတ်ကို ၅ စီးနှုန်းတင်သွင်းခွင့်ပြုနေပါတယ်။ ဒါ့ကြောင့် ချုပ်ပြီးပြောရရင် ပြည်တွင်းမှာ လူစီးမော်တော်ယာဉ် အသစ်၊ အဟောင်း တင်သွင်းမှုက လုံးဝမရှိတော့ပါဘူး။
(၄) ကားစျေးတွေတက်ပြီ
ဒီတော့ အထက်ပါ အချက် ၄ ချက်က ဘာကိုပြနေလဲဆိုတော့ မြန်မာပြည်ကားစျေးကွက်အခြေအနေဟာ သမ္မတဦးသိန်းစိန်ခေတ် မတိုင်မီကာလကို ပြန်ရောက်သွားတာကို ပြနေတာပဲ။
စစ်ခေါင်းဆောင်လက်ထက်မှာ စီးပွားရေးကို နိုင်ငံရေးနာမည်ကောင်းရယူလိုမှုနဲ့လုပ်တဲ့ လျှပ်စစ်ကားခေါ် EV တွေရဲ့ကားက တစီးကို ကျပ်သိန်း ၇၀၀ ကနေ သိန်း ၁၀၀၀ ဝန်းကျင်ဖြစ်လာပါတယ်။
တဖက်မှာလည်း FDI မရှိ၊ ပြည်တွင်း SKD တွေမရှိ၊ ကားတင်းသွင်းခွင့်တွေကိုပိတ်ထားတော့ ပြည်တွင်းမှာ ယခင်တင်သွင်းပြီးသား ကားတွေပဲ ရှိပါတော့တယ်။ ဒါ့ကြောင့် ဂျပန်တပတ်ရစ်ကားတွေရဲ့ စျေးက နှစ်ဆလောက် ခုန်တက်သွားပါတယ်။
၂၀၂၁ မတိုင်ခင်က Probox ကားတစီးဟာ အင်ဂျင်ပါဝါ၊ ယာဉ်အမျိုးအစားနဲ့ နံပါတ်ကိုလိုက်ပြီး ကျပ်သိန်း ၁၅၀ – ၂၅၀ ကြားပဲရှိပေမယ့် အခုဆို ကျပ်သိန်း ၂၀၀ တန်ကားဆိုတာ စျေးကွက်မှာ မရှိသလောက်ပဲလို့ မော်တော်ယာဥ်ရောင်းဝယ်ရေးလုပ်ငန်းမှာ ဆယ်စုနှစ်ချီကျင်လည်ခဲ့ပြီး လက်ရှိမှာလည်း မော်တော်ယာဉ်အသင်းကြီးတသင်းရဲ့ ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်က ရှင်းပြပါတယ်။
“EV ကားပြောနေပေမယ့် ဒီမူဝါဒတွေကို ဘာမှကို မဝေဖန်ချင်တော့ဘူးဗျာ။ ခေတ်ကလည်း ခင်ဗျားတို့သိတဲ့အတိုင်းပဲ ပြောလို့ဆိုလိုကောင်းတဲ့ခေတ်မဟုတ်ဘူးလေ။ ကားကရှား၊ စျေးတက်လာလို့ ဝယ်ရောင်းတွေလည်း အလုပ်ဖြစ်တယ်ဆိုပေမယ့် ပွဲခပဲရတာပါ”ဆိုပြီး သူက စိတ်ပျက်လက်ပျက်ပြောပါတယ်။
ဒီလိုအခြေအနေတွေကြောင့် ကားဝယ်စီးမယ်သူတွေအနေနဲ့ ကျပ်သိန်းထောင်ချီတဲ့ လျှပ်စစ်ကားကို မဝယ်နိုင်ရင် ဂျပန်တပတ်ရစ်ကားကို ကျပ်သိန်း ၃၀၀ – ၄၀၀ ပေးပြီး ဝယ်စီးနေရဦးမှာပါ။ ပြီးခဲ့တဲ့နှစ်ကမှ ထုတ်လုပ်တဲ့ တိုရိုတာ Adventure Double Cab ဆိုရင်လည်း အသစ်ဈေးက ကျပ်သိန်း ၁၇၀၀ ကျော်နေပါပြီ။ ဒီတော့ အဟောင်းဈေး၊ အသစ်ဈေး ဈေးတက်နှစ်ခုစလုံး မြင့်နေတာပါ။
ခေတ်သစ်လူနေမှုဘဝမှာ Ferrari ၊ Lamborghini ၊ Bugatti တို့လို့ အနည်းစုသော ကားတွေကလွဲရင် မော်တော်ယာဉ်ဆိုတာ ဇိမ်ခံပစ္စည်းမဟုတ်တော့ပါဘူး။ မော်တော်ယာဉ်တွေကို ခြင်တွေ၊ ယင်တွေဝင်သလို တင်သွင်းခွင့်ပေးတာက အဖြေမဟုတ်သလို ကားတွေကို မတန်တဆဈေးတွေပေးဝယ်နေရတာမျိုးကလည်း မဖြစ်သင့်ပါဘူး။
ခေတ်ကပြောင်းသွားပါပြီ။ ဒါပေမယ့် အလုပ်မဖြစ်တဲ့ မူဝါဒအဟောင်းတွေကိုပဲ နိုင်ငံရေးအမြင်ကဲပြီး ထပ်တလဲလဲလုပ်နေရင် တူညီတဲ့ ရလဒ်ကိုပဲ ရနေဦးမှာပါ။ အဓိကတော့ ကိုယ်မကျွမ်းကျင်တဲ့ အုပ်ချုပ်ရေး၊ မူဝါဒရေးရာ နယ်ပယ်ကို ဝင်ရောက်စွက်ဖက်နေတာဟာ နိုင်ငံသူ၊ နိုင်ငံသားတွေအတွက် အကျိုးထက် အပြစ်သာ ပိုများလာမှာဖြစ်ပြီး ကိုယ့်နာမည်လည်း သမိုင်းမှာ ဖျက်မရတဲ့ အမည်းစက်အဖြစ် ထင်ကျန်နေမှာ ဖြစ်ပါတော့တယ်။