စစ်ကောင်စီတပ်ပြေးနှစ်ဦးကို စစ်ဆေးရေးဂိတ်မှာ မိလို့ ထိန်းသိမ်းထားတယ်လို့ CNDF ဆို

ဇွန် ၊ ၁၁

ချင်းပြည်နယ်၊ဖလန်းမြို့နယ်၊ရီခေါဒါရ် တပ်စခန်းကနေထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားနှစ်ဦးကိုဇွန်လ ၆ ရက်မှာ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့  CNDF တပ်မဟာ (၁)တာဝန်ရှိသူတဦးကပြောပါတယ်။

အဲဒီ စစ်ကောင်စီတပ်သား နှစ်ဦးမှာ ရီခေါရ်ဒါ တပ်စခန်း ခလရ ၂၆၈ မှ တပ်သား စောနောင်ထွန်း(တသ-၁၂၈၃၂၆)နဲ့ တပ်သား အောင်မျိုးကျော်(တသ-၁၂၈၂၄၁) တို့ဖြစ်ပြီး စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်လိုစိတ် မရှိတော့လို့ ထွက်ပြေးလာခြင်းဖြစ်ကြောင်းသိရပါတယ်။

“ထွက်ဆိုမေးမြန်းချက်မှာတော့ ဇွန်လ  ၄ ရက် နေ့ ကင်းပုန်းတာဝန်ကျပြီး ထမင်းစားနားနေချိန်မှာ ထွက်ပြေးလာတယ်ပေါ့။ ပြီးတော့တောထဲမှာ နှစ်ည အိပ်ပြီး ၆ ရက်နေ့မှာ တီအိုချောင်းကွမ်းယာဆိုင် ကဆိုင်ရှင်ရဲ့ ဆိုင်ကယ်နဲ့ အမှတ် (၇) ချင်းအမျိုးသား ကာကွယ်ရေး စစ်ဆေးရေးဂိတ်ကို ရောက်လာတာပေါ့ “လို့ ၎င်းကပြောပါတယ်။

အဲဒီဖမ်းဆီးခံရတဲ့  စစ်‌ကောင်စီတပ်သား နှစ်ဦးနဲ့ အတူMA 1‌သေနတ် တလက် ၊ကျည်ဘောက် လေး ခု ၊ ကျည် ၃၃ဝတောင့် ၊MG1 လက်ပစ်ဗုံး တလုံးတို့လည်းပါရှိခဲ့တယ်လို့သိရပါတယ်။

“ကျွန်တော်အရင်တုန်းက စိတ်မပါခဲ့ပါဘူး ။သူတို့မဝင်မနေရဆိုပြီးကျွန်တော်တို့ကို ခေါ်ပါတယ်။ကျွန်တော်တို့က အသက်၃၀ ဆိုပြီးလိမ်ခဲ့တယ်  မရဘူးဆိုပြီး ကျွန်တော်တို့ကိုခေါ်တယ်။ဘာလို့ထွက်ပြေးရလည်းဆိုတော့ အထဲမှာနေရတာထိုင်ရတာက အစ တော်တော်ကိုကျပ်တည်းပါတယ် “လို့ ကိုစောနောင်ထွန်းက CNDFကိုဖြေကြားထား ပါတယ်။

 

ကိုယ်ပိုင်လစာနဲ့ ဖုန်းဆင်းကဒ်တွေဝယ်ပေမယ့် စစ်ကောင်စီက အဲ့ဒါတွေပါသိမ်းတာကြောင့် မိဘ တွေနဲ့ဆက်သွယ်တဲ့ နေရာမှာ လွတ်လပ်မှုမရှိတဲ့အတွက် စိတ်ကျဉ်းကျပ်ပြီး ထွက်ပြေးလာတာလို့တပ်သားအောင်မျိုးကျော်ကCNDFကိုပြောကြားထားပါတယ်။

စစ်ကောင်စီတပ်က ထွက်ပြေးလာတဲ့ အဲဒီတပ်သားနှစ်ဦးကို လက်တလော မှာချင်းအမျိုးသားကာကွယ်ရေးတပ် CNDF ရဲ့ နိုင်ငံရေးအဖွဲ့အစည်းဖြစ်တဲ့ ချင်းအမျိုးသား အဖွဲ့ချုပ်CNOကနေ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့သိရပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အများအပြားဟာ သူတို့ရဲ့ တပ်တွေကိုစွန့်ခွာပြီး CDM လှုပ်ရှားမှုမှာပါဝင်ခဲ့ကြသလို တပ်ပြေးတွေလည်း အများအပြားရှိနေတာပါ။

အမျိုးသားညွတ်ညွတ်ရေးအစိုးရ NUG ကတော့ စစ်တပ်အာဏာသိမ်းတဲ့ အချိန်ကနေ စစ်ကောင်စီတပ်သားနဲ့ရဲတပ်ဖွဲ့ဝင်ပေါင်း တသောင်းသုံးထောင်ကျော်ဟာ CDM လှုပ်ရှားမှုမှာပါဝင်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။

Photo-CNDF