ဇွန် ၊ ၁၀
ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ သမိုင်းသစ် ရေးထိုးပြနိုင်အောင် အကောင်းဆုံး စွမ်းဆောင်ပြဖို့ သူ့ရဲ့ အင်တာမီလန် အသင်းသားတွေကို မန်နေဂျာ ဆိုင်မွန် အင်ဇာဂီက တိုက်တွန်းလိုက်ပါတယ်။
မန်ချက်စတာ စီးတီးနဲ့ ရင်ဆိုင်ရမယ့် ဗိုလ်လုပွဲဟာ ကစားသမားတွေ အနေနဲ့ သူတို့ ဘာတွေ စွမ်းဆောင်နိုင်တယ်ဆိုတာ တကမ္ဘာလုံး သိအောင် လက်တွေ့ ပြသပြီး သမိုင်းစာမျက်နှာသစ် ရေးထိုးနိုင်ဖို့ အကောင်းဆုံး အခွင့်အရေးတခု ဖြစ်တယ်လို့ အီတလီသား မန်နေဂျာက ဆိုပါတယ်။
အင်တာဟာ အင်္ဂလန် ချန်ပီယံ စီးတီးကို တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာရှိတဲ့ အေတာတက်ခ် ဘောလုံးကွင်းကြီးထဲမှာ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ ဘောလုံးပရိသတ် အများစုက စီးတီးရဲ့ အင်အားစုဖွဲ့မှုက သိသိသာသာ ပိုမိုသာလွန်တယ်လို့ ယူဆထားပေမယ့် အင်ဇာဂီကတော့ တပွဲတည်းနဲ့ အဆုံးအဖြတ် ယူရတဲ့ ဗိုလ်လုပွဲမှာ ထင်ကြေးတွေကို ခေါင်းထဲ ထည့်နေဖို့ မလိုဘူးလို့ အင်ဇာဂီက ယူဆထားပါတယ်။
အခုအချိန်မှာ ဒီပွဲကို အင်တာ ကစားသမားတွေ အနေနဲ့ သမိုင်းသစ် ရေးထိုးဖို့ အခွင့်အခါကောင်း တခုအဖြစ် ခံယူကြဖို့ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ ဒီပွဲမျိုးက ဘယ်လောက် ခက်ခဲမယ်ဆိုတာ ကောင်းကောင်း နားလည်ကြောင်း၊ ဒါပေမဲ့ အင်တာ အသင်းဟာ အတူတကွ စုစုစည်းစည်းနဲ့ သမိုင်းသစ် ရေးထိုးဖို့ပဲ ကြိုးစားသွားမှာဖြစ်ကြောင်း အင်ဇာဂီက ဆက်ပြီး ပြောကြားသွားပါတယ်။
အင်တာဟာ ချန်ပီယံလိဂ် ဆုဖလားကြီးကို ၂၀၁၀ ပြည့်နှစ်တုန်းက မန်နေဂျာ ဟိုဆေးမော်ရင်ဟို လက်ထက်မှာ နောက်ဆုံးအကြိမ် ရရှိထားခဲ့ဖူးပါတယ်။
စီးတီးရဲ့ တိုက်စစ်မှူး အာလင်ဟာလန်းဟာ အခုရာသီ ချန်ပီယံလိဂ်မှာ ၁၂ ဂိုး သွင်းထားသလို ပြိုင်ပွဲတလျှောက် ၂၉ ပွဲသာ ကစားထားပေမယ့် ၃၅ ဂိုးထိ သွင်းပြထားပါတယ်။ အင်ဇာဂီက ဟာလန်း ဘယ်လောက်ကောင်းတဲ့ ကစားသမားလဲဆိုတာ အင်တာ တသင်းလုံး ကောင်းကောင်း သဘောပေါက်ထားကြောင်း၊ ဟာလန်းရဲ့ စွမ်းဆောင်ရည်ကို ကန့်သတ်ဖို့လည်း မဟာဗျူဟာတွေ ချမှတ် ပြင်ဆင်ထားမှာဖြစ်ကြောင်း၊ ဒါပေမဲ့ အရေးကြီးတာက အင်တာဟာ ဟာလန်း တယောက်တည်းကို မဟုတ်ဘဲ စီးတီး တသင်းလုံးကို သတိထား ရင်ဆိုင်ရမယ်ဆိုတဲ့ အချက်ဖြစ်ကြောင်း ထောက်ပြပါတယ်။
စီးတီးဟာ လောလောဆယ်မှာ ကမ္ဘာ့အကောင်းဆုံး အသင်းတောင် ဖြစ်ချင် ဖြစ်နေနိုင်ပြီး ရှုံးပွဲလည်း အရမ်းနည်းကြောင်း၊ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အဆင့်မှာတော့ ဘာမဆို ဖြစ်ပျက်ပြောင်းလဲနိုင်ပြီး အင်တာက အကောင်းဆုံး ကြိုးစားဖို့၊ အမှား နည်းနိုင်သမျှ နည်းဖို့ပဲ အာရုံစိုက်သွားမှာဖြစ်ကြောင်းလည်း အင်ဇာဂီက ပြောကြားသွားပါတယ်။