ဇွန်၊ ၉
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်း ထိုးနေတာကြောင့် ဒီကနေ့မနက်မှာ ဒေသခံ သုံးထောင်ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးမှ ကိုဇင်မျိုးအောင်က ပြောပါတယ်။
“ လတ်တလော စစ်ကြောင်းကြောင့် ထွက်ပြေးနေရတဲ့ ကျေးရွာတွေက ခင်ဦးမြို့နယ်မှာရှိတဲ့ သံဘိုရယ် ချောင်းဆုံရယ် ရေအေးကုန်းရွာရယ် ကျီးကန်ရွာ စတဲ့ဒီကျေးရွာတွေက ဒေသခံ သုံးထောင်လောက်။ မနေ့ကလည်း မိုးရွာတယ်၊ ဒီနေ့လည်း မိုးရွာတယ်။ မိုးရေထဲမှာပဲ ထွက်ပြေးနေရတာပေါ့ ” လို့ ကိုဇင်မျိုးအောင်က ဆိုပါတယ်။
ပျူစောထီးတွေ အင်အားကောင်းတဲ့ ပဒေါင်းလှ ရွာကနေ ခင်ဦးမြို့ကို တတ်လာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းဟာ ယနေ့ ဇွန်လ ၉ ရက်၊ မနက်မှာ ခင်ဦးမြို့တောင်ဘက် သံဘိုရွာကနေ ရေအေးကုန်းကြား တောလမ်းကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ သိရပါတယ်။
” အဲ့လိုဝင်ရောက်တဲ့ အခါမှာ လက်နက်ကြီးနဲ့ ပစ်လို့ ထိခိုက် ဒဏ်ရာရတဲ့သူ ရှိတယ်လို့ သိရတယ်။ ဘယ်နှစ်ဦးထိတယ်၊ ဘယ်နှစ်ဦးသေဆုံးလဲ ဆိုတာတော့ အသေးစိတ် အတည်ပြုလို့ မရသေးဘူး ” လို့ သူကပြောပါတယ်။
လတ်တလော စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းကြောင့် ရေအေးကုန်းရွာ၊ သံဘိုရွာ၊ ချောင်းဆုံရွာနဲ့ ကျီးကန်ရွာက လူပေါင်း သုံးထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
မိုးတွင်းကာလဖြစ်တာကြောင့် လမ်းတွေမှာ ရွှံဗွက်ထူနေပြီး ဒေသခံတွေဟာ မိုးရေတွေထဲ စစ်ဘေးရှောင်နေရတာကြောင့် ဒုက္ခပိုရောက်နေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
ယနေ့ ဇွန်လ ၉ ရက်မှာ စစ်ကောင်စီတပ်ဟာ ရေအေးကုန်းရွာထဲကို ဝင်ရောက်နေပေမယ့် နေအိမ် မီးရှို့ခံရတာနဲ့ တိုက်ပွဲဖြစ်တာတော့ မရှိသေးဘူးလို့ ကိုဇင်မျိုးအောင်က ပြောပါတယ်။
ခင်ဦးမြို့ စစ်ကောင်စီစစ်ကြောင်းက သုံးကြိမ်မီးရှို့ဖျက်ဆီးခဲ့ပြီး၂၀၂၂ ခုနှစ်၊ ဇွန်လက နေအိမ် ၅၂ လုံး၊ နိုဝင်ဘာလက နေအိမ် ၇ လုံး၊ ၂၀၂၃ ခုနှစ်၊ မေလကနေအိမ် ၁၉၅ လုံးနဲ့ စတုတ္ထအကြိမ် နေအိမ် ၆၅ လုံးနဲ့ စုစုပေါင်း ၃၂၈ လုံး ပြာကျခဲ့ကြောင်း သိရသည်။
အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ဒီလ ၁ ရက်ကနေ စတင်ပြီး စစ်ကြောင်းထိုးနေတာကြောင့် ခင်ဦးမြို့နယ် အနောက်တောင်ခြမ်းက ဒေသခံပေါင်း တသောင်းကျော်ဟာ စစ်ရှောင်ခဲ့ရတာပါ။
အဲဒီစစ်ရှောင်တွေထဲကနေ အိမ်ကိုပြန်နေကြတဲ့သူတွေ ရှိပေမယ့် တချို့တဝက်ကတော့ တိမ်းရှောင်နေရဆဲ ဖြစ်တယ်လို့လည်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးကတည်းက စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ကို စစ်ကောင်စီစစ်ကြောင်းထိုးမီးရှို့မှုတွေ အကြိမ်ကြိမ်လုပ်နေတာကြောင့် ကျေးရွာပေါင်း ၇၄ ကျော်မှ နေအိမ် ၆၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားရတာပါ။
စစ်ဘေးရှောင်တွေအတွက် ကူညီလှူဒါန်းမှု ပြုလုပ်ချင်တာရှိရင် ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့ ကနေတဆင့် လှူဒါန်းကူညီနိုင်ပါတယ်လို့လည်း အဲ့ဒီအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
“ စားရေးသောက်ရေးရော နေထိုင်တာရော အကုန်ခက်ခဲတွေရှိတာပေါ့။ စစ်ရှောင်တွေထဲမှာ ကိုယ်ဝန်ဆောင်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေရော ခလေးတွေရော ပါတယ်ပေါ့။ သူတို့အတွက် လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရှိဘူး “ လို့ သူကပြောပါတယ်။
ဓာတ်ပုံ – ခင်ဦးသတင်းမှန်ပြန်ကြားရေး