ဇွန်၊ ၉
မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ နီနီလွင် ရွှေဆိုင်ကို ဓားပြလာတိုက်သူတွေက သေနတ်နဲ့ပစ်ခတ်လို့ ဆိုင်ရှင်အမျိုးသား သေဆုံးတဲ့ ဖြစ်စဉ်တခု ဇွန်လ ၈ ရက် မနေ့က နေ့ခင်းပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
“ ရွှေဆိုင်ကို ဓားပြတိုက်ဖို့ အမျိုးသားလေးယောက်က ဆိုင်ကယ်တွေနဲ့ လာတာပေါ့။ အဲချိန် ဆိုင်ရှင်က ဝင်ပေါက်တံခါးကို ပိတ်လိုက်တော့ သူတို့ဝင်မရတော့ဘူး အဲ့မှာ ပါလာတဲ့သေနတ်နဲ့ ဆိုင်ထဲပစ်လိုက်တော့ ဆိုင်ရှင်ထိမိပြီး သေသွားတာပါ “ လို့ ဒေသခံတဦးက ပြောပါတယ်။
မြင်းခြံမြို့၊ အမှတ်(၇) ရပ်ကွက်၊ စည်ပင်သာယာစျေးကြီး မြောက်ဘက်ရှိ “ နီနီလွင် ”ရွှေဆိုင်ကို မနေ့က နေ့ခင်း ၂ နာရီလောက်မှာ ဆိုင်ကယ်နှစ်စီးနဲ့ အမျိုးသား လေးဦးက ဓားပြတိုက်ဖို့ ကြိုးစားခဲ့တာမှာ အခုလို ဆိုင်ရှင်အမျိုးသား သေဆုံးခဲ့ရတာပါ။
ရွှေဆိုင်ပိုင်ရှင် ဦးဇော်နိုင်ထွန်း ဆိုသူက ဓားပြတွေရောက်လာချိန် ဆိုင်ခန်းကို ပိတ်နိုင်ခဲ့လို့ ရွှေထည်ပစ္စည်းတွေ မဆုံးရှုံးရပေမယ် ဓားပြတွေရဲ့သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ဦးခေါင်းပွင့်ထွက်ဒဏ်ရာ နဲ့ သေဆုံးသွားတယ်လို့ စစ်ကောင်စီဘက်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။
“ သေနတ်နဲ့ လေးချက်ပစ်တယ်လို့တော့ ကြားတယ်။ လူလေးယောက်မှ သေနတ်က သုံး လက်ပါလာတာပေါ့။ အတိုကနှစ်လက် အရှည်ကတလက်ပါ။ သေနတ်သံကြားတော့ လှန့်သွားကြတာ တချို့က ပြေးတဲ့သူလည်း ပြေးပေါ့။ နောက်မှ ဓားပြတိုက်တာ ဘာညာ သိရတာ “ လို့ ဒေသခံတဦးက ပြောပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း ရန်ကုန် နဲ့ မန္တလေးလို မြို့ကြီးတွေအပါအဝင် တခြားမြို့တွေမှာလည်း အခုလိုပဲ ဓားပြမှုတွေက နေ့စဉ်ဆိုသလို ဖြစ်ပေါ်နေတဲ့အပြင် တချို့ဖြစ်စဉ်တွေမှာ လူသေဆုံးမှုလည်း ဖြစ်ပေါ်တာတွေ ရှိနေပါတယ်။
ဓာတ်ပုံ – MDY Image