မြင်းခြံ၊ကွမ်းစိုက်ရွာမှာအကြမ်းဖက်စစ်တပ်တိုက်ခိုက်ခံရ၊၁၀ဦးသေဆုံး

၂၃၊ နိုဝင်ဘာလ၊ ၂၀၂၁။

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊ကွမ်းစိုက်ရွာထဲ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို ဒေသခံပြောက်ကျား ၄ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၁၀ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ကွမ်းစိုက်ရွာစာသင်ကျောင်းထဲမှာ တပ်စွဲထားခြင်းဖြစ်ပြီး ယမန်နေ့ညပိုင်းမှာ တိုက်ခိုက် ခံရခြင်းဖြစ်ကြောင်းဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ဖော်ပြပါတယ်။

ပြောက်ကျားတပ်ဖွဲ့တွေဟာ RPG-7 နဲ့တစ်ချက်ပစ်ပြီးနောက် မောင်းပြန်သေနတ်တွေနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲအပြီးမှာ အကြမ်းဖက်စစ်သား၈ဦးသေဆုံးကာ ၂ဦးပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ တိုက်ပွဲဦးဆောင်အ ဖွဲ့  27 Revolution Forces တာဝန်ရှိသူ ကိုမင်းမခကပြောပါတယ်။

‘စစ်ခွေးတွေ တစ်ချက်ပြန်မပစ်နိုင်ခဲ့ဘူး။မနက်ရောက်တော့ ညကဒဏ်ရာရတဲ့၂ယောက် ထပ်သေသွားတယ်လို့ ကျွန်တော်တို့ စုံစမ်းသိရတယ်’လို့သူကပြောပါတယ်။

ကွမ်းစိုက်ရွာတိုက်ပွဲကို 27 Revolution Forces၊ Zero ပြောက်ကျားအဖွဲ့တို့နဲ့အတူ Natogyi Regional PDFနဲ့Natogyi PDFတို့လည်း ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီကဖော်ပြ ပါတယ်။

ပြောက်ကျားတပ်ဖွဲ့တွေဘက်က တစ်စုံတစ်ရာထိခိုက်မှုမရှိဘူးလို့သိရပါတယ်။