ဇွန် ၊ ၈
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ဘက် သုံးမိုင်ဝန်းကျင်အကွာ ကလေး – ဂန့်ဂေါ လမ်းမကြီးပေါ်က ချင်းဆိုင် ရွာနဲ့ဇင်းကလင်းရွာကြားမှာ စစ်တပ်က အထိုင်းစခန်းတခုလုပ်ဖို့ပြင်ဆင်နေတာကြောင့် အဲ့ဒီအနီးအနား ရွာသုံးရွာ လောက်က ဒေသခံ ငါးထောင်ကျော် ဘေးလွတ်ရာကိုတိမ်းရှောင်သွားကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီတပ်က အထိုင်စခန်း ပြုလုပ်ဖို့ပြင်နေတဲ့ နေရာအနီးတဝိုက်က သာစည်၊ချင်းဆိုင်၊ဇင်းကလင်း စတဲ့ ရွာတွေက ဒေသခံတွေ တိမ်းရှောင်ခဲ့ကြတာဖြစ်ပြီး မတိမ်းရှောင်နိုင်သေးဘဲ ရွာတွေထဲကျန်နေခဲ့သူတွေကိုတော့ စစ်ကောင်စီက နောက်ထပ် ပြောင်းရွှေ့ခွင့်မပေးတော့ဘူးလို့ ဆိုပါတယ်။
“သာစည်ကတော့ရှောင်ကြတာ တချို့ကနည်းနည်းကြာပြီ၊ခုဖြစ်စဥ်မှာ ထပ်ရှောင်တဲ့သူတွေရောဆိုရွာ တဝက်နီး ပါးလောက်ရှိပြီ၊ဇင်းကလင်း၊ချင်းဆိုင်တွေကတော့ တော်တော်များများရှောင်ကြတယ်” လို့ ဒေသခံတဦး ကပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ကလေးမြို့ပေါ်ကနေ ချင်းဆိုင်၊ဇင်းကလင်းကျေးရွာဘက်ကို ဇွန်လ(၆)ရက် မနက်ပိုင်း ကစပြီး စစ်ကြောင်းထိုးခဲ့တာဖြစ်တယ်လို့သိရပါတယ်။စစ်ကြောင်းထိုးတဲ့နေ့ကစလို့ ကလေးမြို့တောင်ဘက် သာစည်၊ ချင်းဆိုင်၊ ဇင်းကလင်းရွာက ပြည်သူတွေ စတင်တိမ်းရှောင်ခဲ့ကြတာလို့သိရပါတယ်။
သာစည်၊ချင်းဆိုင်၊ ဇင်းကလင်းကျေးရွာတွေဟာ ကလေးမြို့တောင်ဘက် ကလေး – ဂန့်ဂေါ လမ်းမကြီးဘေးမှာ အစဥ်လိုက်တည်ရှိတဲ့ကျေးရွာတွေဖြစ်ပြီး သာစည်ရွာကအိမ်ခြေတထောင်ဝန်းကျင်ရှိကာ ချင်းဆိုင်နဲ့ ဇင်းကလင်း က အိမ်ခြေနှစ်ရာနဲ့သုံးရာဝန်းကျင်ရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။
ကလေးမြို့နဲ့အနီးဆုံးသာစည်ကျေးရွာဟာ ပြီးခဲ့တဲ့ဧပြီလကစလို့ စစ်ကောင်စီစစ်ကြောင်းမကြာခဏဝင်ရောက်ပြီး ဖမ်းဆီးမှုတွေရှိခဲ့တာကြောင့် အဲ့ဒီအချိန်ကတည်းက ရွာခံတွေတဖြည်းဖြည်းစတင်တိမ်းရှောင်နေကြ တာဖြစ် တယ်လို့သိရပါတယ်။
ဇင်းကလင်းနဲ့ချင်းဆိုင်ရွာကပြည်သူအများစုကတော့ စစ်ကောင်စီစစ်ကြောင်းလာတဲ့ ဇွန်လ ၆ ရက်ကစလို့ မနေ့ကအထိ နေရပ်စွန့်ခွာသွားကြသူတွေရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။
ဇင်းကလင်းရွာကိုရောက်ရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ လက်နက်ကြီး၊ လက်နက်ငယ်တွေပစ်ဖောက် တာ အပြင် ဇင်းကလင်းနဲ့ချင်းဆိုင်ကြားအထိုင်ချမယ်ဆိုတဲ့သတင်းတွေကြောင့် ရွာမှာကျန်နေခဲ့သူတွေကလည်း ဒီက နေ့ မနက်အစောပိုင်းမှာ ရွာကထပ်ထွက်လာတာမျိုးတွေရှိခဲ့ပေမယ့် ကလေးမြို့အဝင် စစ်ကောင်စီဂိတ်က တား မြစ်လို့ ရွာကိုပြန်သွားကြရတယ်လို့ဆိုပါတယ်။
“ဒီမနက်လေးနာရီခွဲလောက်စရှောင်ဖို့ထွက်ကြတာ၊အဖွဲ့စက် ဂိတ်က ငါးနာရီခွဲကျော်လောက်မှာ အထုပ်အပိုး တွေနဲ့ဆိုဖြတ်ခွင့်မပြုတော့ဘူး၊လွတ်တဲ့လူကလွတ်တယ်၊အများစုကတော့မလွတ်ကြဘူး၊ပြန်လှည့်ခဲ့ရတယ်” လို့ ဒေသခံတဦးကပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်း အန္တရာယ်နဲ့ တိုက်ပွဲတွေဖြစ်မှာကို စိုးရိမ်လို့ ရွာကိုစွန့်ခွာပြီး မြို့ပေါ်မှာခိုလှုံဖို့ လာကြသူ တွေကိုစစ်ကောင်စီက အထုပ်အပိုးတွေပါတာနဲ့ မြို့တွင်းဝင်ခွင့်မပေးဘဲ အထုပ်အပိုးမပါသူတွေကိုတော့ ဖြတ်သန်း သွားလာခွင့်ပြုတယ်လို့ သိရပါတယ်။
စစ်ကောင်စီက ပြောင်းရွေ့ခွင့်မပြုလို့ ရွာတွေမှာ ကျန်ရစ်ခဲ့တဲ့ပြည်သူတွေဟာ စစ်တပ်ကအထိုင်ချမယ်ဆို တဲ့သတင်းတွေကြောင့် စိုးရိမ်ပူပန်နေကြပါတယ်။
” ကံပ။ ဘုရား၊တရားအားကိုးနဲ့နေရတော့မှာပ၊မြို့ပေါ်ကိုလည်းလာလို့မရတော့ဘူး၊ နောက်ဆုံးတခုခုဆို လူလွတ်ရုန်းဖို့ပဲစဥ်းစားထားတယ်” လို့ ဒေသခံတဦးကဆိုပါတယ်။
မေလကုန်ပိုင်းကတည်းက စစ်ကောင်စီဟာ ကလေးမြို့နယ်တောင်ပိုင်းရော၊မြောက်ပိုင်းကိုပါလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာဖြစ်တယ်လို့သိရပါတယ်။ဇွန် ၆ ရက်နေ့ညပိုင်းကလည်း စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ထိုမာကျေးရွာကပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရခဲ့သေးတယ်လို့သိရပါတယ်။
အဲ့ဒီလိုလက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် ထိုမာကျေးရွာကပြည်သူတချို့လည်း တိမ်းရှောင်ကြ တယ် လို့ဒေသခံတွေဆီကသိရပါတယ်။
ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း ကလေးမြို့ တဝိုက်မှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေ စစ်ရေးတင်းမာ နေကြသလို တိုက်ပွဲတွေလည်းဖြစ်ခဲ့ပါတယ်။
အခုလ ပထမပတ်အတွင်းမှာတော့ စစ်ကောင်စီက ကလေးမြို့ မြောက်ဘက် စစ်ကိုင်းတိုင်းနဲ့ချင်းပြည်နယ် အစပ် က ရှု့ခင်းသာကျေးရွာကို တိုက်ခိုက်ရေးရဟတ်ယာဥ်နဲ့လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့သလိုလက်ပံချောင်း၊ တာ ဟန်းရပ်ကွက်၊ ထိုမာကျေးရွာစတဲ့ဒေသတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် ပြည်သူတဦးသေဆုံးပြီး နှစ်ဆယ်ကျော်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။