ဇွန် ၊ ၈
အမေရိကန် မေဂျာလိဂ် ဘောလုံးကလပ် အင်တာ မီယာမီဆီ ပြောင်းရွှေ့တော့မယ်လို့ လီယွန်နယ် မက်ဆီက အတည်ပြု ကြေညာခဲ့ပါတယ်။
အသက် ၃၅ နှစ်အရွယ် အာဂျင်တီးနား တိုက်စစ်မှူးဟာ ပြင်သစ် ချန်ပီယံ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တဲ့နောက် မီယာမီဆီ ကူးပြောင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။ မီယာမီဟာ အင်္ဂလန် ဘောလုံးကြယ်ပွင့်ဟောင်း ဒေးဗစ်ဘက်ဟမ်း ပိုင်ဆိုင်ထားတဲ့ အသင်းလည်း ဖြစ်ပါတယ်။
မက်ဆီ့ကို ဆော်ဒီအာရေးဘီးယား ဘောလုံးကလပ် အယ်လ်ဟီလယ်လ်က မက်မောလောက်စရာ ပြောင်းရွှေ့ကြေးမျိုးနဲ့ ကမ်းလှမ်းခဲ့သလို အသင်းဟောင်း ဘာစီလိုနာကလည်း ချိတ်ဆက်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ဘာစီလိုနာရဲ့ ချဉ်းကပ်မှုဟာ ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA)ရဲ့ ဘဏ္ဍာရေး ကန့်သတ် စည်းမျဉ်းတွေကြောင့် ဘယ်လိုမှ အဆင်မချောခဲ့ပါဘူး။
ပရော်ဖက်ရှင်နယ် ကစားသမားဘဝတလျှောက် ပထမဆုံးအကြိမ် ဥရောပပြင်ပ ကလပ်တခုကို ရွေးချယ်လိုက်တာနဲ့ ပတ်သက်လို့ မက်ဆီက သူဟာ ဆုံးဖြတ်ချက် အတိအကျ ချမှတ်ခဲ့ကြောင်း၊ မီယာမီကို သူသွားမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
သူ့ကို နောက်ထပ် ဥရောပ ကလပ်တခုကလည်း ကမ်းလှမ်းခဲ့သေးပေမယ့် ထည့်တောင် မစဉ်းစားတော့ကြောင်း၊ ဥရောပမှာ သူဆက်ရှိနေမယ် ဆိုရင်လည်း ဘာစီလိုနာ တသင်းတည်းကိုသာ ရွေးချယ်ချင်ခဲ့ကြောင်း၊ သူဟာ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲခဲ့ပြီး ဖြစ်သလို ဘာစီလိုနာကိုလည်း ပြန်သွားဖို့ မဖြစ်နိုင်တော့တဲ့အခါ မေဂျာလိဂ်ဟာ သူ့အတွက် အသင့်တော်ဆုံးလို့ ခံစားမိလာကြောင်းလည်း မက်ဆီက ဆိုပါတယ်။
သူဟာ ကွဲပြားတဲ့ ဘောလုံးယဉ်ကျေးမှုမှာ ပျော်ပျော်ရွှင်ရွှင် ရှေ့ဆက် ဖြတ်သန်းချင်ကြောင်း၊ ဒါပေမဲ့ ဘယ်နေရာကိုရောက်ရောက် တူညီတဲ့ တာဝန်ခံမှုတွေနဲ့ အနိုင်ရဖို့ ဆာလောင်မှု ပြင်းပြင်းပြပြ ကစားနေမှာဖြစ်ကြောင်းလည်း ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (Ballon d’Or)ကို ၇ ကြိမ်ထိ ဆွတ်ခူးခဲ့ဖူးတဲ့ ဘောလုံးကြယ်ပွင့်က ပြောကြားသွားပါတယ်။
အခုတော့ မျိုးဆက်တခုအတွင်း ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ဖြစ်ခဲ့ဖူးတဲ့ အထင်ကရ ဘောလုံးသမား နှစ်ဦးစလုံးကို ဥရောပကို ကျောခိုင်းသွားကြပါပြီ။ မက်ဆီရဲ့ အစဉ်အလာပြိုင်ဘက် ပေါ်တူဂီ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာလည်း ဇန်နဝါရီလမှာ ဆော်ဒီအာရေးဘီးယားကလပ် အယ်လ်နက်ဆာကို ပြောင်းရွှေ့သွားခဲ့ပြီး ဖြစ်ပါတယ်။