ဇွန်၊ ၇
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ဥတ္တူကျေးရွာထဲကို ဇွန်လ ၆ ရက် မနက် ၅ နာရီကျော်လောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာပြီး နေအိမ်နှစ်လုံးကို မီးရှို့သွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
မီးရှို့ခံရတဲ့ နေအိမ်တွေဟာ သာမာန်ရွာသားတွေရဲ့ နေအိမ်တွေဖြစ်ပြီး ရွာနဲ့ အနီးအနားတဝိုက်မှာလည်း လက်ရှိ တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ မီးရှို့တဲ့အကြောင်းအရင်းကို မသိရဘူးလို့ ရွာခံတွေက ပြောကြပါတယ်။
” သူတို့ဝင်လာတော့ အရင်က ရွာမှာ NLD ခေါင်းဆောင်ဖြစ်ခဲ့ဖူးတဲ့ လူငယ်တယောက်ကို လိုက်မေးတယ်၊ သူက အသက် ၃၇ နှစ်လောက်ရှိပြီ၊ အခုတော့ ရွာမှာမရှိဘူး။ ကျန်တာ ဘာမှတော့ ထွေထွေထူးထူး မမေးဘူး၊ မီးရှို့ခံရတဲ့အိမ်က အဲလူနဲ့တော့ ဘာမှမဆိုင်ဘူး ” လို့ ရွာခံတဦးက DNA ကို ပြောပါတယ်။
မီးရှို့ခံရတဲ့ နေအိမ်နှစ်လုံးအနက် သစ်သားအိမ်တလုံးက မီးလောင်ပြာကျသွားခဲ့ပြီး တိုက်အိမ်တလုံးကတော့ နေအိမ်အတွင်းရှိ ပစ္စည်းတွေပဲ မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။
အင်အား ၅၀ လောက်ရှိမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရွာထဲဝင်လာတဲ့အချိန်မှာလည်း လမ်းမှာတွေ့တဲ့ ဒေသခံအမျိုးသား ၄ ဦးကို ဖမ်းခေါ်လာခဲ့ပြီး မနက် ၈ နာရီကျော် ရွာထဲကနေပြန်ထွက်သွားချိန်မှာတော့ လွှတ်ပေးခဲ့တယ်လို့ ရွာခံတဦးက ပြောပါတယ်။
ဥတ္တူရွာနဲ့ နှစ်မိုင်လောက်အကွာ ထားဝယ်-မြိတ်ကားလမ်းမပေါ်မှာရှိတဲ့ ဥတ္တူတံတားမှာတော့ စစ်ကောင်စီတပ်က တပ်စွဲထားတာရှိပေမယ့် ရွာထဲဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဘယ်ကလာတာလဲဆိုတာကိုတော့ ရွာခံတွေအတိအကျ မသိကြပါဘူး။
အခုနှစ် ဧပြီလနဲ့ မေလအတွင်းကတော့ အဲဒီတံတား စစ်ဆေးရေးဂိတ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက အနည်းဆုံး ၂ ကြိမ် သွားရောက်တိုက်ခိုက်ခဲ့ပြီး အရင်ကလည်း မကြာခဏ သွားရောက် တိုက်ခိုက်လေ့ရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဧပြီလအတွင်းကလည်း အဲဒီတံတား စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုး ရှာဖွေမှုတွေ လုပ်လာတာကြောင့် ဥတ္တူရွာက ရွာခံတွေ ရွာလုံးကျွတ် တိမ်းရှောင်ခဲ့ရပါသေးတယ်။
ဓာတ်ပုံ – CJ