ဇွန်၊ ၇
အဆိုတော် လီလီနိုင်ကျော်ကို သေနတ်နဲ့ ပစ်ခတ်လုပ်ကြံရာမှာ ပါဝင်သူတွေအဖြစ် စစ်ကောင်စီက စွပ်စွဲဖမ်းဆီးထားသူ နှစ်ဦးထဲက တဦးရဲ့ မိခင်နဲ့အစ်မဖြစ်သူတို့ဟာ မနေ့က ညပိုင်းက နေအိမ်မှာ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
လီလီနိုင်ကျော်သေဆုံးမှုနဲ့ပတ်သက်လို့ ဖမ်းဆီးခံထားရသူ နှစ်ဦးထဲက ကိုကောင်းဇာနည်ဟိန်း (ခ)လပြည့် ဆိုသူရဲ့ မိခင်နဲ့အစ်မတို့ဟာ သူတို့နေထိုင်ရာ ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ရိုးကြီးကျေးရွာ၊ အေးမေတ္တာလမ်းက နေအိမ်မှာပဲ မနေ့ကညပိုင်းက ပစ်ခတ်ခံခဲ့ရတာပါ။
နေအိမ်မှာပဲ ပစ်ခတ်သတ်ဖြတ်ခံရသူတွေဟာ မူကြိုကျောင်းတခု ဖွင့်လှစ်ထားတဲ့ သားအမိနှစ်ဦးဖြစ်ပြီး သူတို့ကို ပစ်ခတ်ခဲ့သူတွေဟာ မနေ့က ညခြောက်နာရီလောက်မှာ အိမ်စီးကားတစီးနဲ့ ရောက်လာခဲ့တာလို့ အဲ့ဒီရပ်ကွက်အတွင်း နေထိုင်သူတွေက ပြောပါတယ်။
” သူတို့က မူကြိုကျောင်းဖွင့်ထားတာ ကြာပြီလေ၊ မိခင်က ဆရာမပါ၊ အေးအေးဆေးဆေး နေတတ်တဲ့သူတွေ၊ သူ့သားကလည်း အိမ်မှာမနေတာ ကြာပါပြီ၊ သူ့သားအဖမ်းခံရတဲ့ နေ့မှာပဲ သတ်ခံလိုက်ရတာ၊ အဲ့ဒီအိမ်မှာ သူတို့သား အမိနှစ်ယောက်ပဲ ရှိတာ၊ အခုလို မဆိုင်တဲ့သူတွေပါ လိုက်သတ်နေတာတော့ မကောင်းဘူးရှင့်၊ သူတို့က အများပြောသလို Non CDM လည်း မဟုတ်ကြပါဘူး ” လို့ အဲဒီရပ်ကွက်အတွင်း နေထိုင်သူတဦးက DNA ကို ပြောပါတယ်။
ကိုကောင်းဇာနည်ဟိန်း မိခင် ဒေါ်သဲမာလာဝင်း အသက် (၄၂)နှစ်နဲ့ အစ်မဖြစ်သူ မဆောင်းသဇင်ဦး အသက်(၂၄) နှစ် တို့ဟာ ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ကြတာဖြစ်ပြီး အမည်မသိ လက်နက်ကိုင် လေးဦးက နေအိမ်အတွင်း လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် မိနစ်ပိုင်းအကြာမှာ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေ ရောက်လာပြီး အခင်းဖြစ်နေရာနဲ့ ရပ်ကွက်အတွင်း စစ်ဆေးမေးမြန်းတာ၊ ပိတ်ဆို့ရှာဖွေမှုတွေ လုပ်ကာ ရုပ်အလောင်းတွေကိုလည်း ယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သရုပ်ဆောင်နဲ့အဆိုတော် လီလီနိုင်ကျော်ဟာ မေလ ၃၀ ရက်ညပိုင်းက ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး ဆေးကုသမှု ခံယူနေရင်းက တပတ်အကြာ မနေ့ကမှ သေဆုံးခဲ့တယ်လို့ သူ့ရဲ့မိသားစုက အတည်ပြုထားပါတယ်။ အဲ့ဒီပစ်ခတ်မှုမှာ ကိုကောင်းဇာနည်ဟိန်းကို ကိုယ်တိုင်ပစ်ခတ်မှု ကျုးလွန်ခဲ့သူလို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။
အဆိုတော် လီလီနိုင်ကျော် ပစ်ခတ်ခံရမှုမှာ ပါဝင်ပတ်သက်ခဲ့သူတွေဖြစ်တဲ့ ကိုကောင်းဇာနည်ဟိန်း (ခ)လပြည့်နဲ့ ကျော်သူရ (ခ)အီးတီ တို့ကို ဇွန်လ လေးရက်က ကမာရွတ်မြို့နယ်က အဆောင်တခုမှာ ဖမ်းမိခဲ့တာလို့ စစ်ကောင်စီက ဒီကနေ့ သတင်းစာမှာ ဖော်ပြထားပါတယ်။
ဒါပေမယ့် ဒေါ်လီလီနိုင်ကျော် သေဆုံးကြောင်း မိသားစုဘက်က အတည်ပြုတဲ့ မနေ့ကပဲ စစ်အုပ်စုရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ကိုကောင်းဇာနည်ဟိန်း (ခ)လပြည့်နဲ့ ကျော်သူရ (ခ)အီးတီတို့ကို ဖမ်းမိထားတဲ့အကြောင်း ဖော်ပြမှုတွေ ရှိခဲ့တာပါ။
အဲ့ဒီသတင်းနဲ့အတူ အခုလို လုပ်ကြံပစ်ခတ်မှုတွေမှာ ပါဝင်ပတ်သက်သူတွေရဲ့ မိသားစုဝင်တွေကို လက်တုံ့ပြန်ဖို့၊ နေအိမ်တွေနဲ့ ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်သိမ်းဆည်းဖို့ လှုံ့ဆော်မှုတွေကိုလည်း အဲ့ဒီတယ်လီဂရမ်ချန်နယ်တွေမှာ ရေးသားဖော်ပြကြတာ တွေ့ရပါတယ်။
အခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက် ညပိုင်းကလည်း ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာ အသက်သုံးနှစ်အရွယ် ကလေးတဦးအပါအဝင် မိသားစုဝင်ငါးဦး အစုအပြုံလိုက် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပြီး သေဆုံးသူတွေဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးရဲ့ မိသားစုဝင်တွေဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဓာတ်ပုံ – စစ်အုပ်စုတယ်လီဂရမ်