မုန်တိုင်းသင့်လယ်ယာတွေ ပြန်လည်စိုက်ပျိုးဖို့ အခက်ကြုံနေရတဲ့ ပုလဲနယ်က တောင်သူများ

ဇွန်၊ ၆
 
စစ်ကိုင်းတိုင်း၊ ပုလဲ မြို့နယ်အတွင်းက မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ လယ်ယာစိုက်ခင်းတွေအတွက် အကူအညီတွေ မရသေးတာကြောင့် ပြန်လည်စိုက်ပျိုးနိုင်ဖို့ အခက်တွေ့နေကြတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။
 
“ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ နှမ်းတွေသာ ရာသီဥတုသာယာခဲ့မယ်ဆိုရင် ကျွန်တော်စိုတ်ထားတဲ့ ဧကတင် တင်း ၁၂၀ လောက်ထွက်တယ်၊ တတင်းကို ခုပေါက်စျေး တသိန်းဝန်ကျင် လောက်ရမှာ၊ အခုတော့ အကုန်ကုန်သွားတာပေါ့ “ လို့ မိုခါမုန်တိုင်းကြောင့် နှမ်းနဲ့နွေစပါး ဧက ၂၀ ကျော် ဆုံးရှုံးလိုက်ရတဲ့ ပုလဲဒေသခံ မခင်ခက်ခိုင်က ပြောပါတယ်။
 
မိုခါမုန်တိုင်း တိုက်ခတ်အပြီး တလနီးပါးအထိ ရှိလာပေမယ့် အဲ့ဒီဒေသက တောင်သူတွေဟာ လက်ရှိအချိန်အထိ စစ်ကောင်စီ ဆီကရော NUG ဆီကပါ အကူအညီလုံးဝမရကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
 
မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် ပုလဲမြို့နယ်က ကျေးရွာ ၃၄ ရွာမှာ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ခဲ့ပြီး စပါး၊ နှမ်း၊ ဆန် တင်းထောင်ချီ ကြက်သွန်ပိဿာ (၅၀၀၀၀)ဝန်းကျင်၊ တခြား အိမ်တွင်း ပစ္စည်းတွေနဲ့ သီးနှံစိုက်ပျိုးထားတဲ့ လယ်ယာမြေ ဧက (၂၇၀၀) လောက် ပျက်စီးခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
 
မိုခါမုန်တိုင်းဟာ ရခိုင်ပြည်နယ်ကို အဓိကဦးတည် တိုက်ခတ်ခဲ့တာဖြစ်ပေမယ့် ချင်း၊ စစ်ကိုင်း၊ မကွေး စတဲ့ဒေသတွေကိုလည်း ဖြတ်သန်းခဲ့တာကြောင့် အဲ့ဒီဒေသတွေအပါအဝင် တိုင်းနဲ့ပြည်နယ်တချို့မှာလည်း ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တာပါ။
 
စစ်ကိုင်းတိုင်း ပုလဲ မြို့နယ်နဲ့ နီးစပ်ရာ ဒေသတွေမှာတော့ မုန်တိုင်းအရှိန်ကြောင့် ရေကြီး၊ ရေလျှံမှုတွေ ဖြစ်တာအပြင် မြောက်ယမားဆည် ထိခိုက်မှုရှိခဲ့တာကြောင့် လယ်ယာတွေ ရေလွှမ်းပျက်စီးခဲ့သလို စိုက်ပျိုးရေပေးနေတဲ့ ဆည်မြောင်းတချို့လည်း ပျက်စီးသွားပြီး ပြန်လည်စိုက်ပျိုးဖို့ပါ အခက်တွေ့နေရတာလို့ တောင်သူတွေက ပြောပါတယ်။
 
” ကျွန်တော်တို့ တရွာတင် ဧက ၂၀၀ လောက် ဆုံးရှုံးခဲ့တာပေါ့၊ တရွာလုံးပေါင်းမှ ၁၀ ဧက ၁၅ ဧကလောက်ပဲ ကျန်တာပေါ့၊ ခုရေမပေးနိုင်လို့ မိုးစပါးမစိုက်ရင် ဒီထက်ပိုခက်ခဲမှာ ” လို့ ဒေသခံတောင်သူတဦးဖြစ်တဲ့ ဦးအောင်က ပြောပါတယ်။
 
ပုလဲမြို့နယ်အပါအဝင် ဒေသတွင်းက ဆည်ရေကို အဓိကအားထား စိုက်ပျိုးလုပ်ကိုင်နေကြရတဲ့ လယ်ယာမြေတွေဟာ ပျက်စီးသွားတဲ့ ဆည်မြောင်းတွေကို အချိန်မီမပြင်ပေးနိုင်ရင် မိုးစပါးစိုက်ဖို့ အခက်တွေ့ကြရဖို့ရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
“ အကယ်၍ ပြန်စိုတ်မယ်ဆိုရင်တောင် မြေသား ပါသွားတာရယ်၊ ကန်သင်း ကျိုးတာရယ် တော်တော်လေး ပြန်ပြုပြင်ရမယ်၊ ပြင်ရင်လည်း ပိုက်ဆံက တော်တော်ကုန်မှာ ” လို့ ပုလဲ မြို့နယ် အနောက်ခြမ်းဒေသခံ တောင်သူတဦးက ပြောပါတယ်။
 
အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခတွေ၊ စစ်ကြောင်းထိုးမီးရှို့ခံရမှုတွေကြောင့် စီးပွားရေးကျပ်တည်းနေကြတဲ့ ဒေသခံတွေအနေနဲ့ အခုလို မုန်တိုင်းကြောင့် ဆုံးရှုံးမှုတွေ ထပ်ဖြစ်လာတာက အခက်အခဲတွေ အများအပြားတိုးသွားစေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
 
” စစ်ကြောင်းထိုးလို့ ရှောင်ရပြီဆိုရင် စိုက်ခင်းတွေ ဒီတိုင်းပစ်ထားခဲ့ရတော့ ဥပမာ ၂၀ ထွက်ရမယ့်နေရာမှာ ၁၀ တင်းလောက် ၈ တင်းလောက်ပဲ ထွက်တော့တာပေါ့၊ စပါးဆိုရင်လည်း ရိတ်ချိန် ကျော်လွန်သွားတော့ အထွက်နှုန်းလျော့တာပေါ့၊ အဲ့တော့ ပိုက်ဆံက ရသင့်သလောက် မရဘူး ” လို့ မခင်ခက်ခက်ခိုင်က ပြောပါတယ်။
 
စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ လှုပ်ရှားမှုရှိတဲ့ ABSDF Column 3 ကတော့ ပျက်စီးသွားတဲ့ ဆည်မြောင်းတွေကို အချိန်မီမပြုပြင်ရင် လက်ယာမြောင်းက ဆည်ရေသောက် လယ်ယာဧက ၇၀၀၀ နဲ့ မြောက်ယမားဆည်က ပင်မမြောင်းတွေကို အမှီပြု စိုက်ပျိုးနေရတဲ့ ဆည်ရေသောက် လယ်ယာ ဧက တသောင်းကျော် တို့ဟာ လာမယ့် မိုးရာသီမှာ မိုးစပါး စိုက်ပျိုးနိုင်တော့မှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။
 
မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ပုလဲမြို့နယ်မှာ လယ်ယာမြေဧက သောင်းချီပျက်စီးခဲ့တဲ့အပြင် နွား၊ ဆိတ်၊ သိုး၊ ဝက် ကောင်ရေ (၂၀၀)လောက်လည်း သေဆုံးခဲ့ပြီး အိမ်ခြေလေးလုံး၊ တံတား (၇) စင်း၊ လမ်း (၂၃)လမ်းလည်း ပျက်စီးခဲ့တယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
 
မုန်တိုင်းဘေး တုံ့ပြန်ရေးလုပ်ငန်းတွေအတွက် NUG က ရံပုံငွေ ကျပ်သိန်းနှစ်ဆယ် ပေးအပ်ထားပြီး အဲ့ဒီငွေနဲ့ ပျက်စီးနေတဲ့လမ်းတွေကို ပြုပြင်ပေးနေတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ ကိုဇော်ထက်က ပြောပါတယ်။
 
” ရွာသားတွေဘက်က လူအင်အားနဲ့ ကျွန်တော်တို့ ပအဖ၊ ပကဖ အဖွဲ့တွေ ဝိုင်းဝန်းပြီး လမ်းတွေကို ပြင်ထားပါတယ်၊ ဒါပေမယ့် (NUG)က အခြားထောက်ပံ့တာမျိုး မရှိသေးဘူး ” လို့ သူကပြောပါတယ်။
 
လယ်ယာတွေ စိုက်ပျိုးရေရဖို့အတွက် ပြုပြင်ဖို့လို အပ်နေတဲ့ ဆည်မြောင်းတွေကတော့ ငွေကြေးကျပ်သိန်းသောင်းချီ ကုန်ကျနိုင်တဲ့အပြင် လတ်တလော ပြင်တင်နိုင်ဖို့လည်း မဖြစ်နိုင်သေးဘူးလို့ ပညာရှင်တွေဆီက သိထားရတယ်လို့လည်း ကိုဇော်ထက်က ပြောပါတယ်။
 
” သိန်းသောင်းချီ ကုန်မယ်ဆိုတော့ ကျွန်တော်တို့က မတတ်နိုင်ဘူး၊ အဲ့တော့ NUG ကို တင်ပြတယ်၊ သူတို့ကလည်း လက်ရှိအခြေအနေနဲ့ အဆင်မပြေနိုင်ဘူးပေါ့၊ ငွေရှိတယ်ဆိုရင်တောင် ချက်ချင်းထပြင်လို့ မရနိုင်ဘူး ” လို့ သူကဆိုပါတယ်။
 
တောင်သူတွေကတော့ ပျက်စီးသွားတဲ့ ဆည်မြောင်းတွေကို လာမယ့် မိုးစပါးစိုက်ပျိုးကာလအမီ မပြုပြင်နိုင်ရင် စပါး တင်းဧကသိန်းချီ ဆုံးရှုံးနိုင်ချေရှိပြီး နောက်ဆက်တွဲအခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။
 
“ ကျွန်တော့်တသက်ပဲ တောင်သူလုပ်လာတာ၊ အရင်ကတော့ လယ်လုပ်ပေမယ့် မိသားစု စားသောက်ရေးက အဆင်ပြေတယ်၊ အာဏာသိမ်းတော့ စားရေးသောက်ရေး ပိုကြပ်လာတယ်၊ ခုမုန်တိုင်းဖြစ်တော့ ပိုဆိုးသွားပြီ ” လို့ ပုလဲဒေသခံ တောင်သူတဦးဖြစ်တဲ့ ကိုဖြိုးက ပြောပါတယ်။
 
ဓာတ်ပုံ – ပုလဲ ပအဖ / PVTV