ရခိုင်က မုန်တိုင်းသင့် ပြည်သူတွေအတွက် ကူညီပေးနေသူတွေကို စစ်ကောင်စီက ကန့်သတ်မှုတွေ ရှိနေ

ဇွန်၊ ၅

ရခိုင်ပြည်နယ်မှာ မိုခါမုန်တိုင်းကြောင့် အိုးအိမ်တွေ ပျက်စီးသွားခဲ့ကြရတဲ့ မုန်တိုင်းသင့်ပြည်သူတွေကို ကူညီပေး နေတဲ့ ကူညီရေးအဖွဲ့တွေနဲ့ အလှူရှင်တွေကို အာဏာသိမ်းစစ်ကောင်စီက စစ်ဆေး၊ ဟန့်တားမှုတွေပြုလုပ်နေတာ ကြောင့် အကူအညီတွေ နှောင့်နှေးကြန့်ကြာနေရတယ်လို့ကိုယ်တိုင်ကြုံရသူတွေနဲ့ဒေသခံတွေက ပြောကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေမှာ မုန်တိုင်းဘေးကူညီရေးအဖွဲ့တွေနဲ့ အလှူရှင်တွေကို စစ်ဆေး မှုတွေရှိနေသလို အကူအညီတွေ သွားပေးတဲ့အခါမှာလည်း စစ်ကောင်စီတပ်သားတွေက စောင့်ကြည့်တာတွေ လုပ်ကြတယ်လို့ အရပ်ဘက်အဖွဲ့တွေက ပြောကြပါတယ်။

“ဂိတ်တွေမှာ စစ်တာရှိတယ်၊မင်းတို့ ဘယ်ကိုသွားပေးမှာလဲ၊ ဘာတွေ ပေးမှာလဲ၊ နယ်လုံခွင့်ပြုချက်ရော ပါရဲလား အဲလိုမျိုးတွေ မေးတယ်၊ပြီးတော့ နောက်ကလိုက်ပြီး ဓါတ်ပုံရိုက်တာတို့ အဲလိုမျိုးတွေ ရှိနေတယ်၊လုပ်ရကိုင်ရတာ တော်တော်အကျပ်အတည်းဖြစ်တယ်”လို့ မုန်တိုင်းသင့်ပြည်သူတွေကို ကူညီပေးနေတဲ့ ရခိုင်အရပ်ဘက် အဖွဲ့အ စည်း တခုက တာဝန်ရှိသူတဦးကပြောပါတယ်။

အဲဒီလို စစ်ဆေး၊ ကန့်သတ်မှုတွေကြောင့် အရေးပေါ် အကူအညီတွေ လိုအပ်နေတဲ့ ပြည်သူတွေဆီ အထောက်အပံ့ တွေ အချိန်မီ မရောက်နိုင်ဖြစ်နေတယ်လို့လည်း လုံခြုံရေးအရအမည်မဖော်လိုတဲ့ အဲ့ဒီအရပ်ဘက်အဖွဲ့တာဝန်ရှိသူ က ဆိုပါတယ်။

“စစ်ကောင်စီက သူတို့လည်း ဘာမှ မပေးဘူးဗျာ၊ ပေးရင်လည်း ဆန်တဗူး၊ နှစ်ဗူး၊အခု ပေးနေတဲ့လူတွေကိုလည်း လိုက်ကန့်သတ်နေတယ်၊အဲဒါ ဘယ်လို လုပ်ကြမလဲ”လို့ သူကဝေဖန်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ မုန်တိုင်းသင့်ပြည်သူတွေကို ကွင်းဆင်းကူညီပေးနေတဲ့သူတွေအထဲကတဦးဖြစ်တဲ့ စာရေးဆရာ ဝေဟင်အောင်ကို ပြီးခဲ့တဲ့ မေလ ၂၃ ရက်ကဖမ်းဆီးထိန်းသိမ်းစစ်ဆေးခဲ့ပါသေးတယ်။

စစ်ကောင်စီရဲ့ အဲဒီလိုလုပ် တွေဟာ ကူညီရေးအဖွဲ့တွေအပေါ် ခြိမ်းခြောက်ရာရောက်ပြီး မုန်တိုင်းသင့်ပြည်သူ တွေကို ပိုပြီးတော့ ဒုက္ခရောက် စေတယ်လို့ ရခိုင်ပြည်နယ်အခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားသူတဦးက ပြော ပါတယ်။

စစ်ကောင်စီဟာ ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိကအလှူရှင်တွေကိုသာ ကန့်သတ်၊ စစ်ဆေးမှု တွေ ပြုလုပ်နေတာမဟုတ်ဘဲ နိုင်ငံတကာကူညီရေးအဖွဲ့(INGO)တွေကိုလည်း ခရီးသွားလာခွင့်၊ အကူအညီပေး ခွင့်တွေ ကန့်သတ်ထားတယ်လို့ အဲဒီအသိုင်းအဝိုင်းက ပြောပါတယ်။

“ကျွန်တော်တို့ သိရသလောက်ဆိုရင် WFP တခုပဲ တလစာ ခရီးသွားလာခွင့် ရထားတယ်၊ကျန်တဲ့ တခြားအဖွဲ့ တွေကို ခွင့်ပြုချက် မပေးသေးဘူး၊ UNHCR ဆိုရင် သူ့မှာ အမိုးအကာတွေ အများကြီးရှိတယ်၊အခုထိ မပေးရသေး ဘူးထင်တယ်”လို့ INGO အသိုင်းအ၀ိုင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ပြည်တွင်း၊ ပြည်ပကူညီရေးအဖွဲ့တွေကို အကူအညီပေးခွင့်တွေ ကန့်သတ်ထားတဲ့စစ်ကောင်စီဟာ သူတို့ကိုယ်တိုင် လည်း ထိရောက်တဲ့ အကူအညီပေးတာမျိုး မရှိဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။

 “တယောက်ကို ဆန်တဗူးကျရယ်၊ တအိမ်ကို ဆီငါးကျပ်သားရယ်ရတယ်၊ ပြီးရင် ခေါက်ဆွဲခြောက်ရတယ်၊ ကျန် တာ ဘာမှ မရသေးဘူး၊အကုန်လုံး သူတို့ စားလိုက်ကြတာပဲဖြစ်မှာပေ့ါ”လို့ ပုဏ္ဏာကျွန်းမြို့နယ်ဒေသခံ တဦးက ပြောပါတယ်။

မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် ရခိုင်ပြည်နယ်မှာ မုန်တိုင်းသင့်ပြည်သူ တစ်သန်းကျော်ရှိခဲ့ပြီး အဲဒီ ပြည်သူတွေကို ထောက်ပံ့ရေးပစ္စည်းတွေ ဖြန့်ဝေပေးဖို့အတွက် ပိုမိုကျယ်ပြန်တဲ့ ဝင်ရောက်ကူညီခွင့်တွေ လိုအပ် နေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းပေါင်းစပ်ရေးရုံး(UNOCHA)က ထုတ်ပြန်ပြောဆိုထားပါ တယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ တိုက်ပွဲကာလတုန်းကလည်း စစ်ဘေးဒုက္ခသည်တွေအပေါ် သွားရောက်ကူညီတဲ့ ကူညီ ရေးအဖွဲ့တွေကို ဟန့်တား၊ ကန့်သတ်မှုတွေ ပြုလုပ်ပြီး နိုင်ငံတကာကူညီရေးအဖွဲ့(INGOs)တွေကိုလည်း ခရီးသွား လာခွင့်တွေ လနဲ့ချီပြီး ပိတ်ပင်ထားခဲ့ဖူးပါတယ်။

အခုလဆန်းပိုင်းက မိုင်းလားဒေသမှာ ပြုလုပ်တဲ့ စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့တို့ရဲ့ တွေ့ဆုံ ဆွေးနွေးပွဲမှာလည်း မုန်တိုင်းသင့်ပြည်သူတွေဆီ အကူအညီတွေ အချိန်မီ ချောချောမွေ့မွေ့ရောက်ရှိနိုင် ရေးဆွေး နွေးခဲ့တယ်လို့ ရခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောထားပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းစာတွေမှာ မုန်တိုင်းသင့်ရခိုင်ပြည်နယ်မှာ ကူညီထောက်ပံ့မှုတွေ ဆက်တိုက်လုပ်နေသလို အာဆီယံအပါအဝင်နိုင်ငံတကာ အကူအညီတွေလည်း ရနေကြောင်းဖော်ပြထားပေမယ့် ဒေသခံတွေအနေနဲ့ အကူအညီလုံလုံလောက် မရသေးဘူးလို့ ရခိုင်အခြေစိုက် သတင်းဌာနတွေက ဖော်ပြကြ ပါတယ်။

ဒါ့အပြင် ရခိုင်ဒေသတချို့က မုန်တိုင်းသင့်ပြည်သူတွေအတွက် စစ်ကောင်စီက ထောက်ပံ့ပေးတဲ့ အိမ်မိုးသွပ် ပြားတွေထဲမှာ အပေါက်အပြဲတွေ၊သုံးစွဲပြီးသား သွပ်ပြားဟောင်းတွေ ပါလာတာတွေရှိသလို ထောက်ပံ့ရေးပစ္စည်း တွေမလောက်ငှတာကြောင့် မဲစနစ်နဲ့ ပေးလိုက်တာမျိုးတွေလည်းရှိနေတယ်လို့ ရခိုင်ပြည်နယ်အခြေစိုက် DMG သတင်းဌာနက ဖော်ပြထားပါတယ်။