ဇွန်၊ ၅
ယူကရိန်းရဲ့ အားကောင်းတဲ့ ထိုးစစ်တခုကို တွန်းလှန်နိုင်ခဲ့ပြီး ရန်သူစစ်သား ၂၅၀ ကျော်ကို သုတ်သင် ရှင်းလင်းနိုင်ခဲ့ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ဇွန်လ ၄ ရက်မှာ ယူကရိန်း တပ်တွေက ဒွန်းဘက်စ်ခ် ဒေသ တနေရာမှာ အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပေမယ့် ရုရှားရဲ့ ခုခံမှုကြောင့် ဖရိုဖရဲနဲ့ ပြန်လည် ဆုတ်ခွာသွားခဲ့ရတယ်လို့ ရုရှားက ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ယူကရိန်းဖက်က ဘာမှတ်ချက်မှ မပေးသလို သတင်းဌာနတွေက လွတ်လွတ်လပ်လပ် အတည်ပြုနိုင်ခြင်းလည်း မရှိသေးပါဘူး။
ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ယူကရိန်း စစ်တပ်ဟာ တင့်ကားတပ်ရင်း ၂ ခုနဲ့ သံချပ်ကာ ယန္တရားတပ် ၆ ခုကိုပါ အသုံးပြုပြီး ချီတက်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။
ယူကရိန်းဟာ ရုရှားထိန်းချုပ်ထားရာ နယ်မြေတွေကို ပြန်လည် သိမ်းယူဖို့အတွက် တန်ပြန်ထိုးစစ်တရပ် ဆင်နွှဲဖို့ ပြင်ဆင်နေကြောင်း အတည်ပြုထားပေမယ့် စစ်ဆင်ရေး လက်တွေ့ စတင်မယ့် အချိန်ကိုတော့ ထုတ်ပြောမထားပါဘူး။
ရုရှားရဲ့ အဆို မှန်ကန်ပြီး ယူကရိန်းက ဒွန်းဘက်စ်ခ်မှာ တကယ်တမ်း ထိုးစစ်ဆင်ခဲ့တယ်ဆိုရင် ဒါဟာ တန်ပြန်ထိုးစစ်ကို အစပြုတဲ့ ခြေလှမ်း ဟုတ်မဟုတ် ဆိုတာကိုလည်း တိတိကျကျ အတည်မပြုနိုင်ပါဘူး။
ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ဇွန်လ ၄ ရက်တုန်းက ဒွန်းဘက်စ်ခ်တောင်ပိုင်းမှာ ယူကရိန်းတပ်တွေက နေရာ ၅ ခုလောက်ကို တပြိုင်တည်း ဖြန့်ကျက် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ ရှေ့တန်း စစ်မြေပြင်မှာ ရုရှားတပ်တွေ အားအနည်းဆုံး နေရာယူထားတာလို့ ယူဆဟန်ရှိတဲ့ နေရာတွေကို ယူကရိန်းက တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း၊ ဒါပေမဲ့ ရန်သူတပ်တွေဟာ ဘာအောင်မြင်မှုမှ မရခဲ့ဘဲ အကျအဆုံး အများကြီးနဲ့ ဆုတ်ခွာသွားရကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အွန်လိုင်းပေါ် ရောက်လာတဲ့ ဗီဒီယို တချို့မှာတော့ စစ်သုံးယာဉ် တချို့ဟာ လေကြောင်း တိုက်ခိုက်မှုတွေဒဏ်ကို ခံနေရတာ တွေ့ရပြီး ယူကရိန်းက စစ်သည် ၂၅၀ လောက် သေဆုံးတဲ့အပြင် တင့်ကား ၁၆ စီးပါ ဖျက်ဆီးခံလိုက်ရကြောင်း ရုရှားက ကြေညာသွားပါတယ်။
ရုရှားဟာ ပြီးခဲ့တဲ့နှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်က အိမ်နီးချင်း ယူကရိန်း နိုင်ငံကို စတင်ကျူးကျော် တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ယူကရိန်း အရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသတွေက နယ်မြေ အတော်များများကို ခြေကုပ်ယူ ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်ပါတယ်။
Ref: BBC