ပုလဲနယ်မှာ မလေးရှားပို့ပေးမယ်ဆိုပြီး ကျပ်သိန်းသုံးထောင်ကျော် လိမ်လည်မှုဖြစ်ပွား

ဇွန် ၊ ၄

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ အမျိုးသား နှစ် ဦးက ဒေသခံရွာသားတွေကို မလေးရှားနိုင်ငံသို့ အလုပ်လုပ်နိုင်ရန် ပို့ဆောင်ပေးမည့်ဟု ယုံကြည်အောင်ပြောဆိုပြီး ငွေကျပ်သိန်းသုံးထောင်ကျော် လိမ်လည်ရယူခဲ့တယ်လို့ ပုလဲမြို့ ပြည်သူအုပ်ချူပ်ရေးအဖွဲ့(ပကဖ) တာဝန်ခံ ကိုဇော်ထက်ကDNA ကိုပြောပါတယ်။

” ကျနော်တို့ သိရသလောက်တော့ အဲဒီလူ နှစ်ယောက်လိမ်သွားတာက လူပေါင်း ၁၀၀ လောက်ရှိတာပေါ့။ လမ်းစရိတ်အနေနဲ့ ငွေကြိုတောင်းတာ သူတို့က ပိုင်ဆိုင်မှုအနေနဲ့ ပုံစံ-၇ မူရင်းတွေပြပြီးတော့လိမ်တာဆိုတော့ တချို့ကလည်း ယုံကြည်ကြတာပေါ့နော်။ သူတို့ကငွေပြန်မပေးနိုင်ရင် ခင်ဗျာတို့မသွားရဘူးဆိုရင် ဒါတွေကို ကာလတန်ကြေးနဲ့ယူလို့ရတယ်ပြောတာကိုဗျ အဲတော့လူတွေကလည်းယုံကြတယ်။ ဒါပေမယ့် အဲဒါ့တွေကလည်း သူတို့ဟာတွေမဟုတ်ဘူး သူများဟာတွေကို ပြပြီး လိမ်သွားတာပါ ” လို့ သူကပြောပါတယ်။

ပုလဲမြို့နယ်၊ မဲဇရပ်ကျေးရွာနေ အောင်ဇော်ထွန်းဆိုသူမှာ လူတဦးလျှင် (၃၈)သိန်း နှုန်းဖြင့် မလေးရှာနိုင်ငံသို့ အလုပ်အကိုင်ရှာဖွေပြီး ပို့ဆောင်ပေးမည်ဟု ယုံကြည်အောင် လိမ်လည်ပြောဆို၍ အလုပ်လိုအပ်သူများထံမှ ငွေကျပ်သိန်း သုံးထောင်ကျော်ကို လက်ခံရယူခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဆိုထားပါတယ်။

ဒါအပြင် အောင်ဇော်ထွန်းကို စေခိုင်းသူမှာ ပုလဲမြို့နယ် ဇီးဖြူကုန်းကျေးရွာနေ ရဲမွန် ဆိုသူဖြစ်ပြီး သူတို့နှစ်ဦးဟာ လက်ရှိမှာ ရန်ကုန်မြို့ ဆူးလေဘုရားအနီးနဲ့  ဗဟန်းမြို့နယ်တွေမှာ လှုပ်ရှားသွားလာနေထိုင်ပြီး နိုင်ငံခြားကို ထွတ်ပြေးတိမ်းရှောင်ရန် ကြိုးပမ်းနေတယ်လို့ ပုလဲမြို့နယ်၊ ပကဖက ထုတ်ပြန်ထားပါတယ်။

ဒေသခံ ပြည်သူတွေကို ယုံကြည်အောင်ပြောဆိုပြီး ကျပ်သိန်းသုံးထောင်ကျော် ကိုရည်ရွယ်ချက်ရှိရှိနဲ့ လိမ်လည်သွားသူနှစ်ဦးကိုလည်း တရားခံပြေးအဖြစ် ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က တရားခံပြေးအဖြစ် ကြေညာထားပါတယ်။

နိုင်ငံခြားပို့ပေးမယ်ဆိုပြီး အလိမ်ခံသူတွေထဲမှာ ပုလဲနယ်တင်မကဘဲ မြိုင်နယ်ကလူတွေပါ ပါဝင်သလို အဲဒီလူတွေက လက်ရှိမှာအမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ ပြည်သူအုပ်ချူပ်ရေးအဖွဲ့တွေကို တိုင်ကြားထားတာလို့ ပုလဲမြို့နယ်၊ ပကဖတာဝန်ခံကိုဇော်ထက်ကဆိုပါတယ်။

” လိမ်သွားတဲ့သူနှစ်ယောက်က ပုလဲဇာတိဆိုပေမယ့် သူတို့ကရန်ကုန်မှာနေတာပေါ့။ စစ်ကောင်စီ စိုမိုးနယ်မြေမှာတော့ သူတို့ကိုသွားမဖမ်းနိုင်ဘူး။ တော်လှန်ရေးအင်အားစုတွေ ကြီးစိုးတဲ့နေရာတွေ ဒီလူတွေရောက်ရင် ထိန်သိမ်းပေးဖို့ အသိပေးတာပေါ့ ” လို့ ကိုဇော်ထက်က ပြောပါတယ်။

ပုလဲ (ပအဖ)က အဲဒီလူနှစ်ယောက်ကို ပြည်သူတွေရဲ့ တိုင်ကြားမှုကြောင့် အမှုဖွင့်အရေးယူထားသလို သူတို့ရဲ့ မရွေ့မပြောင်းနိုင်သော ပိုင်ဆိုင်မှုတွေကိုလည်း လတ်တလောမှာ စုံစမ်း စစ်ဆေးထားတယ်လို့ သူကဆိုပါတယ်။

” ကာယကံရှင်က လုံးဝရှောင်တိမ်းနေတယ် လာရင်မဆိုင်ဘူး ငွေလိမ်တာလည်း ပေါ်ပေါက်နေတယ်ဆိုရင် သူရဲ့ မရွေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေကို နစ်နာသူတွေကို ဘယ်လိုပုံစံနဲ့ ပြန်လည်ဆောင်ရွက်ပေးရမလဲဆိုတာ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်လုပ်ရမှာပေါ့ ” လို့ ကိုဇော်ထက်က ဆိုပါတယ်။

အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း စစ်ကိုင်းတိုင်း အပါအဝင် အခြားတိုင်းနဲ့ ပြည်နယ်က ကျေးလက်နေပြည်သူတွေဟာ အလုပ်အကိုင်ရှားပါးလာတဲ့အတွက်ကြောင့် မိမိတို့မွေးရပ်မြေကို စွန့်ခွာပြီး နိုင်ငံရပ်ခြားသို့ အလုပ်သွားရောက်လုပ်ကိုင်တာတွေ များပြားလာတာပါ။

Photo-ပုလဲမြို့နယ်၊ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့