ဌာနဆိုင်ရာရုံးတွေဝင်တိုက်ခံခဲ့ရတဲ့ ကြာအင်းဆိပ်ကြီးမှာ စစ်အင်အားဖြည့်ပြီး လုံခြုံရေးတင်းကျပ်

ဇွန် ၊ ၃

စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေတိုက်ခိုက်ခံရပြီးနောက် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့မှာ စစ်အုပ်စုက စစ်အင်အားဖြည့်တင်းထားသလို လုံခြုံ ရေးလည်းတင်းကျပ်ထားတယ်လို့ ​မြို့ခံတွေကပြောပါတယ်။

“အင်အားက တော်တော်များပါတယ်၊အဓိက ဌာနဆိုင်ရာရုံးတွေကို အဓိက လုံခြုံရေးယူပေးနေတာရှိတယ်၊ ပြီးတော့ မြို့ထဲမှာလည်း လုံခြုံရေးတင်း ကျပ်ထားတယ်၊ မနေ့ကတည်းကပဲ မနေ့တိုက်ပွဲဖြစ်ပြီးတော့လေ” လို့ မြို့ခံတစ်ဦးက DNA ကို ပြောပါတယ်။

မနေ့က ဇွန်လ ၂ ရက် မနက်အစောပိုင်းမှာ ကြာအင်းဆိပ်ကြီးမြို့ပေါ်က ဌာနဆိုင်ရာရုံးတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲ ထားတဲ့နေရာတွေကို KNLA , PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်လို့ နှစ်ဖက်တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်ကောင်စီကလေ ကြောင်း၊လက်နက်ကြီးတွေလည်းအသုံးပြုခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

“ ရဲစခန်းဘက်မှာ တိုက်ပွဲ ဖြစ်တာ၊မနက် ၈ နာရီလောက်မှာမှ လေယာဉ်နဲ့ လိုက်ပစ်တာကလေ၊ သိမပ်မကြာဘူး၊ဟိုမြို့ပြင်တို့ အဝင်အထွက်လမ်းပိုင်း တို့ကို ပိုပစ်တယ်၊ မြို့ထဲတည့်တည့်တော့ မကျဘူး၊ လက်နက်ကြီးတွေ တော့ ကျတယ်၊ ဘယ်သူပစ်မှန်း မသိဘူး” လို့ ကြာအင်းဆိပ်ကြီးမြို့ခံက ပြောပါတယ်။

နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုအတွင်းမှာ မြို့ပေါ်ရပ်ကွက်က နေအိမ်အဆောက်အဦတွေအပေါ်ကို လက်နက်ကြီးကျည်တွေ ကျရောက် ပေါက်ကွဲ ခဲ့ပြီး သံဃာတပါးအပါအဝင် ဒေသခံတချို့သေဆုံးကာ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်နက်ကြီးပေါက်ကွဲမှုကြောင့် နေအိမ်အဆောက် အဦပျက်စီးမှု ရှိခဲ့တာနဲ့ ထိခိုက်သေဆုံးခဲ့တဲ့သူတွေဟာ မြို့တွင်းက အမှတ်(၆) ရပ်ကွက်နဲ့ အမှတ်(၃) ရပ်ကွက်အတွင်း ဖြစ်တယ်လို့ သိရပါတယ်။ 

တိုက်ပွဲအတွင်း အရပ်သားတွေနဲ့လူနေအိမ်တွေ သေ ဆုံးထိခိုက်ခဲ့တာနဲ့ပတ်သက်လို့ စစ်အုပ်စုနဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနတို့ရဲ့ထုတ်ပြန်ချက်တွေမှာ အပြန်အလှန်စွပ်စွဲဖော်ပြထားကြပါတယ်။

စစ်အုပ်ဘက်က ထုတ်ပြန်ချက်မှာ KNLA၊PDF တွေက လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ပစ်ခတ်တာ၊ဒရုန်းနဲ့ဗုံးကြဲတာတွေကြောင့် အရပ်သားတွေနဲ့လူနေအိမ်တွေသေဆုံးထိခိုက်ခဲ့တာလို့ဖော်ပြထားသလို NUG ဘက်ကထုတ်ပြန်ချက်မှာလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်တာ၊ရဟတ်ယာဥ်အသုံးပြုတိုက်ခိုက်တာတွေကြောင့်လို့ ဖော်ပြပါတယ်။

မနေ့က တိုက်ပွဲဟာ စစ်ကောင်စီရဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်ရဲစခန်း၊စစ်သားတွေတပ်စွဲထားတဲ့ထွေအုပ်ရုံး၊လဝကရုံး၊ဆက်သွယ်ရေးရုံး၊အခွန်ရုံး၊တရားသူကြီးများရုံးတွေကို KNLA ၊PDF ပူးပေါင်းတပ်တွေက တပြိုင်တည်းတိုက်ခိုက်ခဲ့တာလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ထုတ်ပြန်ထားပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း စစ်သားနဲ့ ရဲ ဆယ်ဦးလောက် သေဆုံးခဲ့ပြီး ၁၅ ဦးလောက် ဒဏ်ရာရကာ ပူးပေါင်းတပ်ဘက်ကတော့ သုံးဦးဒဏ်ရာရခဲ့ပြီး စိုးရိမ်ရတဲ့အခြေအနေမဟုတ်ဘူးလို့ NUG ကဆိုပါတယ်။

စစ်ကောင်စီကတော့ အဲ့ဒီတိုက်ပွဲနဲ့ပတ်သက်လို့ ဌာနဆိုင်ရာရုံးတွေနဲ့အရပ်သားထိခိုက်သေဆုံးမှုတွေကိုသာ ထုတ်ပြန်ထားပြီး နှစ်ဖက် တပ်ဖွဲ့တွေ ရဲ့ထိခိုက်သေဆုံးမှုအခြေအနေကို ထုတ်ပြန်မထားပါဘူး။

နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပြီးနောက် ကြာအင်းဆိပ်ကြီးမြို့ထဲကို စစ်ကောင်စီဘက်က အင် အားအများအပြားနဲ့ ရောက်ရှိလာကြပြီး လုံခြုံရေးဂိတ်တွေမှာ တပ်စွဲထားသလို လမ်းသွားလမ်းလာပြည်သူတွေကိုလည်း စစ်ဆေးမေးမြန်းတာတွေ တင်ကျပ်ထားတယ်လို့ ကြာအင်းဆိပ်ကြီးမြို့ခံက ပြောပါတယ်။

“ လုပ်တာတော့ မနေ့ကတည်းက တင်းကျပ်ထားတာပဲ၊ ဒီနေ့မှာတောင် လမ်းမှာ သွားလာတဲ့သူ နည်းတယ်၊ အပြင်မထွက်ရဲဘူး၊ လမ်းမှာလည်း စစ်ဆေးနေကြတယ်ပြောတယ်၊အပြင်မထွက်ရဲတော့ မြို့ထဲအဲဒီရုံးဘက်က အခြေအနေတွေကို သိပ်မသိရဘူး” လို့ သူကပြောပါတယ်။

ဒါအပြင် မနေ့ကညပိုင်းမှာလည်း ဘယ်အဖွဲ့က ပစ် ခတ်လိုက်မှန်းမသိတဲ့ လက်နက်ကြီးကျည်တလုံးဟာ မြို့ပေါ် အမှတ်(၆)ရပ်ကွက်က နေအိမ်ပေါ် ကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အဲ့ဒီနေအိမ်ကမိသားစုဝင်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံက ပြောပါတယ်။

“  မိသားစုဝင် လေးယောက်လား၊ ငါးယောက်လားမသိဘူး ဒဏ်ရာရသွားတယ်၊ ဘယ်သူဘယ်ဝါလဲတော့ အပြင်မထွက်ရဲတော့ မသိဘူး၊ ဒါတောင် ဒီမနက်မှာမှ သိရတာပါ” လို့ သူကပြောပါတယ်။

Photo NUG-MOD