ဇွန် ၊ ၃
ကမ္ဘာကျော် ဘောလုံးကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ စင်ကာပူ နိုင်ငံက ရုက္ခဗေဒ ဥယျာဉ်ကို ရုတ်တရက် အလည်အပတ် ရောက်ရှိလာတာကြောင့် ပရိသတ်တွေ အံ့ဩ ဝမ်းသာခဲ့ကြပါတယ်။
ဇွန်လ ၂ ရက်က ပေါ်တူဂီ တိုက်စစ်မှူးဟာ ဥယျာဉ်ထဲမှာ မိနစ် ၂၀ ဝန်းကျင်လောက်သာ လာရောက် လည်ပတ်ခဲ့ပေမယ့် သူ့ကို တွေ့ရှိသွားတဲ့ ပရိသတ်တွေက ဝမ်းသာအားရ နှုတ်ဆက်ခဲ့ကြပါတယ်။ ကံကောင်းတဲ့ ပရိသတ် တချို့ကတော့ သူတို့ လေးစားအားကျတဲ့ ဘောလုံးကြယ်ပွင့်နဲ့ အမှတ်တရ ဓာတ်ပုံရိုက်ခွင့် ရခဲ့ကြပါတယ်။ ရော်နယ်လ်ဒိုက ပရိသတ်တွေကို အော်တိုဂရပ်ဖ်တွေလည်း ရေးပေးခဲ့တာ တွေ့ရပါတယ်။
ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (Ballon d’Or)ကို ၅ ကြိမ် ဆွတ်ခူး ရရှိခဲ့ဖူးပြီး လောလောဆယ် ဆော်ဒီ အာရေးဘီးယား ဘောလုံးကလပ် အယ်လ်နက်ဆာမှာ ကစားနေတဲ့ ရော်နယ်လ်ဒိုဟာ ဆော်ဒီ ပရိုလိဂ် ဘောလုံးရာသီ အပြီး ရက်ပိုင်း အကြာမှာပဲ စင်ကာပူကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။
သူက ကာလရှည်ကြာ ရင်းနှီးခဲ့တဲ့ ပရဟိတသမား ပီတာလင်မ် ထူထောင်ထားတဲ့ လူငယ် စကောလားရှစ် အစီအမံတွေကို ထောက်ပံ့ အားပေးဖို့အတွက် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံဆီ ရောက်လာခဲ့တာပါ။
စင်ကာပူ ရုက္ခဗေဒ ဥယျာဉ်မှာတော့ စကောလားရှစ် အစီအစဉ်မှာ ပါဝင်ခွင့်ရသူတွေ စုဝေးပြီး ရော်နယ်လ်ဒိုနဲ့ အမှတ်တရ ဓာတ်ပုံ ရိုက်ခဲ့ကြပါတယ်။
ရော်နယ်လ်ဒိုဟာ ဇွန်လ ၃ ရက်မှာ စင်ကာပူ အိုလံပစ် ဖောင်ဒေးရှင်းနဲ့ ပီတာလင်မ် စကောလားရှစ်တို့က ပူးပေါင်း စီစဉ်ပေးထားတဲ့ ပွဲတခုကို တက်ရောက်ပြီး စင်ကာပူလူငယ် ၁၀၀၀ ကျော်နဲ့ တွေ့ဆုံမယ်လို့လည်း သိရပါတယ်။
ရော်နယ်လ်ဒိုဟာ စင်ကာပူ နိုင်ငံကို ၄ ကြိမ် ရောက်ရှိခဲ့ဖူးပြီး ကိုဗစ် ကပ်ရောဂါ ကာလနောက်ပိုင်းမှာတော့ အခုတကြိမ် ပထမဆုံး လာရောက်တာလို့လည်း ပြည်တွင်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။