MSME ကဏ္ဍမြှင့်တင်ရေးဆိုသည့်ခေါင်းစဉ်သည် အမေရိကန်သမ္မတထရန့်၏မာဂါ (Make America Great Again-MAGA) လိုပင်ဖြစ်သည်။
ဇွန်၊ ၁
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အငယ်စား၊အသေးစားနှင့်အလယ်အ လတ်စီးပွားရေးလုပ်ငန်းများ မြှင့်တင်ရေး (Micro, Small and Medium Enterprises-MSME)ဆိုသည့် ဂါထာကို ရေရွတ်နေသည်မှာ အချိန်ကာလ အတော်ကြာလာခဲ့ပြီဖြစ်သည်။ စစ်ကောင်စီအစည်းအဝေးများနှင့် ပြည်တွင်း လုပ်ငန်းရှင်များဖြင့် တွေ့ဆုံပွဲများမှာလည်း ယခင်အစိုးရအဆက်ဆက်က ပြည်တွင်းထုတ်လုပ်မှုကို အားမပေးခဲ့ ခြင်းကြောင့် MSMEများဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးခဲ့ရကြောင်းကိုလည်း ထပ်ခါတစ်လဲလဲ ပြောကြားတတ်သလို သွင်းကုန်များကိုထိန်းချုပ်မှု မရှိခဲ့ခြင်းကြောင့်လည်း ကုန်သွယ်မှုလိုငွေပြခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားလေ့ရှိ သည်။ MSME ကဏ္ဍမြှင့်တင်ရေးဆိုသည့်ခေါင်းစဉ်သည် အမေရိကန်သမ္မတထရန့်၏မာဂါ (Make America Great Again-MAGA) လိုပင်ဖြစ်သည်။
တကယ်တော့ ထိုသို့မင်းအောင်လှိုင်ပြောကြားရခြင်းမှာ အခြားအကြောင်းကြောင့်မဟုတ်ဘဲ ယင်း၏အာဏာ သိမ်းမှုကြောင့် နိုင်ငံစီးပွားရေးသည် နာလန်မထူနိုင်တော့သလို MSME များလည်းလျှော့နည်းသွားပြီး ချိနဲ့နေ သည်ကလည်းများနေခြင်းကို ဖုံးဖိရန်သာဖြစ်သည်။ နောက်ထပ်အကြောင်းရင်းကတော့ အရန်နိုင်ငံခြားငွေလျှော့ နည်းလာမှုကို ဟန့်တားနိုင်ရန် သွင်းကုန်များတင်သွင်းမှုကို ပိတ်ပင်လာရခြင်းကြောင့်ဖြစ်သည်။ ယခုဆိုလျှင် သွင်းကုန်အမျိုးအစား၈၀၀၀ကျော်ကို လိုင်စင်လျှောက်ရန်လိုအပ်သည့် အမျိုးအစားထဲထည့်သွင်းခဲ့သည်။ နိုင်ငံ ခြားငွေကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာသွားခြင်းနှင့်လျှော့နည်းလာခြင်း၊ နိုင်ငံတကာအလှူရှင်များ (ကမ္ဘာ့ဘဏ်၊ အေဒီဘီ၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ အစရှိသဖြင့်)ထံမှလည်းချေးငွေမရရှိတော့ခြင်း ပို့ကုန်များကျဆင်းလာမှုတို့ကြောင့် လျှော့နည်းလာခဲ့သဖြင့် စစ်လက်နက်များဝယ်ယူရန် မရှိမဖြစ်လိုအပ်သဖြင့် သွင်းကုန်များတင်သွင်းခြင်းကို ထိန်းချုပ်လာရခြင်းဖြစ်သည်။
▪MSME များ ခေတ်အဆက်ဆက်မထွန်းကားရခြင်း
မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် MSME များမထွန်းကားရခြင်းမှာ ဈေးကွက်မရှိခြင်းကြောင့်ဖြစ်သည်။ စားသုံး နိုင်သူဦးရေနည်းပါးခြင်းကြောင့် ၎င်းတို့အတွက် ပြည်တွင်း ဈေးကွက်ကြီးကြီးမားမားမရှိသလို၊ မဆလခေတ် တံခါးပိတ်ဝါဒကြောင့် ပြည်ပဈေးကွက်များသို့ ထိုးဖေါက်ဝင်ရောက်နိုင်သည့် အခြေအနေမရှိခဲ့ခြင်းတို့ကြောင့်ဖြစ် သည်။ နဝတနအဖခေတ်တွင်လည်း စီးပွားရေးပိတ်ဆို့ဒဏ်ခတ်ခံရမှု၊ နိုင်ငံခြားငွေလဲလှယ်နှုန်းများ အမျိုးမျိုးရှိနေမှု၊ မူဝါဒမတည်ငြိမ်မှုများကြောင့် ပြည်ပဈေးကွက်များသို့ ယင်းတို့အနေဖြင့် မဝင်ရောက်နိုင်ခဲ့ချေ။ ပြည်တွင်း၌လည်း ခရိုနီများသာကောင်းစားသည့်ခေတ်ဖြစ်နေခြင်းကြောင့် လူလတ်တန်းစားနည်းပါးနေ၍ ပြည်တွင်းဈေး ကွက်လည်း မဖွံ့ဖြိုးနိုင်ဖြစ်ခဲ့ရသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ နည်းပါးရခြင်းကလည်း MSME များအတွက် ပြည်တွင်းပြည်ပဈေးကွက် မရှိဖြစ်နေခဲ့ရသည်။ နဝတနအဖခေတ် ဆိုးဝါးစွာ လျှပ်စစ်မီးပြတ်တောက်ခြင်းများကလည်း ယင်းတို့အတွက် ကြီးမားသည့် အဟန့်အတားဖြစ်သည်။
နောက်ထပ်MSMEများ စစ်အစိုးရအဆက်ဆက်များ မတိုးတက်ရခြင်းမှာ ယင်းတို့၏အဆင်အခြင်မဲ့သည့် အကြီး စားစက်မှုလုပ်ငန်းများထွန်းကားရေး အစီအစဉ်များကြောင့်ဖြစ်သည်။ စက်မှုဝန်ကြီးဋ္ဌာနက မည်သူမှမစီးလို သည့်ကားများထုတ်လုပ်ခြင်း၊ ရှမ်းစတားဂျစ်များထုတ်လုပ်ရန် စက်မှုဇုန်များတောင်ကြီးအနီးနားမှာ ထူထောင် ခြင်း၊ သံမဏိစက်ရုံများကို ယင်းတို့၏ဦးပိုင်ကုမ္ပဏီက တရုတ်အစိုးရချေးငွေယူ၍တည်ဆောက်ခြင်းများက အရှုံး ပေါ်သည့်စက်ရုံများသာထွက်ပေါ်လာပြီး စက်မှုကဏ္ဍလည်းမထွန်းကားသလို၊ MSMEများလည်း မဖွံ့ဖြိုးနိုင်ဖြစ်ခဲ့ ရသည်။
လယ်ယာကဏ္ဍကို ဖိနှိပ်ခံထားရခြင်းကလည်း ပြည်တွင်းစက်မှုကဏ္ဍနှင့် MSMEများ မဖွံ့ဖြိုးရခြင်းဖြစ်သည်ဟု စီးပွားရေးပညာရှင်များက ထောက်ပြခဲ့ကြသည်။ ယခုစစ်ကောင်စီခေတ်မှာ ပို့ကုန်သမားများရရှိသည့် နိုင်ငံခြား ဝင်ငွေမှ ၆၅%ကို ပြင်ပပေါက်ဈေးထက် ကျပ်၇၀၀-၈၀၀လျှော့၍ ဗဟိုဘဏ်ကို ၁ဒေါ်လာ၂၁၀၀ကျပ်ဖြင့် ရောင်းချ ပေးရသလို မဆလခေတ်၌လည်း မိမိလယ်မှထွက်သည့်ဆန်စပါးကို အစိုးရဒိုင်များသို့ သတ်မှတ်အရေအတွက် အစိုးရဈေးဖြင့်ပေးသွင်းရခြင်းကြောင့် လယ်သမားများ ဝင်ငွေနည်းရပြီး အကျိုးဆက်အားဖြင့် လိုအပ်သည့် သွင်း အားစုများကိုလည်း မဝယ်ယူနိုင်ဖြစ်ရသည်။ ထွက်နှုန်းလည်း အခြားနိုင်ငံများဖြင့်နှိုင်းယှဉ်လျှင် လျှော့နည်းနေရ ခြင်းသည် သွင်းအားစုများမသုံးနိုင်ခြင်းနှင့် နည်းပညာအားနည်းချက်ကြောင့်ဖြစ်သည်။ အဆိုးသံသရာထဲမှာ ဝဲလည်နေရသည့် လယ်သမားများသည် အပိုဝင်ငွေနည်းပါးသည့်အတွက် လူတန်းစေ့မနေနိုင်၊ လိုအပ်သည့် လူသုံးကုန်ပစ္စည်းများကို ဝယ်ယူစားသုံးနိုင်ခြင်းမရှိသည့်အတွက် MSME များလည်းမထွန်းကားနိုင်ဖြစ်ရသည်ဟု စီးပွားရေးပညာရှင်များက ထောက်ပြခဲ့ကြသည်။
▪MSME များခေါင်းထောင်လာချိန်
တကယ်တော့ MSME များစတင်ခေါင်းထောင်လာနိုင်သည့်အချိန်မှာတော့ ၂၀၁၁ခုနှစ်ကစတင်ခဲ့သည့် အသွင် ကူးပြောင်းရေးကာလဖြစ်သည်။ လျှပ်စစ်အပါအဝင် အခြေခံအဆောက်အအုံများ ပိုမိုကောင်းမွန်လာခြင်း၊ ဘဏ် စနစ်များ တိုးတက်ကောင်းမွန်လာခြင်း (အထူးသဖြင့် ငွေလွှဲစနစ်များ)နှင့်အတူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင် ရောက်လာခြင်းနှင့်အတူ လူလတ်တန်းစား အတော်အသင့် ပေါ်ပေါက်လာခြင်းကြောင့် MSMEများခေါင်းထောင် လာခဲ့ရခြင်းဖြစ်သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့်အတူ နိုင်ငံခြားသို့သွားရောက်ရန် နိုင်ငံကူးလက်မှတ် လျှောက်ထားခြင်းများ လွယ်ကူမြန်ဆန်လာခြင်း၊ နိုင်ငံခြားထွက်ခွာရန်လွယ်ကူလာခြင်း၊ နိုင်ငံခြားငွေကိုင်ဆောင် ရန်လွယ်ကူလာခြင်းများကြောင့် နိုင်ငံတကာသို့သွားရောက်ခဲ့သူများ များပြားလာခြင်းကလည်း ပြည်တွင်း၌ စွန့်ဦးတီထွင်သူများ၊ နိုင်ငံတကာဈေးကွက်သို့ထိုးဖေါက်နိုင်သည့်လုပ်ငန်းများလည်း များပြားလာခဲ့ရခြင်းဖြစ်သည်။
ပြည်တွင်းစက်မှုလုပ်ငန်းများအနေဖြင့်လည်း ကုန်ထုတ်လုပ်မှုအတွက် လိုအပ်သည့်သွင်းကုန်များကို လွယ်ကူစွာ တင်သွင်းနိုင်ခြင်းကြောင့် ၎င်းတို့ထုတ်လုပ်လိုက်သည့် ကုန်ပစ္စည်းများ၏ အရေအသွေးလည်း ပိုမိုကောင်းမွန်လာ ခဲ့သည်။ အလားတူ ပြည်တွင်းရှိ ထိုင်းရင်းနှီးမြှုပ်နှံမှု မက်ခရိုကုန်တိုက် (Makro Super Market)မျိုးဝင်ရောက် လာသည့်အတွက် ထိုကုန်တိုက်တွင် မိမိတို့ကုန်ပစ္စည်းများ ရောင်းချနိုင်ရန် ပဲမှုန့်၊ငရုတ်သီးမှုန့်မှအစ ပြည်တွင်း ထုတ်ကုန်ပစ္စည်းများသည် အရေအသွေးကို ဦးစားပေးလာရသည်။ ဘေးဥပါဒ်မဖြစ်နိုင်ကြောင်း ဓါတ်ခွဲခန်းမှ အသိအမှတ်ပြုလက်မှတ် တင်ပြနိုင်ရန်လိုအပ်လာ၍ အရည်အသွေးကောင်းပြီး အန္တရာယ်မရှိသည့် စားသုံးကုန် ပစ္စည်းများကို ထုတ်လုပ်လာကြပြီး ယင်းတို့အနေဖြင့် နိုင်ငံတကာဈေးကွက်ကိုလည်း ချိတ်ဆက်နိုင်ရန် အခွင့်အ လမ်းများ ပိုမိုရရှိလာခဲ့သည်။
▪အာဏာသိမ်းပြီး ရေစုန်မျှောခြင်း
၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်မှာတော့ ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီ ရင်ခံစာမှာ တင်ပြထားသလို ယင်းနှစ်မှာပင် မြန်မာ့စီးပွားရေးဟာ၁၈%ကျော်ကျဆင်းသွားသဖြင့် ပြည်တွင်းဈေး ကွက်နှင့်ပြည်တွင်းဝယ်လိုအားသည် အထူးကျဆင်းသွားခဲ့ပြီဖြစ်သည်။ ဘဏ်အကျပ်အတည်း၊ငွေဖေါင်းပွမှုနှုန်း မြင့်တက်လာမှု၊ မြန်မာကျပ်ငွေတန်ဖိုး၆၀%ခန့် ကျဆင်းသွားမှု၊ လမ်းပန်းဆက်သွယ်ရေးများ ကျယ်ပြန့်လာနေ သည့် စစ်မက်ပဋိပက္ခနှင့်အတူ ခက်ခဲလာမှုနှင့်အတူ အထူးဆိုးဝါးလှသည့် လျှပ်စစ်မီးပြတ်တောက်မှုများက အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ဆိုးဝါးစွာရိုက်ခတ်ခဲ့ပြီဖြစ်သည်။
လက်ရှိအချိန်မှာ လျှပ်စစ်မီးပြတ်တောက်မှုသည် ယင်းတို့အတွက် အဓိကစိန်ခေါ်မှုဖြစ်နေခဲ့သည်။ ရေခဲစက်၊ ဆန်စက်ငယ်၊ စာပုံနှိပ်တိုက်အချို့ ပိတ်သိမ်းလိုက်ရကြောင်းလည်း ကြားသိရသည်။ အခြားအိမ်တွင်းမှုလုပ်ငန်း အများအပြားလည်း မီးမလာ၍ပိတ်သိမ်းရခြင်း (သို့) ယခင်ကထက် လုပ်ငန်းကိုလျှော့လုပ်ကိုင်ရခြင်းများ ရှိသည် ဟုလည်းသိရသည်။ ဥပမာ ရန်ကုန်မြို့တွင် လျှပ်စစ်ကအလုပ်ချိန်အတွင်း၄နာရီပြတ်တောက်နေပြီး စစ်ကောင်စီ ၏လျှပ်စစ်ဝန်ကြီးဋ္ဌာနကလည်း ညနေ၅နာရီနောက်ပိုင်း အိမ်တွင်းမှုလုပ်ငန်းများမလည်ပတ်ရ၊ လည်ပတ်လျှ င်အရေးယူမည်ဟု အမိန့်ထုတ်ပြန်ထားသဖြင့် ညပိုင်းလည်းအလုပ်လုပ်မရဖြစ်ရပြီး ယခင်ကထက်၃ပုံ၁ပုံခန့်သာ လုပ်ငန်းလည်ပတ်နိုင်တော့ကြောင်း အလုပ်သမားခပေးနိုင်ရန်သာ ကြိုးပမ်းနေရကြောင်း လုပ်ငန်းရှင်များက ပြောဆိုနေကြသည်။
မြန်မာနိုင်ငံတွင် ၂၀၁၈ခုနှစ် ကမ္ဘာ့ဘဏ်မှထုတ်ပြန်သည့် “Myanmar’s Future Jobs: Embracing Modernity” အစီရင်ခံစာအရ အငယ်စားစီးပွားရေးလုပ်ငန်း(micro enterprises)ပေါင်း ၅.၄သန်းရှိသည်ဟုသိရသည်။ အိမ် ထောင်စု၂စုတွင်တစ်စုလောက်က ထိုအုပ်စုတွင်ပါဝင်နေသည်ဟုရေးသားထားသည်။ အများစုကတော့ လမ်း ဘေးဈေးသည်များ၊ဆံပင်ညှပ်ဆိုင်ကဲ့သို့ ပိုင်ရှင်ကိုယ်တိုင်လုပ်ဆောင်နေသည့် ဝန်ထမ်း၁၀ဦးအောက်ရှိသည့် လုပ်ငန်းများဖြစ်သည်။ ထိုအစီရင်ခံစာအရ ယင်းတို့အလိုအပ်ဆုံးမှာ အသေးစားချေးငွေရရှိမှုဖြစ်သည်။ ခေါင်း ရွက်ဗျတ်ထိုးများအတွက် အရင်းပြုတ်လျှင် ဆိုင်မထွက်နိုင်တော့သဖြင့် အရင်းမတည်ပေးမည့်သူလိုအပ်သည်။
ယခုအခါမှာတော့ အထက်တွင်ဖေါ်ပြထားသလို လူလတ်တန်းစားလည်း လျှော့ကျသွားပြီး ပြည်တွင်းဝယ်လို အားလည်းနည်းပါးသွားသဖြင့် အဆိုပါ၅.၄သန်းထဲက မည်မျှပျောက်ကွယ်သွားပြီဆိုသည်ကို မသိနိုင်တော့။ အငယ်စားငွေစုငွေချေးလုပ်ငန်းများ (Microfinance Institutions)လည်း ဘဏ်အကျပ်အတည်းနှင့်ပြည်တွင်း စစ်မီးကြောင့် မရှိသလောက် လျှော့နည်းသွားပြီဖြစ်သဖြင့် အငယ်စားလုပ်ငန်းများ (သို့) တစ်နေ့လုပ်တစ်နေ့စား များအတွက် အင်မတန်ခက်ခဲနေပြီဖြစ်သည်။
အငယ်စားလုပ်ငန်းအများစုသည် ပညာရေးအဆင့်နိမ့်သူများက ဦးဆောင်လုပ်ကိုင်နေသဖြင့် ၎င်းတို့သည် နည်းပညာလိုအပ်နေသည်၊ စနစ်တကျ လုပ်နည်းကိုင်နည်းများ တတ်မြောက်ရန်လိုသည်ဟု ထိုအစီရင်ခံစာတွင် ဖေါ်ပြထားသည်။ စစ်အာဏာသိမ်းပြီးနောက်မှာတော့ ၎င်းတို့ကို နည်းပညာပံ့ပိုးကူညီမည့် အဖွဲ့အစည်းများလည်း မရှိသလောက်ဖြစ်သွားပြီဖြစ်သည်။ ဆန်ဝေလျှင်တောင် စောင့်ကြည့်မေးမြန်းခံရသဖြင့် ပရဟိတအဖွဲ့အစည်းများ လည်း ကူချင်သော်လည်းမကူနိုင်ဖြစ်နေရသည်။
ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးသွားပြီး ရရှိမည့်လုပ်ခလစာကလည်း ယခုငွေတန်ဖိုးဖြင့်ဆို လျှင် အတော်နည်းသွားသဖြင့် အရည်အချင်းရှိသည့် အလုပ်သမားများ (အထူးသဖြင့် ပြည်ပတွင်သွားရောက် လုပ်ကိုင်ခဲ့သူများ)လည်း ပြည်ပသို့ပြန်လည်ထွက်ခွာသွားကြသဖြင့် လူ့စွမ်းအားများဆုံးရှုံးရပြန်သည်။
နောက်ဆုံးမှာတော့ လျှပ်စစ်မီးပြတ်တောက်မှုသည် အငယ်စားလုပ်ငန်းများကိုလည်း ကြီးမားစွာရိုက်ခတ်ပြန် သည်။ ၂၀၁၈ခုနှစ်လောက်တုံးကပင် လစဉ်လျှပ်စစ်၁၅နာရီခန့်ပြတ်တောက်မှုသည် အငယ်စားလုပ်ငန်းများ၏ အလုပ်ချိန်၂ရက်ခန့်ထိခိုက်စေသည်ဟု ကမ္ဘာ့ဘဏ်အစီရင်ခံစာမှာရေးသားထားသဖြင့် လက်ရှိကာလလို နေ့စဉ် ၈နာရီမှ၁၂နာရီနှင့် အချို့မြို့များမှာဆိုလျှင် ၃-၄ရက်ထိပြတ်တောက်တတ်သဖြင့် မည်မျှထိခိုက်မည်ဆိုသည်ကို ခန့်မှန်းကြည့်နိုင်သည်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စီးပွားရေးနှင့်ပတ်သက်လျှင် အကောင်း ပြောစရာ ဘာမှမရှိသည့်အတွက် ရောက်လေရာမှာ MSMEများကို ဦးစားပေးပံ့ပိုးကူညီနေပါသည်ဟု ပြောဆိုနေ ခြင်းသာဖြစ်လိမ်မည်ဟုဆိုရမည်။ ၎င်း၏အဆင်အခြင်မဲ့စွာ အာဏာသိမ်းခြင်းက မြန်မာ့စီးပွားရေးတစ်ခုလုံးနှင့် အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအားလုံးကို ဆိုးဝါးစွာထိခိုက်သွားပြီဖြစ်သည်။
လင်းထက်မြတ်