ဂန့်ဂေါမှာစစ်ကောင်စီတပ်က အဖိုးတန်ပစ္စည်းတွေနဲ့ ရိက္ခာတွေယူဆောင်

ဇွန်၊ ၁

မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း မေ ၃၀ရက်၊ညနေပိုင်းကစ ကန်ရွာကိုရောက်ရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကန်ရွာတွင်းကနေအိမ်တွေကိုမွှေနှောက်ပြီး ရွှေ၊ငွေအပါအဝင် အဖိုးတန်ပစ္စည်းတွေနဲ့ရိက္ခာတွေကို ယူဆောင်ကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

” မနေ့က ရွာအနောက်ပိုင်းကတဦးက ရွှေလေးကျပ်သားနဲ့ပိုက်ဆံသိန်းသုံးဆယ်ပါသွားတယ်။ သူတို့ကရှောင်တာနောက်ကျတာပေါ့။ စစ်သားတွေလာတာမှာ အထုပ်ကိုလွင့်လိုက်ပေမယ့် စစ်သားတွေမြင်သွားလို့ပါသွားတာ။ ရွာအရှေ့ပိုင်းက တဦးကရှစ်သိန်းပါသွားတယ်။ လက်လုပ်လက်စားလုပ်ပြီးစုထားကြရှာတာ” လို့ဒေသခံတဦးကပြောပါတယ်။ 

အထက်ပါရွှေငွေပါသွားတဲ့ကိစ္စနှစ်ခုဟာလောလောဆည်သိရတာတွေသာဖြစ်ပြီး နောက်ထပ်အများကြီးရှိနိုင်တယ်လို့လည်းဒေသခံတွေကဆိုကြပါတယ်။

ကန်ရွာကိုရောက်ရှိနေတဲ့စစ်ကောင်စီစစ်ကြောင်းဟာ မေ ၃၁ ရက်က ရွာတောင်ပိုင်းနဲ့အလယ်ပိုင်းကိုမွှေနောက်ပြီး ဒီကနေ့ဇွန်လ၁ ရက်မှာတော့ ရွာမြောက်ပိုင်းကအိမ်တွေကိုမွှေနောက်သွားကြတယ်လို့ ဒေသခံတဦးကပြောပါတယ်။

” ဆန်အိတ်တွေလည်းယူကြတယ်။ အိမ်မှာမသယ်နိုင်လို့ထားခဲ့ကြတဲ့ဆန်အိတ်တွေရော၊ အခြားဟာတွေရောစုံလို့ယူကြတာပ။ ယူပြီးမလိုချင်လို့လား၊ မနိုင်လို့လားမသိဘူး။ လမ်းပေါ်လွင့်ထားခဲ့တဲ့အထုပ်တွေလည်းရှိတယ်” လို့ နောက်ဒေသခံတဦးကပြောပါတယ်။

ကန်ရွာက ဒေသခံတွေဟာ စစ်ကောင်စီစစ်ကြောင်းဝင်ရောက်မယ်ဆိုတဲ့ သတင်းကြောင့် မေ ၃၀ ရက်မနက်ပိုင်းကစ တိမ်းရှောင်ခဲ့ကြတာဖြစ်ပြီး စစ်ကောင်စီစစ်ကြောင်းဟာ မေ ၃၀ ရက်ညနေပိုင်းမှာ ကန်ရွာကိုဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ 

ကျေးရွာကိုဝင်ရောက်လာစဥ်မှာ စစ်ကောင်စီစစ်သားတွေဟာ သေနတ်တွေနဲ့ရမ်းသမ်းပစ်ခတ်ဝင်ရောက်လာတာကြောင့် ရွာကနွားလေးကောင်ထိမှန်ခဲ့ပြီး တကောင်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

အဆိုပါစစ်ကြောင်းဟာ ကန်ရွာကိုမဝင်ရောက်မီ ရွာအရှေ့ဘက် မှာဒေသခံကာကွယ်ရေးပူးပေါင်းတပ်တွေရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရပြီး စစ်ကောင်စီအဖွဲ့လေးဦးသေဆုံးခဲ့တယ်လို့ ဂန့်ဂေါခရိုင် တပ်ရင်း ၁ တာဝန်ရှိသူကပြောဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ကန်ရွာအတွင်းမှာ မွှေနှောက်နေတာကြောင့် အိမ်ခြေတထောင်ကျော်ရှိတဲ့ ကန်ကျေးရွာက အရပ်သားရှစ်ထောင်ဝန်းကျင်ရွာထဲကိုမဝင်ရဲဘဲ ဘေးလွတ်ရာနေရာတွေမှာ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။